NLD အမတ်လောင်းစာရင်း၂၃ရက်နေ့အပြီး ပါတီဗဟိုသို့ တင်ပြရမည်

NLD အမတ်လောင်းစာရင်း၂၃ရက်နေ့အပြီး ပါတီဗဟိုသို့ တင်ပြရမည်
ဇူလိုင် ၁၁ရက်တွင် နေပြည်တော်ရှိ နေအိမ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ-NLD)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အမတ်လောင်းများအဖြစ် ဝင်ရောက်မည့်သူများ စာရင်းများကို ဇူလိုင် ၂၃ရက်နေ့ နောက်ဆုံးထားကာ ပါတီဗဟိုသို့ တင်ပြရမည်ဟု ပါတီဗဟိုကော်အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ထားကြောင်း ပါတီဗဟိုအလုပ်မှုဆောင် ဒေါ်နန်းခင်ထွေးမြင့်က မဇ္ဈိမကိုပြောသည်။

"အပြင်က ပညာရှင်အဖွဲ့က ၂၃ရက်မှာ စပြီးစစ်မှာ ဗဟိုကအဲဒီရက်နောက်ဆုံးထားပြီးတင်ရမယ်၊ ဝင်မယ့်သူကတော့ ပါတီဝင်ဖြစ်ရမှာ၊ ဒီနေ့ဖောင်တင် ဒီနေ့ပါတီဝင်လည်းရတယ်လေ။ အပြင်ကတစ်ခြားလူတွေလည်း ဖိတ်ခေါ်လို့ရတယ်" ဟု ၎င်းကဆိုသည်။

NLD ပါတီမှ ဝင်ရောက်မည့် အမတ်လောင်းများကို ဒေါက်တာခင်မောင်ညို၊ ဦးဖေမြင့်၊ ဦးစိုးဝင်းအပါအဝင် ပါတီဝင်မဟုတ်သည့် ပညာရှင်၅ဦး ပါဝင်သည့် အမတ်လောင်း စိစစ်ရေးအဖွဲ့က ဦးစွာစစ်ဆေးပြီး ပါတီဗဟို အလုပ်မှုဆောင်အဖွဲ့က နောက်ဆုံးအဆင့် စိစစ်ရွေးချယ်မည်ဟု ဒေါ်နန်းခင်ထွေးမြင့်ကဆိုသည်။

နိုဝင်ဘာ ၈ရက်တွင် ကျင်းပမည့် ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲ၏ မဲဆန္ဒနယ်ပေါင်း ၁၁၇၁ နေရာမှ ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်အားလုံးကို ဝင်ရောက်မည်ဖြစ်ကြောင်း ဇူလိုင်လ ၁၂ရက် နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

"ကော်မရှင်က ကြေငြာမယ့် ရွေးကောက်ပွဲလုပ်မယ့် နေရာအားလုံးကို NLDက ဝင်မှာ" ဟု  ၎င်းကဆိုသည်။

NLD၏ အမတ်လောင်းစာရင်းများကို မြို့နယ်အဆင့်တွင် ဇူလိုင်လ ၁၃ရက်မှ ၁၉ရက်အတွင်း အမည်စာရင်းများ စတင်ကောက်ယူရမည်ဖြစ်ကာ ဇူလိုင် ၂၀ရက်တွင်တိုင်း/ပြည်နယ်အဆင့် အဖွဲ့ချုပ်ပါတီများသို့တင်ပြကြရမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှသိရသည်။

NLD မှ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများက ၎င်းနှင့် ၎င်းတို့၏ ဇနီး/ခင်ပွန်း အပြင် ၁၈နှစ်အောက်ရှိ သားသမီးများအမည်ဖြင့် ထားရှိသည့် မရွေ့ပြောင်းနိုင်သော ပစ္စည်းများစာရင်းကို ပါတီသို့ အသိပေးရမည်ဟု ဇွန်လ ၂၀ရက်၊ ပထမအကြိမ် ဗဟိုကော်မတီဝင် ငါးကြိမ်မြောက် အစည်းအဝေး ပထမနေ့တွင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကြေငြာထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၈ရက်တွင် ရွေးကောက်ပွဲကျင်းပမည့် ရက်ကို ထုတ်ပြန်ပြီး ၃ရက်အကြာတွင် NLD၏ ရွေးကောက်ပွဲဝင်မဝင်ကို ဗဟိုကော်အလုပ်မှုဆောင်ကော်မတီ အစည်းအဝေးဖြင့် ဆုံးဖြတ်ပြီး ရွေးကောက်ပွဲဝင်မည်ဟု ဇူလိုင် ၁၁ရက် နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ် နှင်းဆီစံအိမ်တွင် သတင်းရှင်းလင်းပွဲ ပြုလုပ်၍ ထုတ်ပြန်ခဲ့သည်။

NLD သည် ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကျင်းပသည့် မဲဆန္ဒနယ် ၄၃နေရာမှ ၄၁နေရာထိအနိုင် ရရှိခဲ့သည့် အတိုက်အခံပါတီ တစ်ခုလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly