လူငယ်ရေးရာ မူဝါဒရေးဆွဲရာတွင် လူငယ်အသံပါဝင်ရန် အလုပ်ရုံဆွေးနွေးပွဲ ( ၄ )နေရာ ကျင်းပမည်

လူငယ်ရေးရာ မူဝါဒရေးဆွဲရာတွင် လူငယ်အသံပါဝင်ရန် အလုပ်ရုံဆွေးနွေးပွဲ ( ၄ )နေရာ ကျင်းပမည်

စက်တင်ဘာလ ၅၊ ၂ဝ၁၆ ။              ။ လူငယ်ရေးရာမူဝါဒ ရေးဆွဲရာတွင် လူငယ်များ၏ အသံပါဝင်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးရှိ ခရိုင် ၄ ခု တွင် အလုပ်ရုံဆွေးနွေးပွဲကို ၄ နေရာ ကျင်းပသွားမည်ဟု ရန်ကုန်လူငယ်ရေးရာမူဝါဒ ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ဒေါ်ရှင်းသန့် က မဇ္ဈိမသို့ ဖြေကြားသည်။

စက်တင်ဘာလ ၅ ရက် နံနက်ပိုင်းက  ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင်ဘုရားလမ်းထောင့်ရှိ Orchid Hotel တွင် ရန်ကုန် တိုင်းဒေသကြီး လူငယ်ရေးရာဖြစ်မြောက်ရေးအဖွဲ့က အစိုးရ၏ ရက်(၁ဝဝ) စီမံချက်ဖြင့် အကောင်အထည် ဖော်လုပ် ဆောင်နေသော လူငယ်ရေးရာမူဝါဒနှင့် ပတ်သက်၍ သတင်းအချက်အလက်များ အများပြည်သူထံ ပိုမိုရောက်ရှိ စေရန် နှင့် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ၊ အခက်အခဲများနှင့် ပူးပေါင်းပါဝင်နိုင်ရန် နည်းလမ်းများကို ရှင်းလင်းသည့် သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

"လူငယ်ရေးရာ မူဝါဒနဲ့ ပတ်သက်ပြီးတော့မှ ရန်ကုန်တိုင်း အတွင်းမှာရှိနေတဲ့ လူငယ်တွေရဲ့ လိုအပ်ချက်တွေ၊ စိုးရိမ်မှု တွေနဲ့ သူတို့မှာရှိနေတဲ့ အခက်အခဲတွေကို သိရှိနိုင်ဖို့အတွက် အလုပ်ရုံဆွေးနွေးပွဲကို ၄ ကြိမ်ခွဲပြီး ကျင်းပသွားမှာ ဖြစ် တယ်၊ ကျင်းပတဲ့အခါမှာ ပညာရေး၊ ကျန်းမာရေး၊ Gender Equality၊ နိုင်ငံသားကောင်း၊ ပြီးရင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စသဖြင့်ပေါ့နော်၊ အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကို ခေါင်းစဉ် ၁၂ခုနဲ့ လုပ်သွားဖို့ရှိတယ်၊ ပြီးရင် တက်ရောက် လာတဲ့ လူငယ်တွေက လိုအပ်တယ်၊ ဆွေးနွေးချင်သေးတဲ့ ခေါင်းစဉ်တွေ ရှိနေရင်လည်း ကျွန်မတို့က လမ်းဖွင့်ပေးထား တာမျိုး တွေရှိပါတယ်၊ "ဟု ဒေါ်ရှင်းသန့်က ပြောသည်။

အစိုးရ၏ ရက် (၁ဝဝ) စီမံကိန်းနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဦးဆောင်ကာ အလုပ်ရုံ ဆွေးနွေးပွဲများမှ ရရှိလာသော အချက်အလက်များကို ခြုံငုံ၍ တိုင်းနှင့် ပြည်နယ် အသီးသီးရှိ လူငယ်များနှင့် ပူးပေါင်းပြီး လူငယ်ရေးရာမူဝါဒကို ရေးဆွဲရန်ရှိကြောင်း အဆိုပါသတင်း စာရှင်း လင်းပွဲမှသိရသည်။

ယင်းသို့ မူဝါဒ ရေးဆွဲရာတွင် ရန်ကုန်တိုင်း ဒေသကြီးမှ ကိုယ်စားပြုသွားရောက်မည့် လူငယ်နှစ်ဦးကို ရရှိထားသော အ ချက် အလက်များကိုပေးပြီး ဥပဒေမူကြမ်း ကော်မတီတွင် ထည့်သွင်းရေးဆွဲ   စေမည်ဖြစ်ကြောင်းလည်း သိရသည်။

"လူငယ်ရေးရာမူဝါဒမှာ ဘယ်လိုအချက်အလက်တွေပါဝင်လည်းဆိုတော့ ဝန်ကြီးဌာနက ပေးထားတဲ့ အချက်အလက် တွေပါ ဝင်တယ်၊ အဓိက ၄ ချက်တော့ရှိတာပေါ့၊ လူငယ်နဲ့ လူ့အခွင့်အရေးတွေပါမယ်၊ လူငယ်နဲ့ မှုယစ်ဆေးဝါး၊ လူငယ်နဲ့ ငြိမ်းချမ်းရေး၊ လူငယ်နဲ့ သဘာဝပတ်ဝန်းကျင် ဒါတွေကတော့ အဓိကပေါ့၊ ကျွန်တော်တို့ ပွဲလုပ်မှာကျတော့ လူငယ်တွေ အနေနဲ့ ဘာတွေထပ်ပြီးတော့ ဆွေးနွေးချင်လဲ၊ သူတို့အသံတွေ ဘာတွေထပ်ပြီးရှိနေမလဲဆိုတာတွေကို ပွဲတွေက တစ် ဆင့် ခေါင်းစဉ်တွေ ထုတ်ဖော်ပြီးတော့ ဆွေးနွေးသွားမှာဖြစ်ပါတယ်၊ "ဟု  ရန်ကုန်လူငယ်ရေးရာမူဝါဒ ဖြစ်မြောက်ရေး ကော်မတီ အဖွဲ့ဝင် ဦးထက်အာကာလတ်က ဆိုသည်။

အလုပ်ရုံ ဆွေးနွေးများပွဲကို စက်တင်ဘာလ ၁ဝ ရက်နေ့တွင် အင်းစိန်မြို့နယ်ရှိ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်း၊ ၁၁ ရက်နေ့တွင် စမ်းချောင်းမြို့နယ်ရှိ မူကြို(၄)၊ ၂၄ ရက်နေ့တွင် တာမွေမြို့နယ်ရှိ မူကြို(၅)နှင့် ၂၅ ရက်နေ့ တွင် သင်္ကန်း ကျွန်းမြို့နယ်ရှိ မူကြို တစ်ကျောင်း စသည့် ၄ နေရာတွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly