တက်ကြွလှုပ်ရှားသူများအား နှိပ်ကွပ်မှုအဖြစ် တရုတ်အစိုးရက လူ့အခွင့်အရေးရှေ့နေများအပေါ် ပစ်မှတ်ထားလာ

တက်ကြွလှုပ်ရှားသူများအား နှိပ်ကွပ်မှုအဖြစ် တရုတ်အစိုးရက လူ့အခွင့်အရေးရှေ့နေများအပေါ် ပစ်မှတ်ထားလာ

လူ့အခွင့်အရေးအုပ်စုများကို နှိပ်ကွပ်မှု ပိုမိုလုပ်ဆောင်မှုအဖြစ် လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ရှေ့နေများနှင့် တက်ကြွလှုပ်ရှားသူ ၅၀ ကျော်အား တရုတ်အစိုးရက ဖမ်းဆီးခြင်း၊ စစ်ဆေးမေးမြန်းခဲ့ကြောင်း လူ့အခွင့်အရေးအုပ်စုများက ပြောကြားလိုက်သည်။

နိုင်ငံတော် လုံခြုံရေးနှင့်တည်ငြိမ်ရေးအကြောင်းပြချက်များဖြင့် သမ္မတရှီကျင်းပင်၏ အစိုးရက ၂၀၁၂ ခုနှစ်မှ စတင်၍ အရပ်ဘက်အဖွဲ့အစည်း ဆိုင်ရာ ကဏ္ဍတိုင်းအပေါ် ထိန်းချုပ်မှုများကို ပိုမိုလုပ်ဆောင်လာခဲ့ကြောင်း သိရသည်။

လွန်ခဲ့သည့်နှစ်များက တရုတ်အစိုးရသည် အစိုးရဆန့်ကျင်သူများနှင့် တိဗက်များကို ဖမ်းဆီးခဲ့ရာ ဝီဂါလူမျိုးများကလည်း အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် တိုင်ကြားခဲ့ပြီး အမေရိကန်အစိုးရကလည်း ဝေဖန်မှုများ လုပ်ဆောင်ခဲ့သည်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ ဇူလိုင် ၁၁ ရက် ထုတ်ပြန်ချက်တွင် တရုတ်အစိုးရသည် လွန်ခဲ့သည့် ၄၈ နာရီအတွင်းက ပေကျင်း၊ ရှန်ဟိုင်းနှင့် ကွမ်ကျိူးဒေသများတွင် ရှေ့နေနှင့် တက်ကြွလှုပ်ရှားသူ ၅၂ ဦးထက် မနည်းကို ဖမ်းဆီးခြင်း၊ စစ်ဆေးမေးမြန်းခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။ 

ဝီဂါတိုင်းရင်းသားတစ်ဦးဖြစ်ပြီး အစိုးရကို ဆန့်ကျင်သည့် အီဟမ်တိုတီနှင့် လွန်ခဲ့သည့် ခြောက်လကျော်က ဖမ်းဆီးခြင်းခံထားရသည့် ဂျာမန်သတင်းစာ Die Zeit မှ သတင်းသမားတစ်ဦးဖြစ်သူကျန်မော်တို့အတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် ဖန်ဂူရီဥပဒေအကျိုးဆောင် လုပ်ငန်းမှ ဝမ်ယုနှင့် လုပ်ဖော်ကိုင်ဖက်များကိုလည်း အစိုးရတာဝန်ရှိသူများက ခေါ်ဆောင်သွားခဲ့သည်။

လူမှုမီဒီယာများကို အသုံးပြုကာနိုင်ငံတော် တည်ငြိမ်ရေးအား နှောက်ယှက်ဖျက်ဆီးနေသည့် လူ့အခွင့်အရေးလှုပ်ရှားသူများကို နှိမ်နှင်းသွားမည်ဟု နိုင်ငံပိုင်မီဒီယာများတွင် ထုတ်ပြန်ပြီးနောက်ပိုင်း ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ 

ဖန်ဂူရီအကျိုးဆောင်အဖွဲ့သည် ၂၀၁၂ ခုနှစ်မှစ၍ ထိရှလွယ်သည့် ပြဿနာများတွင် ကြားမှ ပံ့ပိုးကူညီဆောင်ရွက်နေသည့် အဓိက ဒုစရိုက်အဖွဲ့အစည်းတစ်ခုဖြစ်သည်ဟု နိုင်ငံတော်လုံခြုံရေး တာဝန်ရှိသူများက ပြောကြားထားမှုကို တရုတ်အာဏာရ ကွန်မြူနစ်ပါတီ၏ People's Daily သတင်းစာက ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags