ကျေးလက်ဒေသ အတွက်ရွေးကောက် ပွဲကော်မရှင် ဘာတွေလုပ်နေလဲ

ကျေးလက်ဒေသ အတွက်ရွေးကောက် ပွဲကော်မရှင် ဘာတွေလုပ်နေလဲ

ကျေးလက်မှာ ရွေးကောက်ပွဲ အတွက် ကော်မရှင်က ဘာတွေပြင်ဆင်နေသလဲ ကျေးလက်က လူငယ်တွေ ဘာတွေပြောသလဲဆို တာကို ပဲခူးတိုင်းရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့ရဲ့ တာဝန်ခံ ကိုလင်းနိုင်ဦးကို မဇ္ဈိမက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး - ပဲခူးတိုင်း ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့ အနေနဲ့ လက်ရှိ လုပ်ဆောင်မှုတွေ ဘာတွေရှိလဲ။

ဖြေ - ကျွန်တော်တို့ အဖွဲ့အနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းတွေ ပဲခူးတိုင်း က ကျေးရွာတွေ ထိဆင်းပြီး လုပ်တယ်။ နောက်ပြီး ၊မဲစာရင်း တွေကို စောင့်ကြည့်တာတွေလည်း လုပ်ပါတယ်။

မေး - မဲစာရင်းတွေ စောင့်ကြည့်တယ်ဆိုတော့ ဘယ်လို အကြောင်းအရာတွေ ထူးခြားတာရှိလဲ။

ဖြေ - မဲစာရင်း စတင်ကြေညာတဲ့ အချိန်ကနေပြီး တချို့ဒေသတွေမှာဆိုရင် သုံးရက် လေးရက်ထိ ကပ်မထားတာ တွေ့ရတယ်။ ကပ်တဲ့နေရာမှာလည်း အမြင့်ပေါ်မှာကပ်တာ၊ အထပ်လိုက် ကပ်ထားတာတွေလည်း တွေ့ရတယ်။ တစ်ရွက်ချင်း ကပ်တဲ့မြို့နယ် ရှိသလို အထပ်လိုက်ကပ်တဲ့ မြို့နယ်တွေလည်း ရှိတယ်။ ပဲခူးမြို့မှာ ၃၁ ရပ်ကွက် ရှိတယ်။ အဲဒီမှာ ၂၅ ရပ်ကွက်လောက်က အထပ်လိုက် ကပ်ထားတာကို တွေ့ရတယ်။

မေး - အဲဒီလိုတွေ့ရတော့ အစ်ကိုတို့ အဖွဲ့က ဘယ်လို ဆက်လက်ဆောင်ရွက်လဲ။

ဖြေ - ကျွန်တော်တို့အနေနဲ့ သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်တွေကို အကြောင်းကြားတယ်။ တချို့မြို့နယ်တွေကတော့ ပြန်ပြင်ပေးတယ်။ တစ်ချို့ပြောတာကတော့ မဲရုံကျဉ်းလို့ ဆိုတဲ့ အကြောင်းပြချက်ပေးပါတယ်။

မေး - နောက်ပြီး မဲစာရင်းထဲမှာကော မှန်ကန်မှုရှိတာတွေ့လား။

ဖြေ - မဲစာရင်းစိစစ်တဲ့ အဖွဲ့တွေ လည်းရှိပါတယ်။ မဲရုံအားလုံးကို မစိစစ်နိုင်ဘူး။ တချို့စိစစ်မိတာတွေမှာ တွေ့တာတချို့ရှိတာက ရပ်ကွက်တစ်ခုမှာဆိုရင် တစ်လမ်းလုံး ပျောက်သွားတာတို့ မိသားစု ၂၀ လောက် ရဲ့ နာမည်တွေ မပါတာတို့ တွေ့ရတာရှိတယ်။ မဲစာရင်းမှာလည်း စိစစ်တဲ့နေရာမှာ နာမည် စာလုံးပေါင်း မှားတာတွေလည်း ရှိပါတယ်။

မေး - အဲလိုမျိုးတစ်လမ်းလုံး ပျောက်သွားတာမျိုးကို ကာယကံရှင်တွေကကော သွားပြီး ပြင်ဆင်တာရှိလား။

ဖြေ - ကျွန်တော်တို့ အရင်ဆုံး ကာယကံရှင်တွေဆီ အရင်သွားပြီး အမည်စာရင်းတွေ မဲစားရင်းမှာ မပါဘူးဆိုတာ သွားပြော ပါတယ်။သူတို့ကလည်း ပြင်လည်းပြင်ပါတယ်။ ပြင်ဖို့ ရပ်ကွက်ကော်မရှင် ရုံးကိုသွားတဲ့အခါမှာ ပုံစံသုံးကို ဖြည့်ဖိ့ု ကော်မရှင်မှာ ပုံစံစာရွက် မရှိဘူး။ သူတို့ပြောတာကတော့ မြို့နဲ့ အလှမ်းဝေးတဲ့အတွက် မိတ္တူစက်တွေ မတ္တူဆိုင်တွေ မရှိလို့ ပုံစံ ၃ စာရွက်တွေ မရှိဘူး။ သူတို့မှာ နမူနာ တစ်ရွက်ပဲရှိတယ်လို့ ပြောတယ်။ ရိုးရိုးစာရွက်မှာပဲ ရေးခဲ့ပါလို့ပြောတယ်။ ဒါတွေက တရားမဝင်ဘူးပေါ့ ဗျ။ အဲဒီ့ပြဿနာက ကော်မရှင်က တာဝန်ရှိနေတယ်။

မေး - အခု အဲဒီလို ရိုးရိုးစာရွက်မှာ ရေးခဲ့တဲ့ သူတွေကော မဲစာရင်းမှာ ပြန်ပါပြီလား။

ဖြေ - မပါသေးဘူးခင်ဗျ၊ မဲစာရင်းမှာ ပြန်ဖြည့်ပြီး ပြန်ကတ်ပေးတာမရှိဘူး။ ဥပဒေအရ တော့ ၁၄
ရက်အတွင်းမှာ လုပ်ပေးရမယ်။ တိုင်းကော်မရှင်နဲ့ တွေ့တဲ့အခါမှာတော့ ချက်ချင်းလုပ်ပေးမယ်လို့ ပြောထားတယ်။ ဒါပေမယ့် တကယ့်ရပ်ကွက် အောက်ခြေတွေမှာ အဲဒီပြဿနာတွေ အများကြီး တက်လာတယ်။ ဒါပေမယ့် မဖြေရှင်းပေးနိုင်သေးဘူး။

မေး - မဲစာရင်းနဲ့ပတ်သက်ပြီး တခြားထူးခြားတဲ့ တွေ့ရှိမှုတွေကော ရှိသေးလား။

ဖြေ - နောက်တစ်ခု ထပ်တွေ့တာက သနပ်ပင်မြို့နယ်မှာဆိုရင် မဲစာရင်းမှာ နာမည်တော့ပါတယ်။ မှတ်ပုံတင်နံပတ်တွေ မပါဘူး။ မှတ်ပုံတင်က ရိုက်ပြီးသား ဒါပေမယ့် သူတို့လက်ထဲမှာမရှိဘူး။ ကျွန်တော်တို့ ဒါကိုတွေ့တော့ မြို့နယ် ကော်မရှင်ကို အကြောင်း ကြားတယ်။ တချို့မြို့နယ် ကော်မရှင်တွေကတော့ ကျွန်တော့်တို့နဲ့ ပူးပေါင်းဆောင်ရွက်တာရှိပါတယ်။

မေး - မဲစာရင်း ကပ်တာတွေကကော ဒေသမှာ သက်ရောက်မှုရှိလား။

ဖြေ - မဲစာရင်းကပ်တဲ့ နေရာအချို့ကတော့ သက်ရောက်မှုရှိတယ်။ အချို့နေရာတွေကတော့ တမင်မကြည့်ဖြစ်အောင် ကပ်ထား သလားထင်ရတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆို။ ရပ်ကွက်ရုံးလည်း မဟုတ် ကော်မရှင်ရုံးလည်း မဟုတ်ဘူး။ ရွာပြင်က ဓမ္မာရုံမှာ ကပ်ထားတာကိုလည်း တွေ့ရတယ်။ လေးငါးရွာလောက် ကိုစုပြီး အဲဒီဓမ္မာရုံမှာကပ်တယ်။ တချို့ရွာတွေက အဲဒီ့ကို လှေနဲ့ လာကြည့်ရတာမျိုး ရှိတယ်။

မေး - ကျေးလက်တွေကို ဆင်းတဲ့နေရာမှာ လူငယ်တွေ ပါဝင်မှုတွေကိုကော ဘယ်လိုတွေ့ရလဲ။

ဖြေ - လူငယ်တွေပါဝင်လာမှုက လက်ရှိ ရှစ်မြို့နယ်ကို ဆင်းတဲ့အခါမှာ လူငယ်တွေ ပါဝင်လာမှုနည်းတာ ကိုတွေ့ရတယ်။ နယ်တွေမှာ အမျိုးသမီးကြီးတွေရဲ့ ပါဝင်မှုကိုတော့ အားရတယ်။ လူငယ်တွေပါဝင်မှုကတော့ အားနည်းနေတာပေါ့နော်။

မေး - လူငယ်တွေ စိတ်ပါဝင်စားမှု အားကောင်းလာအောင် ဘယ်လိုလုပ်သင့်လဲ။

ဖြေ - လူငယ်တွေ အတွက် အွန်လိုင်းက ဖေ့ဘွတ်က တဆင့် အသိပညာပေးတာတွေ လုပ်သင့်တယ်။ လူငယ်တော်တော် များများက အွန်လိုင်းသုံးလာကြပြီလေ။

မေး - အွန်လိုင်းမသုံးတဲ့ကျေးလက်က လူငယ်တွေအတွက် ဆိုရင်ကော။

ဖြေ - ကျေးလက်က လူငယ်တွေ က ဘောလုံးပွဲတွေ ကို စိတ်ဝင်စားကြတာ တွေ့ရတယ်။ ကျွန်တော်တို့ သွားတုန်းကဆိုဘောလုံး ပွဲရှိနေလို့လူငယ်တွေမလာကြဘူး။ဒီလိုလည်းကြုံခဲ့ဖူးတယ်။သမ္မတကြီးကဘောလုံးပွဲပထမပိုင်းအပြီးမှာဝင်ပြီး အားပေးစကားပြော တာမျိုး လုပ်လိုက်တဲ့အတွက် သမ္မတကြီးရဲ့ အစီအစဉ်က တော်တော်ထိရောက်သွားတယ်။ အဲလိုမျိုးပဲ တကယ် စေတနာရှိတယ်။ တကယ်သိစေချင်တယ်ဆိုရင် လူငယ်တွေ ကြားထဲကို ဘယ်လိုပုံစံမျိုးနဲ့ ရောက်မလဲဆိုတာ စဉ်းစားပြီး ဆောင်ရွက်ပေးသင့် ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags