ကျူးကျော်များ စာရင်းကောက်ခံရာတွင် စာရင်းမှန် ဖြစ်ရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင်ရန်လို

ကျူးကျော်များ စာရင်းကောက်ခံရာတွင် စာရင်းမှန် ဖြစ်ရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင်ရန်လို
ပုံစာ - ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်ရှိ ကျူးကျော်နေထိုင်သူများ၏ ရပ်ကွက်တစ်ခုအား တွေ့ရစဉ်
ဓာတ်ပုံ - သူရ/မဇ္ဈိမ

စက်တင်ဘာလ ၃၊ ၂ဝ၁၆ ။                 ။ အစိုးရအနေဖြင့် ကျူးကျော်စာရင်းများ ကောက်ခံရာတွင် အခွင့်အရေးသမားများစွာလည်း ပါဝင်လာနိုင်သောကြောင့် စာရင်းအမှန်ဖြစ်ရေးအတွက် သက်ဆိုင်ရာ ကိုယ်စားလှယ်များ အပါအဝင် ပြည်သူများကလည်း ပူးပေါင်းပါဝင်ရန် လို အပ်ကြောင်း လူမှုရေးနှင့် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးညီညီက ပြောသည်။

မြို့ပြဆင်းရဲသားများ(ကျူးကျော်) အရေးနှင့် ပတ်သတ်၍ ပညာရှင်များ၊ လွှတ်တော်အမတ်များ၊ အရပ်ဖက်လူ့အဖွဲ့ အ စည်းအများနှင့် မြို့ပြဆင်းရဲသားများအပါအဝင် လူထုဆွေးနွေးပွဲတစ်ရပ်ကို စက်တင်ဘာလ ၃ရက် ၊ နံနက် ၉ နာရီမှ ၁၂ နာရီထိ၊ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ဗဟိုလမ်း ၂ရပ်ကွက်ရှိ မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာယ (မခမမ)တွင် ကျင်းပစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်ရဲ့မျက်မြင်ကိုယ်တွေ့ပြောရမယ်ဆိုရင် ဆိပ်ကမ်းဖက်ကိုသွားရင်းနဲ့ အဲ့မှာအမျိုးသမီးတစ်ယောက်က လက် ကောက် တတောင်ဆစ်လောက် ဝတ်လာပြီး ပြေးပြီးတော့ ဦးညီရယ် ကျွန်မကိုလည်း နေစရာမရှိလို့ ကျွန်မတို့ကိုလည်း နေစရာ မြေလေးတွေရရင် ဆယ်ပေလောက်ပေးပါတဲ့၊ ကျွန်တော်ကြည့်လိုက်တော့ လက်မောင်းမှာ လက်ကောက်က မရှိရင်အကွင်းနှစ်ဆယ်လောက် ရှိတယ်၊ ကျွန်တော်စုံစမ်းလိုက်တဲ့ အခါမှာ မိမိရဲ့နေအိမ်ကို ရောင်းပြီးတော့ အဲ့ဒီမှာ သုံး လေး ငါးသိန်းနဲ့ ဝယ်ထားတဲ့ ပုဂ္ဂိုလ်တွေကို သွားတွေ့လိုက်ရတယ်၊ ဒါတကယ်စိတ်မကောင်းစရာပါပဲ၊ ဒါမျိုးတွေ ရှိနေတဲ့ အတွက် လည်း တကယ်နေစရာမဲ့နေတဲ့ ပြည်သူတွေအနေနဲ့ တကယ်အခက်တွေ့စေနိုင်ပါတယ်၊" ဟု ဦးညီညီက ပြော သည်။

အဆိုပါ ကျူးကျော်များစာရင်းကောက်ခံမှုတွင် ပြည်သူများပါဝင်ခွင့်မရှိလျှင် စီမံကိန်း ကောင်းမွန်သော်လည်း လက်တွေ့ မ ကျသည့် လုပ်ငန်းသာ ဖြစ်သွားနိုင်ကြောင်း Equality Myanmar မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။

" မြေပြင်အခြေအနေကို မြေပြင်မှာရှိသော သူတွေက ပိုမိုနားလည်ပါတယ်၊ အစိုးရက အားကောင်းဖို့အတွက် တန်ဖိုး နည်း အိမ်ရာတွေလုပ်ပေးတယ်၊ တန်ဖိုးနည်းက သူတို့အတွက် တန်ဖိုးနည်းပေးမယ့် တကယ်ကျူးကျော်တွေအတွက် တန်ဖိုးမြင့်တာတွေဖြစ်နေတဲ့ အတွက် ဒါတွေကို ရနိုင်မှာမဟုတ်ပါဘူး၊ အဲ့တော့ ဘယ်လိုမျိုးနေရာဖြစ်သင့်လဲ ၊ ဘယ် လောက်ထိ တန်ဖိုးထားသင့်လဲ၊ ဘယ်လိုပုံစံလုပ်သင့်လဲဆိုတာကို ဒေသခံပြည်သူတွေက သိရှိခွင့်တွေမကဘဲနဲ့ ပါဝင် ဆုံးဖြတ်ခွင့်တွေ၊ အကြံဉာဏ်ပေးခွင့်တွေ၊ တင်ပြခွင့်တွေ ဒါတွေရှိဖို့ကလည်း အရေးကြီးပါတယ်၊ " ဟု၎င်းက ဆိုသည်။

ပထမဆုံးအကြိမ် ကျူးကျော်များစာရင်းကို လက်ဗွေမှတ်တမ်းယူခြင်း၊ ဓာတ်ပုံရိုက်ယူခြင်းများဖြင့် စက်တင်ဘာလ ၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းတွင် စာရင်းကောက်ခံသူ အယောက် ၃ဝ၊ ကွန်ပျူတာပညာရှင် ၁၈ ဦးနှင့် ဝန်းရံအင်အား ၃ဝ ဦး၊ စုစုပေါင်း ရ၈ ယောက် တို့ဖြင့် ကောက်ခံခဲ့ကြောင်း ယနေ့ကျင်းပသည့် လူထုဆွေးနွေး ပွဲမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly