မငြိမ်းချမ်းသော လူ့အဖွဲ့အစည်းသည် ဘယ်တော့မှ ကြီးပွားလာမည်မဟုတ်ဟု ကိုဖီအာနန် ပြောကြား

မငြိမ်းချမ်းသော လူ့အဖွဲ့အစည်းသည် ဘယ်တော့မှ ကြီးပွားလာမည်မဟုတ်ဟု ကိုဖီအာနန် ပြောကြား

စစ်တွေ၊ စက်တင်ဘာ ၆ ရက်။             ။ အလွန်တရာကြီးမားပြီး ဖြေရှင်းရ ခက်ခဲနေသည့် လူမျိုးစုနှစ်ခု အကြားဖြစ်ပွားနေသော တင်းမာမှုများ၊ ပဋိပက္ခများအား စေ့စပ်ညှိ နှိုင်းပေးနိုင်ရေး အတွက် ရခိုင်ပြည်နယ်အရေး အကြံပေး ကော်မရှင်တစ်ခုကို မကြာသေးမီ ရက်ပိုင်းအတွင်းက ဖွဲ့စည်းလိုက်ပြီး ကော်မရှင်ဥက္ကဌနေရာကို တာဝန်ယူထားသည့် ယခင်ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးဟောင်း မစ္စတာ ကိုဖီအာနန်နှင့် အဖွဲ့သည် ရခိုင်ပြည်နယ်စစ်တွေမြို့သို့ရောက်ရှိနေစဉ် အစိုးရအဖွဲ့ဝင်များနှင့် လူမှုအဖွဲ့စည်းများ တွေ့ဆုံမှုပြုလုပ်ရာတွင် "မငြိမ်းချမ်းသော လူ့အဖွဲ့အစည်းသည် ဘယ်တော့မှ ကြီးပွားလာမည်မဟုတ်ကြောင်း" ကိုဖီအာနန်က ထည့်သွင်းပြောကြားခဲ့သည်။

ယင်းအပြင် လက်ရှိတွင် တည်ငြိမ်မှု မရရှိနိုင်သည့် ရခိုင်ပြည်နယ်အရေးနှင့် ပါတ်သက်ပြီး လူအုပ်စုနှစ်ခုအကြား ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပွားနေခဲ့သည့် မယုံကြည်များကိုလည်း တရားမျှတသော နည်းလမ်းများကို ရှာဖွေ အသုံးပြုကာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မိမိတို့ အနာဂတ်တည်ငြိမ်အေးချမ်းမှုများ ရရှိလာစေဖို့အတွက် မိမိတို့ ကိုယ်တိုင်ဖြေရှင်းကြရမည်ဖြစ်ကြောင်း ကိုဖီအာနန်က ဆိုသည်။

“လက်ရှိမှာ ဖွဲ့စည်းလိုက်တဲ့ ရခိုင်အရေး ဖြေရှင်းရေးကော်မရှင်အနေနဲ့ အကောင်းဆုံးသော နည်းလမ်းတွေကိုရှာဖွေပြီး ရခိုင်ပြည်နယ်အရေး ကိစ္စရပ်တွေကို ဖြေရှင်းဆောင်ရွက်ပေးသွားမယ့် အပြင် ဒေသဖွံ့ဖြိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ တိုးတက်ရေး၊ လူမှုဘဝအခြေအနေများ ကောင်းမွန်လာစေရေးတို့ အတွက်လည်း ကျွန်တော်တို့အနေနဲ့ ကိုဖီအာနန်ဦးဆောင်တဲ့ကော်မရှင်နှင့် ပူးပေါင်းပြီးတော့ အစွမ်းကုန်ကြိုးစားဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။” ဟု နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး ဝန်ကြီး ဦးကျော်သက်ဆွေကပြောသည်။

ထို့အပြင် ရခိုင်ပြည်နယ်သည် ရခိုင်ဘုရင့်နိုင်ငံတော်၏ နေပြည်တော်တစ်ခုဖြစ်ပြီး ရခိုင်ပြည်နယ်၏ကြီးမားသည့် အလားအလာများကို ဖော်ဆောင်နိုင်ရန်အတွက် စိန်ခေါ်မှုများကိုလည်း အကောင်းဆုံးသော နည်းလမ်းများဖြင့် ကိုင်တွယ်ဖြေရှင်းပေးရန်လိုအပ်ကြောင်းနှင့် ပဋိပက္ခနှင့် အခက်အခဲများကို မည်သို့ဖော်ဆောင်နိုင်မည်ကိုလည်း မိမိအနေဖြင့်စဉ်းစားပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကိုဖီအာနန်ကဆိုသည်။

“ဒီကိစ္စရပ်တွေကို ယခင်ကလည်း ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့လည်း ယခင်လုပ်ထားပြီးတဲ့ဟာတွေကို ကြည့်ရှုပြီးတော့ ဆောင်ရွက်သွားမှာပါ။ ဆောင်ရွက်တဲ့အခါမှာလည်း ရခိုင်ပြည်နယ်မှာရှိတဲ့ လူမှုရေးဘာသာရေး၊ စတဲ့အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီးတော့ဆောင်ရွက်သွားမှာဖြစ်သလို ကော်မရှင် ဥက္ကဌအနေနဲ့လည်း ကော်မရှင်ရဲ့ကိစ္စရပ်နဲ့ ညှိနှိုင်းပေါင်းစပ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ရယ်၊ နိုင်ငံတကာ အသိုက်အဝန်းတွေကိုလည်း အပြုသဘောနဲ့ ပါဝင်လာအောင် တိုက်တွန်းသွားမှာဖြစ်ပါတယ်။”ဟု ကိုဖီအာနန်က ဆက်လက်ပြောကြားခဲ့သည်။

ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသအတွက် လာရောက်ဆောင်ရွက်ရာတွင် စုံစမ်းစစ်ဆေးပြီး အကူအညီပေးခြင်းများကိုလည်း ပြီးဆုံးအောင် ဆောင်ရွက်ပေးစေလိုကြောင်း အားလုံးအတွက် ကောင်းမွန်သည့် အနေအထားတစ်ခုအဖြစ် ရေရှည်ဆောင်ရွက်ရမည့် ကိစ္စဖြစ်နေသည့်အတွက် ကြိုးစားဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကပြောသည်။

“ကျွန်တော်တို့က ဒီကော်မရှင်ကို ကန့်ကွက်နေတဲ့ကြားထဲက လာရောက် တွေ့ဆုံခြင်းဖြစ်ပါတယ်။ သိပ်ကျေနပ်မှု ရှိတာမဟုတ်ဘူး။ ဒါပေမယ့် ယဉ်ကျေးမှု တစ်ခုအရ လာတွေ့မယ်။   ပြောပြစရာတွေကိုတော့ ပြောပြမယ်ဆိုပြီး ဒီအခမ်းအနားကို လာရောက်ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ဘာမှပြောခွင့်မရှိဘဲ ကျွန်တော်တို့ကို လာထိုင်ခိုင်းပြီးတော့ လက်ခုပ်တီးပြီးပြန်ခိုင်းတာဟာ ရခိုင် တိုင်းရင်းသားတွေကို စော်ကားရာရောက်ပါတယ်။ ဒီလုပ်ရပ်ဟာ ဒီကော်မရှင်ကို ပိုပြီးတော့ အခက်အခဲကြုံတွေ့စေပါလိမ့်မယ်။ အဲဒါဟာ ဘယ်သူ့အပေါ်မှာတာဝန်ရှိသလဲဆိုတာကိုတော့ မပြောနိုင်ဘူး။  ဒီရုံးထဲမှာဘဲဆက်နေပြီးတော့ လုပ်သင့်တာတွေကိုလုပ်သွားမှာဖြစ်ပါတယ်။”ဟု ရခိုင်လူမှုအဖွဲ့အစည်းဝင် တစ်ဦးဖြစ်သူ ဦးသန်းထွန်းကပြောသည်။

ဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးပေးရန်အတွက် လူမှုအဖွဲ့အစည်းများအား ဖိတ်ကြားထားခဲ့ရာ တက်ရောက် လာခဲ့ကြသည့် အဖွဲ့အစည်းများအနေဖြင့် ကော်မရှင်နှင့် တစ်စုံတစ်ရာဆွေးနွေးခွင့်   အကြံပြုခွင့်များ မရရှိခဲ့သည့်အတွက် ရခိုင်ပြည်သူများ အနေဖြင့် အဆိုပါကော်မရှင်အပေါ်တွင် ယုံကြည်မှု လုံးဝ ပပျောက်သွားမည်ဖြစ်ကြောင်း အစပိုင်းတွင် ၎င်းတို့ အနေဖြင့် ကော်မရှင် အပေါ်တွင် ယုံကြည်မှု တစ်စုံတစ်ရာရှိနေခဲ့ပြီး လုပ်ကိုင်ဆောင်ရွက်၍ ရလိမ့်မည်ဟု ယုံကြည်ထားခဲ့သော်လည်း ယခုကဲ့သို့ပြန်လည်ဆွေးနွေးခွင့် မရရှိသည့်အတွက် ယုံကြည်မှုမရှိတော့ပြီဖြစ်ကြောင်း အစည်းအဝေးသို့ တက်ရောက် လာခဲ့ကြသည့် မြို့မိမြို့ဖများ၊ လူမှုအဖွဲ့အစည်းခေါင်းဆောင်များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly