ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် ကိုဖီအာနန် ရခိုင်တွင် ဆန္ဒပြခံရ

ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် ကိုဖီအာနန် ရခိုင်တွင် ဆန္ဒပြခံရ

စစ်တွေ၊ စက်တင်ဘာ ၆ ရက်။                       ။  ရခိုင်ပြည်နယ်ရေးရာ အကြံပေးကော်မရှင်အဖွဲ့ ဥက္ကဌ ၊ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးဟောင်း၊ ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင် ကိုဖီအားနန်နှင့် အဖွဲ့တို့သည် ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့သို့ရောက်ရှိခဲ့ရာ စစ်တွေမြို့ခံ လူထုတစ်ထောင်ကကျော်ခန့်တို့က ကိုဖီအာနန်ဦးဆောင်သော အဆိုပါကော်မရှင်ကို လက်မခံကြောင်း ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

အဆိုပါခရီးစဉ်တွင် ကော်မရှင်ဥက္ကဌ ကိုဖီအာနန်အပြင် ကော်မရှင်အဖွဲ့ဝင်များ၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေတို့လည်းပါဝင်ကြောင်းနှင့် နံနက်ကိုးနာရီ ၂၀ အချိန်တွင် စစ်တွေသို့ရောက်ရှိကာ ဖိတ်ကြားထားသည့် စစ်တွေမြို့ရှိ လူမှုအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ INGOs အဖွဲ့အစည်းများ၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့တို့နှင့် အစိုးရအဖွဲ့ရုံးတွင် ရခိုင်အရေးနှင့် ပတ်သက်ပြီးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

“ကျွန်မတို့ အခုဆန္ဒဖော်ထုတ်ရတာဟာ ကိုဖီအာနန်မလာခင်တုန်းကလည်း ကန်တာနားတို့၊ ရန်ဟီးလီတို့လာခဲ့ပြီးပါပြီ။ သူတို့ဟာ ရခိုင်ဒုက္ခသည်တွေ အများကြီးရှိနေပါလျက်နဲ့ ရခိုင်တွေကို   ဖော်ပြတာများမလုပ်ဘဲ ဘင်္ဂလီဒုက္ခသည်တွေဟာ ရခိုင်ပြည်နယ်မှာ အများကြီး ဒုက္ခရောက်နေတယ်ဆိုပြီးတော့ ကုလသမဂ္ဂမှာ ပြောဆိုတာတွေရှိတယ်။ နိုင်ငံတကာစာမျက်နှာတွေမှာ ရခိုင်ဒုက္ခသည်တွေရဲ့အရေးဟာ ပျောက်ကွယ်သွားပြီးတော့ ဘင်္ဂလီတွေရဲ့ အရေးရှေ့တန်းကိုရောက်လာတဲ့အတွက် ကျွန်မတို့ ရခိုင်တွေဟာ အများကြီးနစ်နာမှုရှိတဲ့အတွက် ဆန္ဒဖော်ထုတ်ရတာဖြစ်ပါတယ်။” ဟု ဆန္ဒပြခေါင်းဆောင် ဒေါ်ကျော့မေကပြောသည်။

ယင်းအပြင် မစ္စတာကိုဖီအာနန်နှင့်အဖွဲ့တို့သည် ရခိုင်ပြည်နယ်သို့လာရောက်ခြင်းမှာ ရခိုင်အရေး ဖြေရှင်းနိုင်ရေးတို့အတွက် လူမှုအဖွဲ့အစည်းနှစ်ခု အကြားရှိ တင်းမာနေမှုများအား ဖြေရှင်းပေးနိုင်ရန် လာရောက် လေ့လာစုံစမ်းခဲ့ခြင်းဖြစ်ကြောင်းနှင့် စက်တင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ လူမှုအဖွဲ့အစည်းများနှင တွေ့ဆုံဆွေးနွေးခဲ့ပြီး နေ့လည်ပိုင်းတွင် ဗုဒ္ဓဘာသာရေး   ခေါင်းဆောင်များဖြစ်သည့် သံဃာတော်များနှင့် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ပြီး ၇ ရက်နေ့တွင် အစ္စလာမ် ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီကော်မရှင်ကို ပယ်ဖျက်ပေးဖို့တောင်းဆိုရတာဟာ ပထမအဖွဲ့တွေတုန်းကလည်း ကျွန်မတို့ ရခိုင်ပြည်သူတွေကို အများကြီးချိုးနှိမ်းပြီးတော့ လုပ်ခဲ့တဲ့အတွက်ကြောင့် ရခိုင်ပြည်သူတွေက သူတို့ကို လုံးဝလက်မခံနိုင်တော့ဘူး။ လက်ခံနိုင်တဲ့အကြောင်းရင်းကလည်းပဲ အကြိမ်ကြိမ်အခါခါ ခံစားဖူးပြီးပြီ။ အဲလိုမျိုး မတရားဘက်လိုက်မှုတွေကို တွေ့နေရတဲ့အတွက် ဒီကော်မရှင်ကို ဖျက်သိမ်းပေးဖို့   တောင်းဆိုရတာပါ။” ဟု ဆန္ဒပြသူများက ပြောသည်။

သို့သော် အကြံပေးကော်မရှင်တွင် ဥက္ကဋ္ဌဖြစ်သူ ကိုဖီအာနန်ကမူ “ကော်မရှင်ဟာ ဘက်လိုက်မှုလုံးဝမရှိဘဲ အစွမ်းကုန်ကြိုးစားပြီး စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေပေးပါမယ်” ဟု အာမခံထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း “ကော်မရှင်မှာ နိုင်ငံတကာက ပုဂ္ဂိုလ်တွေ ပါဝင်ဖွဲ့စည်းမှုနဲ့ ပတ်သက်လို့ အချုပ်အခြာအာဏာကို ထိခိုက်တယ်ဆိုပြီး တစ်ချို့က စိုးရိမ်မှုတွေရှိနေပါတယ်။ အချုပ်အခြာအာဏာကို လုံးဝ အထိခိုက်မခံပါဘူး။ ကျမတို့တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာဟာ ပြည်သူလူထုက ပိုင်တာပါ” ဟု စက်တင်ဘာ ၅ ရက်က အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနတွင် ကိုဖီအာနန်နှင့် တွေ့ဆုံစဉ် ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly