ကိုဖီအာနန်ဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက်မယ့် ရခိုင်ပြည်နယ်ရေးရာ အကြံပေးကော်မရှင်အပေါ် ALP ၏ အမြင်

By RiA
03 September 2016
ကိုဖီအာနန်ဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက်မယ့် ရခိုင်ပြည်နယ်ရေးရာ အကြံပေးကော်မရှင်အပေါ် ALP ၏ အမြင်

သြဂုတ် ၃၁ ရက်နေ့မှ စက်တင်ဘာ ၃ ရက်နေ့ထိ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သော ၂၁ ရာစု ပင်လုံညီခံသို့ တက်ရောက်နေသူ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP/ALA) နှင့် ရခိုင်အမျိုးသမီး အစည်းအရုံး ဥက္ကဌ ဒေါ်စောမြရာဇာလင်းနှင့် တွေ့ဆုံမေးမြန်းခြင်း။

RiA     ။    ။ ကမ္ဘာ့ကုလသမဂ္ဂ အထွေအထွေ အတွင်းရေးမှူးဟောင်း၊ ငြိမ်းချမ်းရေး နိုဘယ်လ်ဆိုရှင် ကိုဖီအာနန် ဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက်မယ့် ရခိုင်ပြည်နယ်ရေးရာ အကြံပေးကော်မရှင်အပေါ် ALP ၏ သဘောထား အမြင်ကို သိပါရစေ။

SMRZL ။        ။ ကော်မရှင်ဖွဲ့မယ်ဆိုလို့ ရှိရင် ရခိုင်အရေးကို တင်လို့ရှိရင် ရခိုင်အများစုပါဝင်ရမှာပေါ့နော်။ ပါတီစုံတွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေပါ ပါဝင်မှ အောင်မြင်တဲ့ ကော်မရှင်တခုဖြစ်မယ်လို့ ယုံကြည်ပါတယ်။

RiA      ။       ။ ဒီကော်မရှင်ကရော တကယ်ပဲ ပြဿနာတွေကို ဖြေရှင်း သွားနိုင်မယ်လို့ မျှော်လင့်ပါသလား။

SMRZL ။        ။စောင့်ကြည့်ရမှာပါ။ မပြေလည်နိုင်ဘူးဆိုရင် ပြေလည်နိုင်တဲ့ နည်းလမ်းကိုရှာရမယ်။ ဘယ်လို ဖြေရှင်းမယ်ဆိုတာကို အမြဲတမ်းစောင့်ကြည့်နေဖို့လိုတယ်။

RiA     ။    ။ ယခု ကျင်းပပြုလုပ်နေတဲ့ ပင်လုံညီလာခံကနေ ရခိုင်ပြည်နယ်ရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ဘယ်လောက်ထိ မျှော်လင့်ထားပါသလဲ။

SMRZL ။        ။ ဒီညီလာခံက ငြိမ်းချမ်းရေးအတွက် တံခါးခေါက်သံ ခေါင်းလောင်း ခေါက်သံ တခုပဲဖြစ်ပါတယ်။ ဒါပေမယ့် ပြည်နယ် အသီးသီးကနေပီးတော့ ပြောချင်တဲ့စကားတွေ၊ ပါတီအသီးသီးကနေပီးတော့ ပြောချင်တဲ့စကားတွေ ဒီနေရာမှာ ပြောနိုင်တာပေါ့။ အဲ့လို ပြောလိုက်ရတဲ့ အတွက်ကြောင့်လည်း အစိုးရက သိသွားတာပေါ့။ ပြည်သူတွေလည်း သိတာပေါ့။

အဲ့ဒါကြောင့် ပြည်သူတွေလည်း အကဲခက်လို့ ရနိုင်တယ်။ ဒါပေမယ့် ဒီညီလာခံ တခုတည်းနဲ့တော့ မပြီးနိုင်သေးပါဘူး။ နောက်ညီလာခံတွေ ဆက်တိုက် ကျင်းပဖို့လည်း လိုပါသေးတယ်။ အဲ့ဒါကြောင့်မို့လို့ ကျမတို့နိုင်ငံမှာ ပြည်တွင်း စစ်ကြီးက နှစ် ၇၀ လောက်ဖြစ်နေပီ။ ပြည်တွင်းစစ်ကြီးကို ကျမတို့ အဆုံးသက်ဖို့လိုတယ်။ နိုင်ငံရေးပြဿနာကို စားပွဲခုံမှာ ကျမတို့ ဘယ်လို ဖြေရှင်းရမလဲဆိုတာကို အမြဲတမ်း ကြိုးပမ်းနေတုန်းဖြစ်ပါတယ်။ ဒီလက်နက်ကိုင် ပဋိပက္ခဖြစ်လာရတဲ့ အဓိကအကြောင်းအရင်းက အစိုးရသည် အုပ်ချုပ်မှူမညီမျှလို့ ဖြစ်ပါတယ်။ သူများတွေရဲ့တိုင်းပြည်ကို တပါးသူက လာပီးအုပ်ချုပ်နေလို့ ရှိရင် ဘယ်သူမှလဲ တပါးသူ အုပ်ချုပ်တာ မခံချင်ဘူး။ ကျမပြုစုထားတဲ့ စာတမ်းမှာလည်း ဒီအကြောင်းအရာတွေ ပါတယ်။ ကျမတို့ တိုင်းပြည်ကို ဘယ်သူမှ လာအုပ်ချုပ်တာ လိုချင်ဘူး။ ကျမတို့ ကိုယ်တိုင်စီမံခန့်ခွဲချင်တယ်။ ကျမတို့ တိုင်းပြည်ကို ကျမတို့ အကောင်းဆုံးဖန်တီးချင်တယ်။ ပြီးတော့ ကျမတို့ပြည်က ထွက်တဲ့ သယံဇာတတွေကိုလည်း မူလပိုင်ရှင်ဖြစ်တဲ့ ရခိုင်ပြည်သူပြည်သားတွေရဲ့ ဆန္ဒအရသာ ခွဲဝေပေးရမယ် ဆိုတာတွေကို ကျမကိုယ်တိုင် ဒီစာတမ်းမှာ ထည့်သွင်းထားပါတယ်။

ပြီးလို့ရှိရင် ဘင်္ကလားဒေချ့်နဲ့ အိန္ဒိယနိုင်ငံတွေကြားမှာရှိတဲ့ ရခိုင်နဲ့ ရခိုင်နွယ်များ ဒီတိုင်းပြည်ကို ပြန်ဝင်လာလို့ရှိရင် နိုင်ငံသားဖြစ်ဖို့ ကျမတို့အနေနဲ့ ဒီမှာ တင်ပြထားတာရှိပါတယ်။ ကျမတို့ စာတမ်းနဲ့ ဒေါက်တာအေးမောင်တင်ပြသွားတဲ့ စာတမ်းနဲ့လည်း အများကြီး တူညီပါတယ်။ အဓိကအားဖြင့် ဆန္ဒအားဖြင့် ပူးပေါင်းတာကိုပဲ ကျမတို့လက်ခံမည်။ ဆန္ဒရှိလို့ရှိရင် ကျမတို့ပူးပေါင်းမယ်။ ပူးပေါင်း ချင်အောင် လုပ်ပေးရမှာက နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံမှာ သီးခြားပြဌာန်းဖို့လိုပါတယ်။ ကျမတို့ရဲ့ကံကြမ္မာကို ကျမတို့ အာလုံး ဖန်တီးနိုင်ဖို့ ဆိုလို့ရှိရင် ဖွဲ့စည်းအုပ်ချုပ်ပုံ အရေးကြီးတယ်။

အဲ့ဒါကြောင့် ပြည်နယ်ဖွဲ့စည်းအုပ်ချုပ်ပုံ တခုဟာ အခိုင်အမာ ပေါ်ပေါက်လာဖို့ လိုတယ်ဆိုတာကိုလည်း ကျမတို့ စာတမ်းမှာ ထည့်သွင်းထားပါတယ်။

RiA     ။    ။ ညီလာခံကို AA အပါအဝင် တခြားသော TNLA တို့ အဲဒါတို့ မပါဝင်နိုင်တဲ့ ကိစ္စကိုရော ဘယ်လိုမြင်ပါသလဲ။

SMRZL ။        ။ အစိုးရဘက်က ပြောနေတဲ့ စကားလုံးတွေအရ ပြောမယ်ဆိုရင် ကျမတို့ ပြောမယ် ဆိုလို့ရှိရင် လက်နက်ကို စွန့်လွှတ်ပီးမှ ငြိမ်းချမ်းရေးကို သွားမယ်ဆိုလို့ရှိရင် ထုတ်ပြန်ချက် ထုတ်မယ်ဆိုလို့ရှိရင် တပ်မတော်ဘက်က ပြောနေတဲ့ စကားတွေရှိပါတယ်။ ဒီညီလာခံမှာ ကျမတို့ အမှန်တကယ် လိုချင်တာက အားလုံးပါဝင်တဲ့ ညီလာခံတခု ဖြစ်စေချင်ပါတယ်။  ကျမဟာ ရခိုင်အမျိုးသမီး တယောက်ဖြစ်တယ်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီဟာလည်း ကျမပါတီဖြစ်တယ်။ ကျမ ရခိုင်ပြည်လွတ်မြောက်ရေးပါတီကို ချစ်သလို ရခိုင်တပ်မတော်(AA)ကိုလည်း ကျမချစ်တယ်။ ANC ကခေါင်းဆောင်တွေ ရဲဘော်တွေကိုလည်း ကျမချစ်တယ်။ ရခိုင်ပြည်သူပြည်သားတွေနဲ့ အားလုံးအတူတူ လက်တွဲ အလုပ်လုပ်လို့ရမယ်။ လူမှန်နေရာမှန် ရှိရမယ်။ ဒါကိုပဲ ကျမပြောချင်ပါတယ်။

RiA    ။    ။ DDR နဲ့ SSR အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။

SMRZL ။        ။ DDRနဲ့ SSR ဆိုလို့ရှိရင် DDR က လုံး၀ လက်နက်ချုပ်ငြိမ်းခြင်းဖြစ်တယ်။ SSR ကို ပြောလိုက်တဲ့အခါမှာ အားလုံးပြန်လည် ပေါင်းစည်းရေးဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လိုပြန်လည် ပေါင်းစည်းကြမလဲ ဆိုတဲ့ မူကို ဘယ်မှာ ချမှတ်ရမလဲဆိုရင် ကျမတို့က စားပွဲဝိုင်းမှာဘဲ ဆုံးဖြတ်ရလိမ့်မယ်။ ပီးလို့ရှိရင် SSR နဲ့သွားရမလား DDR နဲ့ပဲ သွားရမလားဆိုတာမှာ DDR ကို ပြောလိုက်မယ်ဆိုလို့ ရှိရင်တော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက DDR လို့ ပြောလိုက်လို့ရှိရင် လက်မခံတဲ့ အဖွဲ့အစည်းတွေရှိပါတယ်။ အဲ့ဒါကြောင့် DDR ကို ကျမတို့ ချန်ထားခဲ့ပြီးတော့မှ ကျမတို့ဟာ ဆိုလို့ရှိရင် ဒီတိုင်းပြည်ကြီးတခုလုံးကို ထူထောင်လာပြီ ဆိုတော့ခါ ဒီတိုင်းပြည်ကို လုံခြုံဖို့အတွက် ပြည်နယ် လုံခြံရေး ပြည်မလုံခြုံရေး လုံခြုံရေးနှစ်ရပ်ကို ကျမတို့ ဘယ်လို ပေါင်းစည်းပြီးတော့မှ ကြိုးစားရမယ်ဆိုပဲ SSR ဖြစ်တယ်။ အဲ့ဒါကြောင့် SSR ကိုပဲ ကျမတို့ အများကြီးပြောသင့်တယ်လို့ ထင်ပါတယ်။။

RiA    ။    ။ အခုပြုလုပ်တဲ့ ညီလာခံက ရခိုင်တိုင်းရင်းသားတွေအတွက် ဘယ်လောက်ထိ မျှော်လင့်ချက် ရှိပါသလဲ

SMRZL ။        ။ ရခိုင်အားလုံး မျှော်လင့်ချက်က ကျမတို့ အခုတင်ပြနေတာလဲ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးရေးပါ။ ကိုယ့် ကံကြမ္မာကိုယ် ဖန်တီးရေးဆိုတဲ့ အတွက်တာကြောင့် ကျမတို့တွေ ဖွဲ့စည်းအုပ်ချုပ်ပုံ နှစ်ရပ်ပေါ်ပေါက်လာရမယ်။ ပြည်ထောင်စု ဖွဲ့စည်းပုံ ပြည်နယ် ဖွဲ့စည်းပုံဆိုပြီး ပေါ်ပေါက် လာရမယ်။ အဲဒီဖွဲ့စည်းပုံတွေထဲမှာ အခြေခံကျသော ဖွဲ့စည်းပုံတွေကို ကျမတို့ ဖွဲ့စည်းရပါလိမ့်မယ်။ အဓိကအားဖြင့် ကျမတို့က ပြန်ပြောပါမယ်။ ကျမတို့က ဒီညီလာခံရဲ့ ရလဒ်တွေနဲ့ အညီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲရဲ့ရလဒ်တွေနဲ့အညီ ကျမတို့ တိုင်းပြည်ကို တည်ထောင်သွားပါမယ်။ ဒီတိုင်းပြည်ကို တည်ဆောက်ဖို့ဆိုလို့ရှိရင် ကျမတို့ ဖက်ဒရယ် စစ်စစ်ကို ရရှိဖို့လိုအပ်ပါတယ်။

ပြည်နယ် ဖွဲ့စည်းပုံနဲ့ ပြည်ထောင်စု ဖွဲ့စည်းပုံ ဆိုပြီးတော့မှ ဖွဲ့စည်းပုံ နှစ်ရပ်ရှိလာရပါမယ်။ ဆိုလို့ရှိရင် ပြည်နယ် ဖွဲ့စည်းပုံမှာလည်း အာဏာသုံးရပ်ကို အပ်ပေးထားဖို့လိုတယ်။ အဲ့တာမှ ကျမတို့ ပြည်နယ်ကို ကျမတို့ ကောင်းမွန်စွာ ဖန်တီးနိုင်မယ်။ အဲ့တာကြောင့်မို့ ကျမတို့ ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ အခြေခံတဲ့ အကြောင်း တရားတွေကို ဖွဲ့စည်းအုပ်ချုပ်ပုံမှာ အခိုင်အမာ ပြဌာန်းပီးမှ ကျမတို့ အနာဂတ်မှာ ညီလာခံတွေမှာ တင်လာရမယ်။

အဲ့လိုဟာတွေ ပြည့်စုံလာပြီးမှ ကျမတို့ လိုချင်တဲ့ ဖက်ဒရယ်စစ်စစ်ကို ရလာမှာဖြစ်ပါတယ်။ အဲ့တာကြောင့်မို့လို့ ဘာရမလဲ လို့မေးလို့ရှိရင် ဒါဟာ ခေါင်းလောင်းခေါက်သံ အစပဲရှိသေးတယ်။ ပြည်သူ တရပ်လုံးကလည်း ကောင်းမွန်စွာ လက်တွဲပြီး ကျမတို့ကို ပူးပေါင်းပါဝင်မယ်ဆိုလို့ရှိရင် ကျမတို့ ရှေ့ကို သွားမယ့်သူတွေ ဆိုလို့ရှိရင်လည်း ပိုအဆင်ပြေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly