ရခိုင်ကော်မရှင်အနေဖြင့် ပြည်နယ်အရေးဖြေရှင်းရန် နည်းလမ်းများ ရှာဖွေပေးနိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်

ရခိုင်ကော်မရှင်အနေဖြင့် ပြည်နယ်အရေးဖြေရှင်းရန် နည်းလမ်းများ ရှာဖွေပေးနိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်
ဓာတ်ပုံ-သူရ
 

ရန်ကုန်၊စက်တင်ဘာ ၅ ။              ။ ရခိုင်ပြည်နယ် ဆိုင်ရာအကြံပေးကော်မရှင်အနေဖြင့် ရခိုင်ပြည်နယ်အရေး အဖြေထုတ်ရာတွင် နည်းလမ်းများ ရှာဖွေပေး နိုင်လိမ့်မည်ဟု   နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရခိုင်ပြည်နယ်အကြံပေး ကော်မရှင်ဥက္ကဋ္ဌ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဟောင်း  ကိုဖီအာနန်တို့ စက်တင်ဘာ ၅ ရက်နေ့က ရန်ကုန်မြို့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟို ဌာန၌ တွေ့ဆုံဆွေးနွေးခဲ့သည့် ပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်အရေးကိစ္စသည် မိမိတို့အားလုံးအတွက် အရေး ကြီးဆုံး ကိစ္စရပ်ဖြစ်နေကြောင်း၊ နိုင်ငံတော်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် ရခိုင်ပြည်နယ်အရေးက အလွန်အရေးကြီး ကြောင်း အဆိုပါ တွေ့ဆုံပွဲ အဖွင့်နှုတ်ခွန်းဆက်တွင် ထည့်သွင်း ပြောဆိုခဲ့သည်။

အနာဂတ်မြန်မာနိုင်ငံ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကျိုးရှိမည့် အကြံပြုချက်များ ကိုလည်း ပေးနိုင် လိမ့်မည်ဟု ယုံကြည်ပါကြောင်း ကိုဖီအာနန်က ပြောဆိုခဲ့သည်။

ကိုဖီအာနန် ဦးဆောင်သည့် ကော်မရှင်အနေနှင့် စက်တင်ဘာ ၆ ရက်နှင့် ၇ ရက်တို့တွင် ရခိုင်ပြည်နယ်သို့ သွားရောက် မည်ဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ ပြည်သူလူထုနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရသတင်း ထုတ်ပြန်ရေး ကော်မတီထံမှ သိရသည်။

ရခိုင်အင်အားကြီး ပါတီဖြစ်သည့် ရခိုင်အမျိုးသားပါတီအနေနှင့် ကိုဖီအာနန်ဦးဆောင်သည့် ကော်မရှင်ကို တွေ့ဆုံ ဆွေး နွေးသွားရန်မရှိကြောင်းနှင့် ထိုသိ့ုဆွေးနွေးမှုမရှိသည့်အတွက် ရခိုင်လူမျိုးများဘက်မှ ပြောပိုင်ခွင့် ဆုံးရှုံးနိုင်စရာ မရှိ ကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က စက်တင်ဘာ ၂ ရက်နေ့တွင် မဇ္ဈိမသို့ ပြောကြား ထား သည်။

အဆိုပါ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေး ကော်မရှင်ကို သြဂုတ်လ ၂၄ ရက်နေ့ ရက်စွဲ့ဖြင့် နိုင်ငံတော်အတိုင်ပင်ခံရုံးက ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံသား ၆ ဦး၊ နိုင်ငံတကာက ပညာရှင် ၃ဦး ပါဝင်ဖွဲ့စည်းထားပြီး ကုလသမဂ္ဂ အထွေ ထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်သည်။

သြဂုတ်လ ၃၀ ရက်နေ့က ကျင်းပသည့် ပြည်သူလွှတ်တော်အစည်းအဝေးတွင် ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူး ချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်အပါအဝင် ပြည်ပနိုင်ငံသားသုံးဦး ပါဝင်ဖွဲ့စည်းထားသည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပေးကော်မရှင် ကို မြန်မာနိုင်ငံသားများဖြင့်သာ ဖွဲ့စည်းရန် အရးကြီးအဆိုကို ပေါက်တော မဲဆန္ဒနယ်အမတ် ဦးအောင် ကျော်ဇံ က တင်သွင်းခဲ့ပြီး ပြည်သူ့လွှတ်တော်က လက်ခံခဲ့သည်။

ယင်းအဆိုကို စက်တင်ဘာ ၆ ရက်နေ့တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လက်ခံဆွေးနွေးသွား မည်ဖြစ်ပြီး ပါဝင်ဆွေးနွေးလိုသူ အမတ်ပေါင်း ၃၀ ကျော် စာရင်းပေးထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly