လိပ်ကျွန်းလူသတ်မှုတွင် အသတ်ခံရသည့် ဗြိတိန်မိန်းကလေး၏ ကိုယ်မှ ဒီအင်န်အေကို စစ်နိုင်မည်မဟုတ် ဟုမြန်မာဘက်ကရှေ့နေအဖွဲ့ပြော

လိပ်ကျွန်းလူသတ်မှုတွင် အသတ်ခံရသည့် ဗြိတိန်မိန်းကလေး၏ ကိုယ်မှ ဒီအင်န်အေကို စစ်နိုင်မည်မဟုတ် ဟုမြန်မာဘက်ကရှေ့နေအဖွဲ့ပြော

ထိုင်းနိုင်ငံ လိပ်ကျွန်း၌ ဗြိတိန်စုံတွဲနှစ်ဦး အသတ်ခံခဲ့ရမှုတွင် စွပ်စွဲခံထားရသည့် မြန်မာနိုင်ငံသားနှစ်ဦး၏ ရှေ့နေအဖွဲ့က သူတို့အနေဖြင့် သေဆုံးသူများ၏ ခန္ဓာကိုယ်မှ ဒီအင်န်အေ နမူနာများကို စစ်ဆေးနိုင်တော့မည်မဟုတ်ကြောင်း ဇူလိုင် ၁၂ ရက်က အတည်ပြုပြောကြားလိုက်သည်။

ယမန်နှစ် စက်တင်ဘာလအတွင်းက အသက် ၂၄ နှစ်အရွယ် ဒေးဗစ်မေလာအသတ်ခံရမှု၊ အသက် ၂၃ နှစ်အရွယ် ဟန်နာဝီသာရစ်ချ် ဗလက္ကာယပြုကျင့်ခံရပြီး အသတ်ခံရမှုတို့တွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများဖြစ်သည့် ဇော်ဝင်းနှင့် ဇော်ထွန်းတို့အား ဖမ်းဆီး စစ်ဆေးလျက်ရှိသည်။ ၎င်းတို့အနေဖြင့် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက သေဒဏ်ချမှတ်ခံရဖွယ်ရှိသည်။ 

ဝီသာရစ်ချ်၏ ခန္ဓာကိုယ်တွင် တွေ့ရှိရသော ဒီအင်န်အေသည် ဇော်ဝင်းနှင့် ဇော်ထွန်းတို့၏ ဒီအင်န်အေများဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့နှင့် အစိုးရရှေ့နေများက ပြောကြားထားသည်။

တရားပြိုင်ရှေ့နေများက ရဲများထံမှ ဒီအင်န်အေ နမူနာအားလုံးကို စစ်ဆေးလိုကြောင်း တရားသူကြီးများ ထံတွင် တောင်းဆိုခဲ့ရာ တရားရုံးက ခွင့်ပြုခဲ့သည်။ သို့သော် ရဲများ၏ လက်ဝယ်တွင် ကျန်ရှိနေသည့် ဒီအင်န်အေနမူနာများသည် ပြန်လည်စစ်ဆေးရန် သင့်၊ မသင့်အပေါ် ရှုပ်ထွေးမှုများ ရှိနေသည်။ 

အခင်းဖြစ်ပွားသည့် နေရာရှိ  ပေါက်တူး၊ ဖိနပ်၊ ခြေအိတ်နှင့် ပလတ်စတစ်အိတ်များတွင် ကျန်ရှိသည့် ဒီအင်န်အေအနည်းငယ်ကိုသာ စစ်ဆေးနိုင်တော့မည်ဟု တရားလိုရှေ့နေအဖွဲ့ခေါင်းဆောင် နာခွန်ချောင်ပူချတ်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags