ငွေကြေးချွေတာရန် ကစားသမားများ ဂျာစီလဲလှယ်ခြင်းကို မန်ယူပိတ်ပင်

ငွေကြေးချွေတာရန် ကစားသမားများ ဂျာစီလဲလှယ်ခြင်းကို မန်ယူပိတ်ပင်

စက်တင်ဘာ ၅၊ အင်္ဂလန် ။             ။ မန်ယူအသင်းသည် အသုံးစရိတ်ချွေတာရန်အတွက် ပြိုင်ဘက်ကစားသမားနှင့် ဂျာစီလဲလှယ်ခြင်းကို ပိတ်ပင်တားမြစ်လိုက်သည်ဟု The Sun သတင်းစာက ဖော်ပြခဲ့သည်။

ထိုကဲ့သို့ ပိတ်ပင်တားမြစ်မှုတွင် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်ဝယ်ယူထားသော ပေါ့ဂ်ဘာ၊ ကမ္ဘာ့ကျော်ဘောလုံးသမား အီဗရာဟီမိုဗစ်နှင့် အသင်းခေါင်းဆောင်ရွန်နီတို့အားလုံး ပါဝင်မည်ဖြစ်သည်။ မန်ယူအသင်းသည် ကစားသမားတစ်ဦးလျှင် ဂျာစီလက်တိုနှစ်ထည်၊ လက်ရှည်နှစ်ထည်စီ ခွဲတမ်းပေးထားသည်။

ဂျာစီတစ်ထည်၏ တန်ဖိုးနှင့်တွက်ချက်လျှင် ကုန်ကျစရိတ်မှာ နည်းပါးသော်လည်း မန်ယူကစားသမားအားလုံး ဂျာစီလဲလှယ်ပါက ပေါင် ၆၆၀ ကုန်ကျမည်ဖြစ်သည်။ တစ်ရာသီလုံး ထိုကဲ့သို့ လှဲလှယ်နေပါက ကုန်ကျစရိတ်များစွာ တိုးမြင့်လာမည်ဖြစ်သည့်အတွက် မန်ယူအသင်းက ကစားသမားများကို တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် မန်ယူအသင်းသည် ကစားသမားများ ပရိသတ်များထံသို့ ဂျာစီများပစ်ပေးခြင်းကိုလည်း ပိတ်ပင်ခဲ့သည်။

မန်ယူအသင်းမှာ လက်ရှိတွင် ပေါင် ၂ ဘီလီယံခန့်တန်ကြေးရှိပြီး ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးကလပ်အသင်းတစ်သင်းဖြစ်သည်။ အားကစားပစ္စည်းများထုတ်လုပ်သည့် adidas ကုမ္ပဏီနှင့်လည်း ပေါင်သန်း ၇၅၀ တန်ကြေးရှိ ၁၀ စပွန်ဆာစာချုပ် ချုပ်ဆိုထားသည့် ကလပ်ဖြစ်သည်။

အီဗရာဟီမိုဗစ်အပါအဝင် မန်ယူအသင်း၏ အကျော်အမော်များက ထိုကဲ့သို့တားမြစ်ခြင်းသည် ငွေကြေးချွေတာရာတွင် ထိရောက်မှုရှိမည်မဟုတ်ကြောင်း ပြောဆိုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly