ကြော်ငြာကို ပြည်တွင်းမှာပဲရိုက်ခွင့်ကန့်သတ် သတ်မှတ်သင့်တယ်လို့ အကြံပြုတဲ့ ရုပ်ရှင်ဒါရိုက်တာ မလိခ စိုးထိုက်အောင်

05 September 2016
ကြော်ငြာကို ပြည်တွင်းမှာပဲရိုက်ခွင့်ကန့်သတ် သတ်မှတ်သင့်တယ်လို့ အကြံပြုတဲ့ ရုပ်ရှင်ဒါရိုက်တာ မလိခ စိုးထိုက်အောင်

ကျွန်မတို့ အရင်တုန်းက ရုပ်မြင်သံကြားတွေကို ကြည့်မယ်ဆိုရင် ကြော်ငြာတွေ၊ ဒီကြော်ငြာတွေကို ကြည့်မယ်ဆိုရင် ရုပ်မြင်သံကြားရဲ့ထောင့်မှာ ဒါရိုက်တာ မလိခ စိုးထိုက်အောင်ဆိုပြီးတော့ အမြဲတမ်း တွေ့တယ်ရှင့်။ အခုဆိုလို့ရှိရင် ဒါရိုက်တာ မလိခ စိုးထိုက်အောင်ဆိုပြီးတော့ ရုပ်မြင်သံကြား ကြောငြာအသစ်တွေ မတွေ့ရတော့ဘူးရှင့်။ ဆက်ပြီးတော့ မရိုက်ဖြစ်တော့တာလား ဒါမှမဟုတ်ရင် ဘယ်လိုအခြေအနေကြောင့်လဲဆိုတာ အရင်ဆုံး ပြောပြပေးပါလား။

ရိုက်ဖြစ်တာလည်းရှိတယ်။ ပြောရရင်တော့ အရင်လို မရိုက်ဖြစ်တော့ဘူးပေါ့။ ရိုက်ဖြစ်တာတော့ နည်းတယ်။ ဒါပေမယ့် ရိုက်ဖြစ်တဲ့အခါမှာကျတော့ နောက်ပိုင်းမှာ တချို့တွေကျတော့လည်း   အေဂျင်စီတွေဘာတွေက အဲလို နာမည်တပ်တာတွေ မကြိုက်ကြဘူး။ အဲဒီတော့ မတပ်ဖြစ်တာလည်း ပါတယ်။ ဒါကလည်း တစ်ပိုင်းပေါ့နော်။ နောက်ပြီး ရိုက်တာလည်း နည်းသွားတယ်။ နည်းတာကလည်း ကျွန်တော်ကျန်းမားရေးကြောင့် မရိုက်ဖြစ်တာလည်း ပါတယ်။

ဆိုတဲ့အခါကျတော့ ကြောငြာ အေဂျင်စီတွေနဲ့ ကုမ္ပဏီတွေဘက်က ပုံစံပြောင်းလာလို့လားရှင့်။ အဲဒီအပေါ်မှာ နည်းနည်းလောက် ရှင်းပြပေးပါလား။

အရင်တုန်းကတော့ ဟိုးအရင် ကျွန်တော်တို့ စရိုက်တဲ့အချိန်တုန်းကတော့ အေဂျင်စီဆိုတာ မရှိဘူးပေါ့နော်။ အခုနောက်ပိုင်းမှာတော့ အေဂျင်စီတွေက Percentage တော်တော် များလာတယ်ပေါ့နော်။ တဖြည်းဖြည်း ပုဂ္ဂလိက ရွေးချယ်မှုနဲ့ အေဂျင်စီ ရွေးချယ်မှုမှာ အေဂျင်စီရွေးချယ်မှုက ပိုများလာတယ်။ ပြောချင်တာက ပုဂ္ဂလိက ရွေးချယ်မှုမှာတုန်းကတော့ သူတို့ကတော့ ရှင်းတယ်။ ဒီဒါရိုက်တာ၊ ဒီမင်းသား၊ ဒီမင်းသမီးနဲ့ သူတို့ရိုက်မယ်ဆိုပြီး သူတို့ ရွေးချယ်တယ်ပေါ့နော်။ ကြောငြာကတော့ ကျွန်တော်တို့ဆီမှာ ရေစီးတော့ ပြောင်းသွားပါတယ်။ ဟိုတုန်းကတော့ ဆိုလိုက် ကလိုက်ပေါ့။ အခုတော့ နဲနဲပြောင်းသွားတယ်ပေါ့။ ဒါပေမယ့် တွဲကတာတွေ မရှိတော့ဘူးလားဆိုတော့လည်း ကျွန်တေ်ာတို့ အိန္ဒိယကြောငြာတွေမှာ ယနေ့ထိ ဆိုလိုက် ကလိုက်ဆိုတာ ရှိနေတာပဲ။ အဲတော့ ဆိုလိုက်ကလိုက်ကပဲ မှန်တာလား၊ အခုခေတ်ပုံစံကပဲ မှန်တာလား ပြောရရင်တော့ အကုန်လုံးမှန်ပါတယ်။ ကိုယ့်ရဲ့ ကုန်ပစ္စည်းက ဘယ် Target လည်းပေါ့။ Target က ဘယ်လိုဟာမျိုးကို ကြိုက်သလဲပေါ့။ သူတို့ကြိုက်မှ ကိုယ့်ပစ္စည်း ဝယ်မှာဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ပစ္စည်းကို လုပ်ငန်းရှင်က ပေးဖို့ပဲ လိုအပ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

ဒါဆိုလို့ရှိရင် မြန်မာနိုင်ငံရဲ့ ကြော်ငြာရိုက်ကူးမှုပုံစံက လူပုဂ္ဂိုလ်ပေါ်မှာ ခုနက အန်ကယ်ပြောသလိုပဲ အရင်တုန်းကဆို ဒွေးတို့ ထက်ထက်မိုးဦးတို့ လွင်မိုးတို့ အခုနောက်ပိုင်းဆိုရင် ဝတ်မှုံရွှေရည်တို့အထိ ဖြစ်လာတယ်ပေါ့။ အဲဒါကျတော့ တချို့ဆိုရင် ပြောကြတယ်။ သရုပ်ဆောင်က အရင်ပေါက်သွားတယ် ဆိုတာမျိုးတွေ ပြောကြတယ်ရှင့်။ အဲတော့ ဆရာကိုယ်တိုင်လည်း ကုမ္ပဏီတွေဘက်က ဒီသရုပ်ဆောင်နဲ့ ဒီမင်းသားနဲ့ ဒီမင်းသမီးနဲ့ ရိုက်ပေးပါဆိုတာမျိုး ဆရာအနေနဲ့ ကြုံဖူးမှာပဲရှင့်။ အဲတော့ အရင်တုန်းက အခြေအနေနဲ့ အခုအခြေအနေကို ခြုံငုံပြီးတော့ နဲနဲလောက် ပြောပြပေးပါလာ။

အရင်တုန်းကတော့ ကုမ္ပဏီတွေက ဘယ်မင်းသားနဲ့ ဘယ်မင်းသမီးနဲ့ ရိုက်ပါဆိုတာ အဓိက လာတယ်ပေ့ါနော်။ အခု နောက်ပိုင်းကျတော့ လာတဲ့သူလည်း ရှိသလို မလာပဲနဲ့ တချို့အသစ်ကလေး သူတို့လိုချင်တဲ့ အသစ်ကလေးတွေနဲ့ ရိုက်မယ်ဆိုတာလည်း ပေါ်လာတယ်။ အဲလိုအပိုင်းမှာတော့ ကွာလာတယ်ပေါ့။ တချို့ဟာတွေကျတော့လည်း Story ကို ပေးလိုက်တယ်။ ကျွန်တော်တို့ကို သရုပ်ဆောင် ရွေးခိုင်းတယ်။ ရွေးခိုင်းပြီးတော့မှ ဒါက ဘယ်သူနဲ့လိုက်တယ် ဘယ်သူနဲ့လိုက်တယ် ကျွန်တော်တို့က အကြံပေးတယ်။ အဲဒီအပေါ်မှာမှ သူတို့က ရွေးချယ်ပြီးတော့ ရိုက်တာတွေလည်း ရှိတယ်။

ဟုတ်ကဲ့ရှင့်။ လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းကပေါ့ ကြားဖြတ်ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက အခြေအနေမှာဆိုလို့ရှိရင်လည်း ကြော်ငြာခေတ်ကတော့ ဖြစ်ခဲ့ဘူးတယ်ရှင့်။ ဒါပေမယ့် အဲဒီအခြေအနေတုန်းကတော့ သတင်းအချက်အလက်ကို အခြေပြုတဲ့ လုပ်ငန်းက နည်းတယ်ဆိုပေမယ့်လည်း ကြော်ငြာခေတ်က ဖြစ်ခဲ့ဘူးတယ်ရှင့်။ ဖြစ်ခဲ့ဖူးတယ်ဆိုတော့ ဒီ လက်ရှိအခြေအနေမှာက ကြော်ငြာလုပ်ငန်းက မကောင်းတော့ဘူး။ ကြောငြာလုပ်ငန်းက ရပ်တန့်သွားတယ်လို့ ပြောကြတယ်ရှင့်။ ဆရာကရော အဲဒီအပေါ်မှာ ဘာများ ပြောချင်လဲရှင့်။

ကြောငြာရှင်တွေ ကြောငြာရိုက်တာ နည်းသွားတယ်ဆိုတာကတော့ အမှန်ပါပဲ။ ဘာလို့နည်းသွားလဲဆိုတာ ရှေ့တုန်းက ပွင့်ပွင့်လင်းလင်း ပြောပြရရင် သမီးပြောတဲ့ လွန်ခဲ့တဲ့ ၁၀ နှစ် အနှစ် ၂၀ တုန်းက မြန်မာနိုင်ငံမှာ ကြည့်စရာက မြဝတီနဲ့ မြန်မာ့အသံ နှစ်လိုင်းပဲ ရှိပါတယ်။ အဲတုန်းက မြန်မာ့အသံက စင်ဆာမူတွေက တအားကြပ်တယ်။ မြဝတီက နဲနဲချောင်တယ်ဆိုတော့ များသောအားဖြင့် မြဝတီက ပိုကြည့်ကြတယ်ပေါ့နော်။ ဘယ်လိုပဲပြောပြော မြဝတီ မြန်မာ့အသံ နှစ်ခုပဲရှိတဲ့အခါမှာ ကိုယ့်ရဲ့ကြော်ငြာတစ်ခုကို ကုန်ပစ္စည်းကြော်ငြာတစ်ခုက သူ့ရဲကြော်ငြာကို ထည့်ချင်ရင် ဒီမီဒီယာနှစ်ခုမှာ ထည့်လိုက်ရင် သူ့အတွက်က ထိရောက်တဲ့ ကြော်ငြာမှု ရတယ်။ သူ့ရဲ့ Return ပြန်ရတယ်။ သူထည့်လိုက်တဲ့ ကုန်ကျစရိတ်ကလည်း နည်းတယ်။ ဒါပေမယ့် သူပြန်ရတဲ့အရာက ပိုများတယ်။ အခုကျတော့ ကြည့်စရာ မီဒီယာ လိုင်းတွေက အများကြီး ဖြစ်သွားတဲ့အခါကျတော့ လူတွေကလည်း လိုင်းပေါင်းစုံကို ကြည့်တယ်။ မြဝတီနဲ့ မြန်မာ့အသံနှစ်ခုတည်း ကြည့်တာမဟုတ်တဲ့အတွက်ကြောင့် Sky Net တစ်ခုတည်း ကြည့်တာမဟုတ်ဘူး။ MRTV4 တစ်ခုတည်း ကြည့်တာမဟုတ်ဘူး။ ပြန့်သွားတဲ့အတွက်ကြောင့် ဘယ်သူ့ကို Target ထားပြီး ပြရမယ်ဆိုတာ တော်တော် ခက်ခဲသွားတယ်။ ခက်ခဲသွားတဲ့အခါမှာ သူတို့ ထည့်ရတဲ့ Amount က အရင်ကထက်စာရင် ကုန်ကျစရိတ် အရမ်းကြီးသွားတယ်။ ပြန်ရတဲ့ Return က မသေချာဘူး။ သူတို့ချင်တဲ့ Custoumer က ဘယ်လိုင်းပေါ်မှာ ရှိနေတယ်ဆိုတာ မသေချာတဲ့အတွက်ကြောင့် ကြော်ငြာထည့်တဲ့ ရိုက်တဲ့လုပ်ငန်းက အားပျော့သွားတယ်လို့ အဓိက ပြောချင်ပါတယ်။

ဆရာ ခုနကပြောသလို လိုင်းနှစ်လိုင်းမဟုတ်ပဲနဲ့ ဒီလိုင်းတွေ များလာတာက အဓိက အကြောင်းအရင်းလား အခြားကော ဘာဖြစ်မလဲလို့ ဆရာထင်လဲ။

အဓိကတော့ အရင်တုန်းက ကြော်ငြာတစ်ခုကို ဆယ်စက္ကန့်မှာ ပေးရတဲ့ပိုက်ဆံနဲ့ အခု ကြော်ငြာတစ်ခုကို ဆယ်စက္ကန့်နဲ့ ပေးရတဲ့ပိုက်ဆံက တစ်လိုင်းချင်းမှာတင် အဆ ဆယ်ဆမက ကွာတယ်။ အဲတော့ အရင်က နှစ်လိုင်းရှိတယ်။ အခု လိုင်းနှစ်ဆယ် ဖြစ်လာတဲ့အခါမှာကျတော့ သူ့ရဲ့ကုန်ကျစရိတ်ကတော့ အများကြီးဖြစ်လာတယ်။ အဓိကတော့ ကျွန်တော်က အဲဒါကိုပဲ မြင်တယ်။ နောက် အဓိက သူတို့အတွက် ထည့်လိုက်တာနဲ့ ပြန်ရတာ မကိုက်ဘူးပဲ ကျွန်တော် ပြောချင်တယ်။

ဟုတ်ကဲ့ပါရှင့်။ ဒီ ကြော်ငြာ စီးပွားရေးလုပ်ငန်းအတွက် ဥပဒေတစ်ခု ပေါ်ထွက်လာဖို့ လိုတယ်လို့လဲ ပြောနေကြတယ်။ ဥပဒေ တင်ဖို့ တောင်းဆိုဖို့လည်း ရှိကြတယ်လို့ ပြောကြတယ်ရှင့်။ အဲတော့ ဒီဥပဒေမှာ ဘာတွေ ထည့်သွင်း ရေးဆွဲသင့်သလဲ ဆရာဆိုလို့ရှိရင် လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကတည်းက ဒီလုပ်ငန်းထဲမှာ ကျင်လည်လာတဲ့သူတစ်ယောက်အနေနဲ့ ဘာတွေ ထည့်သွင်းသင့်လဲဆိုတာ ပြောပြပေးပါရှင့်။

အဲဒီမှာ အရင်တုန်းက ကျွန်တော်တို့ ကြားဖူးတာပေါ့နော် အခုလည်း သူတို့ ပြောင်းရင် ပြောင်းကြမှာပေါ့။ အင်ဒိုနီးရှားမှာဆိုရင် သူတို့နိုင်ငံမှာ ကြော်ငြာတစ်ခု လွှင့်တယ်ဆိုရင် သူတို့နိုင်ငံမှာ ရိုက်တဲ့ကြော်ငြာကိုပဲ သူတို့က အလွှင့်ခံတယ်။ ဆိုလိုတာက နိုင်ငံခြားမင်းသမီးနဲ့ ရိုက်ချင်ရိုက်မယ်။ ဒါက ရိုက်လို့ရတယ်။ ဒါပေမယ့် သူတို့နိုင်ငံမှာပဲ ရိုက်ရမယ်။ ဆိုတော့ အဲလိုမျိုး သူတို့ ကန့်သတ်ထားတယ်ပေါ့နော်။ ဆိုလိုတာက အပြင်က ရိုက်လာပြီးသား တစ်ခုကို သူတို့ အင်ဒိုနီးရှားကို ယူလာခွင့် မပေးဘူးလို့ ပြောတယ်ပေါ့နော်။ ဒါလည်း ကောင်းတဲ့နည်းတစ်ခုလို (ကိုယ့်ဘက်ကို ကြည့်တာတော့ မဟုတ်ဘူးပေါ့နော်။) ကျွန်တော်တို့ဘက်မှာ အဲလိုယူလာခြင်းအားဖြင့် ကျွန်တော်တို့ဆီမှာ ရိုက်တဲ့ အနည်းဆုံး အလုပ်ရမယ်။ ကျွန်တော်တို့ဆီမှာ ထမင်းကျွေးတဲ့ ထမင်းဆိုင်ကအစ အလုပ်ရမယ်ပေါ့နော်။ ကျွန်တော်တို့နိုင်ငံမှာ အကျိုးအမြတ်တစ်ခုရမယ်။ နိုင်ငံသားတွေ အလုပ်ရမယ်ပေါ့နော်။ ဒီလုပ်ငန်းတစ်ခုအပေါ်ကိုမှ မူတည်ပြီးတော့ မဟုတ်ရင်တောင်မှ ကျွန်တော်တို့က မြင်တာက ကျွန်တော်တို့ ပြည်တွင်းက ဒါရိုက်တာတွေ ရိုက်ရခြင်း မရိုက်ရခြင်းထက် မြန်မာပြည်မှာ ရိုက်တဲ့အတွက်ကြောင့် မြန်မာပြည်ကလူတွေ အခြေခံကစပြီး အလုပ်ရကြမယ်။ နောက်တစ်ခါ ကျွန်တော်တို့ဆီက ကင်မရာမင်းတွေကို ခေါ်ရိုက်တယ်ပေါ့နော်။ အဲအခါကျရင် ကျွန်တော်တို့ကင်မရာမင်းတွေ အတွေ့အကြုံသစ်တွေ ရကြမယ်။ လူ့စွမ်းအားအရင်းအမြစ်တွေ ကျွန်တော်တို့ တိုးတက်ခွင့်ရမယ်။ ဝင်ငွေ တိုးတက်မယ်။ အဲဒါကြောင့်မို့ ကျွန်တော်အမြင်တော့ တကယ်လို့ နောင်ကို လုပ်မယ်ဆိုလို့ရှိရင် ပြည်ပကကြော်ငြာတွေ လုပ်မယ်ဆိုရင် ပြည်တွင်းက Source တွေ ပါစေချင်တယ် အဲဒါဆို ထည့်သွင်း ရေးဆွဲသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly