ငြိမ်းချမ်းရေးအတွက် အခက်အခဲ အားလုံးကို အတူတကွ ကျော်ဖြတ်ရင်ဆိုင်မည်

ငြိမ်းချမ်းရေးအတွက် အခက်အခဲ အားလုံးကို အတူတကွ ကျော်ဖြတ်ရင်ဆိုင်မည်

နေပြည်တော်၊ စက်တင်ဘာ ၃ ။            ။ ငြိမ်းချမ်းရေးအတွက် အခက်အခဲအားလုံးကို ကျော်ဖြတ်ရင်ဆိုင်မည်ဖြစ်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပြည်သူလူထု၏ ဆန္ဒများအောင်မြင်ရန် “ အနောက်ကနေ ဆိုရင်လည်း နောက်ကနေပေးမယ်။ ရှေ့ကခံဆိုရင်လည်း ရှေ့က ခံပေးမယ်။ ဒါဟာ အစိုးရကောင်းများရဲ့ တာဝန်ဖြစ်ပါတယ်။ အစိုးရကောင်းတစ်ခုဖြစ်ဖို့ ကြိုးစားနေပါတယ်။ ” ဟု ငြိမ်းချမ်း ရေးညီ လာခံ နောက်ဆုံးနေ့၌ ကျေးဇူးတင်စကားပြောကြားရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ နောက်ဆုံးနေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် က ကျေးဇူးတင်စကား ပြောကြားခဲ့ခြင်း ဖြစ်ပြီး သူမပြောကြားခဲ့သည့် ကျေးဇူးတင်စကား အပြည့်အစုံကို ဖော်ပြလိုက်ပါသည်။

" ဒီညီလာခံကို လာပြီးတော့ အားပေးတဲ့ပုဂ္ဂိုလ်များ ၊ဒီညီလာခံဖြစ်မြောက်အောင် လုပ်ပေးတဲ့ အထောက်အကူပုဂ္ဂိုလ်များ အားလုံးနဲ့ တကွ ဒီညီလာခံကို မျှော်လင့်ချက်ကြီးစွာနဲ့ စောင့်ကြည့်နေကြတဲ့ ကျွန်မတို့ရဲ့ နိုင်ငံသူ၊နိုင်ငံသားအပေါင်းနဲ့ မိတ်ဆွေများ အပေါင်း၊ ကမ္ဘာတစ်ဝှမ်းရှိမိတ်ဆွေများအပေါင်းကို ကျေးဇူးတင်တယ်ဆိုတာပြောချင်ပါတယ်။ ကျွန်မတို့ ဒီညီလာခံကြီးဟာ ငြိမ်းချမ်း ရေးဖြစ်စဉ်ရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။ ဖြစ်စဉ်တစ်ခုဆိုတာဟာ အစဉ်တစိုက် ဆက်ပြီး  တော့ လုပ်နေရမယ့် ကိစ္စဖြစ်ပါတယ်။

 ကျွန်မတို့ဟာ အခုဒီ ညီလာခံခန်းမအတွင်းမှာရောက်နေတဲ့အချိန်မှသာ ငြိမ်းချမ်းရေး အကြောင်းစဉ်းစားဖို့ မဟုတ်ပါ ဘူး။အစည်းအဝေးတွေကျင်းပတဲ့အချိန်မှသာ ငြိမ်းချမ်းရေးအကြောင်းစဉ်းစားဖို့ မဟုတ်ပါဘူး။ တချိန်လုံး ကျွန်မတို့ဟာ ငြိမ်းချမ်းရေးကို ဘယ်လိုရအောင် ယူကြမလဲ။ ကျွန်မတို့ရဲ့ ပြည်ထောင်စုကြီး ခိုင်ခံ့အောင်လို့ ၊ ကျန်းမာအောင်လို့ ဘယ် လို ကျွန်မတို့ လုပ်ကြမလဲ ဆိုတာကို အစဉ်တစိုက် ကျွန်မတို့ စဉ်းစားနေရမယ့် ကိစ္စဖြစ်ပါတယ် ။ အခုဒီ ညီလာ ခံကြီး အတွင်းမှာ ဆွေးနွေးခဲ့တဲ့ ဆွေးနွေးချက်တွေ အားလုံးကို ပြည်သူလူထုသိနိုင်အောင်လို့ ကျွန်မတို့ တိုက်ရိုက်လွှင့် ပေးပါ တယ်။ ဒီလိုလွှင့်ပေးခြင်းအားဖြင့် လူထုဟာ ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးညီလာခံထဲမှာ မဖြစ်မနေ ပါဝင်ရမယ့် ပုဂ္ဂိုလ်များ ဖြစ်တယ်ဆိုတာလည်း ကျွန်မတို့ နားလည်စေချင်တယ်။

 ကျွန်မတို့ အနေနဲ့ လည်း ကျွန်မတို့ ငြိမ်းချမ်းရေး ရဖို့အတွက် ဘယ်လို အခက်အခဲတွေကို ကျော်လွှားဖို့ လိုမလဲဆိုတာ ကိုလည်း နားလည်စေချင်တယ်။ အခက်အခဲ တွေ ရှိတယ်ဆိုတာ သိမှ ဒီလိုအခက်အခဲတွေကို ဘယ်လိုကျော်လွှားရ မ လဲဆိုတာ အဖြေကို ကျွန်မတို့ ရှာနိုင်မှာဖြစ်ပါတယ်။ အခုဆိုရင် အစုအဖွဲ့အသီးသီးပြောသွားတဲ့ ပုဂ္ဂိုလ်များအရ၊ အစုအ ဖွဲ့များအရ ပြောသွားတဲ့နေရာမှာ ဘယ်သူတွေဟာအတိတ်ကို ပိုပြီးတော့ လှည့်ကြည့်တဲ့နေရာမှာ အားသန်သူလဲ။ ဘယ် သူတွေဟာ အနာဂတ်ကို မျက်နှာမူတဲ့နေရာမှာ အားသန်လဲ ဆိုတာလည်း ပေါ်လာပါ လိမ့်မယ်။

ဒါပေမယ့် ဒါတွေဟာ လည်း ထာဝရမဟုတ်ပါဘူး။ အခုအချိန်မှာ အတိတ်ကိုလှည့်ကြည့်နေတဲ့ ပုဂ္ဂိုလ်များဟာ နောင်တစ် ချိန်မှာ အနာဂတ် ဘက်ကို လှည့်သွားတာလဲ ဖြစ်နိုင်ပါတယ်။ ဖြစ်ဖို့လည်း ကျွန်မတို့ မျှော်လင့်ပါတယ်။ အတိတ်ရဲ့ ချည် နှောင်မှုကို ကျွန်မတို့ ခံနေမှာလား။ အနာဂတ်ကို သတ္တိရှိရှိနဲ့ တည်ဆောက်သွားမှာလားဆိုတာ ကျွန်မတို့ တစ်ဦးချင်း၊ တစ်ဦးချင်း ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ အစုအဖွဲ့တစ်ခုအတွက်လည်း မဟုတ်ပါဘူး။ ပုဂ္ဂိလ် တစ်ဦးတစ်ယောက်အတွက်လည်း မဟုတ်ပါဘူး။ တိုင်းရင်းသားလူမျိုးစု တစ်စုအတွက်လည်း မဟုတ်ပါဘူး။ ကျွန်မတို့ ပြည်ထောင်စုကြီးအတွက် ဖြစ်တယ်ဆိုတာကို ကျွန်မတို့ သဘောပေါက်ဖို့လိုပါတယ်။

ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး ဆိုတာကလည်း ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ သက်ဆိုင်လာပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ရဲ့ ဒီခန်းမထဲမှာ ဒီဖြစ်စဉ်ကို တစ် ကမ္ဘာလုံးကလည်းစိတ်ဝင်စားကြ ပါတယ်။ ဒီလိုငြိမ်းချမ်းရေးရယူဖို့ ဆိုတာ အင်မတန်မှ ခက်ခဲတဲ့ ကိစ္စပါ။ တခြားနိုင်ငံ တွေမှာလည်း ဒီလိုပဲ အခက်အခဲတွေ ကျော်လွှားပြီးတော့ ငြိမ်းချမ်းရေး ရအောင်ယူခဲ့ရ ပါတယ်။ အဲဒီလို ယူခဲ့တဲ့အချိန်မှာ ဆိုလို့ရှိရင် မုဒိတာပွားကြတယ်။ စိတ်ချမ်းသာကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လူ သားချင်းတွေက လူသားတွေ ထဲမှာ ဆိုရင် အချင်းချင်း ဆက်နွယ်မှုဆိုတာရှိနေတာ။ တစ်နေရာမှာ ငြိမ်းချမ်းရေး ရ သွားပြီဆိုရင် ကျွန်မတို့ နိုင်ငံအတွက ်မျှော်လင့်ချက် ရသလို၊ ကျွန်မတို့ နိုင်ငံမှာ ငြိမ်းချမ်းရေး အောင်မြင်တယ်ဆိုရင် တခြား နိုင်ငံတွေ အတွက်လည်း မျှော်လင့်ချက်ပေးရာရောက်ပါတယ်။

 ဒါကြောင့် ကျွန်မတို့အားလုံး ကိုယ့်ရဲ့ တာဝန်ဟာ ဘယ်လောက် ကြီးမားတယ်။ ဒီတာဝန်ကို ကျေကျေပွန်ပွန်ထမ်း ဆောင်နိုင်ဖို့ အခွင့်အရေး ဟာ ဘယ်လောက် ဂုဏ်သိက္ခာရှိတယ်ဆိုတာကို မေ့လို့ မဖြစ်ပါဘူး။အခုဆိုလို့ရှိရင် ကျွန်မတို့ ဒီညီလာခံဟာ ညီလာခံရဲ့ နိဒါန်းပဲ ဖြစ်ပါတယ် ။ ပထမအစည်းအဝေးပါ။ ပထမအစည်းအဝေးတွေ ပြီးလို့ရှိရင် နောင် လည်း စည်းအဝေးတွေ လာဦးမှာပါ။ ဒီအစည်းအဝေးတွေ ကြားထဲမှာလည်း လုပ်စရာတွေက အများကြီးရှိပါတယ်။ အမျိုးသားအဆင့် ဆွေးနွေးပွဲများ လုပ်ဖို့ ဆိုတာဟာ အခုလက်ရှိ ဒီညီလာခံ ပြီးတာနဲ့ ဒီအစည်းအဝေး ပီးတာနဲ့ စတင်ပြီးတော့ ကျွန်မတို့ ပြင်ဆင်ရတော့မှာဖြစ်ပါတယ်။ နောက်ပြီးတော့ ကျွန်မတို့ရဲ့ CSO ဖိုရမ်တွေ ကျင်းပဖို့အတွက် လည်း ကျွန်မတို့ စတင်ပြီးတော့ ပြင်ဆင်ရမှာဖြစ်ပါတယ်။ လုပ်စရာအလုပ်တွေကတော့အများကြီးပါပဲ။ ဒါပေမဲ့ လုပ်ရ ကျိုးနပ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ တကယ်တော့ ကျွန်မတို့လုပ်နေတာဟာ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်အတွက် လုပ်နေတာ ဖြစ်ပါ တယ်။ နိုင်ငံရဲ့အနာဂတ်ဆိုတာ အင်မတန်မှ ကြာရှည်တဲ့ ကာလကြီးပါ။ အနာဂတ်မှာ ဒီနိုင်ငံရဲ့အရိပ်ကို ခိုလှုံသွားရမယ့် ပြည်သူပြည်သားများဆိုတာလည်း မရေမတွက်နိုင်အောင် ရှိလာပါလိမ့်မယ်။ ဒီကမ္ဘာကြီး ဘယ်လောက်ထိ ကြာကြာခံ မလဲ ဆိုတာ ကျွန်မတို့ တစ်ယောက်မှ မသိပါဘူး။ ဒီကနေ့ ကျွန်မတို့နိုင်ငံကို မှီတင်းနေထိုင်သူအားလုံး လုံခြုံဖို့အတွက်၊ ကိုယ်စိတ်နှစ်ဖြာချမ်းသာဖို့အတွက် ကျွန်မတို့ လုပ်နိုင်တယ်ဆိုလို့ရှိရင် ဒါဟာ ကျွန်မတို့ လူဖြစ်ရကျိုးနပ်ပြီလို့ အားလုံးက ပြောနိုင်မှာဖြစ်ပါတယ်။

 ဒါကြောင့် ကျွန်မတို့ညီလာခံကို တက်ရောက်လာတဲ့ကိုယ်စားလှယ်များအားလုံး၊ ဒီညီလာခံရဲ့ အောင်မြင်မှုမှာ ပါဝင် ရမယ့် ကိုယ်စားလှယ်များအားလုံးဟာ လူဖြစ်ရကျိုးနပ်အောင် ကြိုးစားကြပါလို့ ကျွန်မအနေနဲ့ တိုက်တွန်းချင် ပါတယ်။ ကျွန်မတို့ဟာ ဒီလောကကြီးမှာ လာသွားတာဟာ တစ်ခဏပါပဲ။ အသက်ဘယ်လောက်ရှည်နိုင်မလဲ၊ ကျွန်မနားလည်သ လောက်က တော့ ဒီကမ္ဘာမှာ အသက်အရှည်ဆုံးနေခဲ့ဖူးတဲ့ပုဂိုလ်ဟာ ၁၂၀ ကျော်ကျော်လောက်ဖြစ်ပါတယ်။ ၁၂၀ ဆို တာလည်း ဘာမှ မဟုတ်ပါဘူး။ နိုင်ငံတစ်နိုင်ငံရဲ့ သက်တမ်းနဲ့ စာလို့ရှိရင်၊ ကမ္ဘာကြီးရဲ့ သက်တမ်းနဲ့စာလို့ရှိရင် ၁၂၀ ဆို တာ ဘာမှမဟုတ်ပါဘူး။ အဲ့တော့ ကျွန်မတို့ ကံကောင်းလို့၊ ကျန်းမာရေးကောင်းလို့ ၁၂၀ အထိ နေနိုင်တယ်ပဲ ဆိုပါဦးစို့။ ဒီ ၁၂၀ ဆိုတာ တစ်ခဏလေးပါပဲ။ ကျွန်မတို့လို အသက်ရောက်ရှိနေတဲ့သူတွေဆိုလို့ရှိရင် ၁၂၀ အထိ နေရမယ်ဆိုရ တောင် သိပ်မကျန်တော့ပါဘူး။ ဒီတော့ ကျွန်မတို့ဟာ ကိုယ်ရှိတဲ့အချိန်လေးကို တန်ဖိုးရှိအောင်လို့ သုံးကြပါစို့။

ကိုယ်ရှိတဲ့အချိန်လေးကို အရင်တုန်းက ဖြစ်ခဲ့တဲ့ကိစ္စတွေကို ပြန်လှည့်ကြည့်ပြီးတော့ အာဃာတတွေ ပွားနေမယ့်အစား၊ တစ်ဦးပေါ်တစ်ဦး သံသယတွေ ပွားနေမယ့်အစား ကျန်တဲ့အချိန်အတွင်းမှာ ဘယ်လို ဒီအာဃာတတွေ ပျောက်အောင် လုပ်မလဲ။ ဘယ်လို ဒီသံသယတွေ ကင်းစင်သွားအောင် လုပ်မလဲ။ ဘယ်လိုကောင်းမွန်တဲ့ တန်ဖိုးရှိတဲ့ အမွေအနှစ် တစ်ခုကို ချထားခဲ့မလဲဆိုတာ စဉ်းစားကြပါစို့လို့ ကျွန်မအနေနဲ့ တိုက်တွန်းချင်ပါတယ်။

အခု ကျွန်မတို့ ညီလာခံအတွင်းမှာ တစ်ခါတစ်လေလည်း အထစ်အငေါ့လေးတွေ ဖြစ်တယ်ပေ့ါနော်။ မကြည်လင်တဲ့ ကိစ္စလေးတွေလည်း ရှိပါလိမ့်မယ်။ ဒါပေမဲ့လည်း ဒီညီလာခံဖြစ်မြောက်အောင်လို့ လုပ်ပေးတဲ့ ပုဂိုလ်များအားလုံးကို ကျွန်မ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ အချိန်ကလည်း သိပ်ရှိခဲ့တာမဟုတ်ပါဘူး။ ရှိခဲ့တာမဟုတ်ဘူး ဆိုတော့ တစ်ချို့ကလည်း မေးပါတယ်။ ဒီလိုဆို ဘာလို့ အမြန်လုပ်လဲ။ ဘာဖြစ်လို့ မစောင့်သလဲဆိုတော့ ဒါစောင့်ရမယ့် ကိစ္စမျိုးလည်း မဟုတ်ပါဘူး။ ကျွန်မတို့မှာ ရှိတဲ့အချိန်ကို လုပြီးတော့ လုပ်နေရတာပါ။ ရှိတဲ့အချိန်ကိုလုပြီးလုပ် နေတာ ဆိုတာ ကျွန်မတို့အတွက်လည်းမဟုတ်ဘူး။ ကျွန်မတို့ရဲ့ အစိုးရအတွက်လည်း မဟုတ်ဘူး။ နောင်လာမယ့် မျိုးဆက်တွေအတွက် ဖြစ်ပါတယ်။

ကျွန်မတို့အစိုးရပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ပြည်သူလူထုရဲ့ ယုံကြည်မှု ထောက်ခံမှုမရှိရင်တော့ ဘယ်ကိစ္စ ကိုမှ အောင်မြင်အောင်လုပ်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်မတို့ဟာ ပြည်သူလူထုရဲ့ ယုံကြည်မှု၊ ထောက်ခံမှု လေးစားမှုရ အောင်လို့ ဒီညီလာခံကြီးကို ဖြစ်မြောက်အောင်လို့ အားလုံးဝိုင်းပြီးတော့ ကြိုးစားဖို့လိုပါတယ်။ ပြည်သူတွေက ကြည့် နေကြပါတယ်။ ပြည်သူတွေက နားထောင်နေကြပါတယ်။ မျှော်လင့်နေကြပါတယ်။ ပြည်သူတွေက သုံးသပ်နေကြပါ တယ်။ ဘယ်သူတွေဟာ ဘယ်လိုစိတ်ထားရှိတယ်။ ဘယ်လို ပြဿနာတွေကို ကျွန်မတို့တွေအားလုံး ကျော်လွှားရမယ်။ ဘယ်သူတွေဟာ ကျွန်မတို့ရဲ့ နိုင်ငံအတွက် အဓိက စေတနာထားပြီးတော့ ကြိုးစားမယ်ဆိုတာကို ပြည်သူတွေက ဆုံးဖြတ်မှာပါ။

ကျွန်မတို့ လူတစ်ဦးရဲ့တန်ဖိုးဆိုတာ တစ်နေ့ တစ်နေ့ ပြောင်းနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေ့တိုင်း နေ့တိုင်းဟာ နေ့အသစ်ပါ။ နေ့တိုင်း နေ့တိုင်းတာဟာ အခွင့်ကောင်းပါ။ အခွင့်အရေးအသစ်ပါ။ တစ်နေ့ပြန်ပြီးတော့ မိုးမှောင်ရာကနေ မနက်မိုးလင်းတာနဲ့ တစ်နေ့ပြန်ပြီးတော့ အခွင့်အရေးသစ်တွေ ရလာတာပါ။ ဒီအခွင့်အရေးသစ်တွေကို ထိုက်ထိုက်တန်တန် သုံးကြပါလို့ ကျွန်မ တိုက်တွန်းချင်ပါတယ်။ ထိုက်ထိုက်တန်တန် သုံးခြင်းအားဖြင့် ကျွန်မတို့လိုချင်တဲ့ပန်းတိုင်ကို ရမှာပါ။

 အခုပြောသွားတဲ့ထဲမှာ ပွင့်ပွင့်လင်းလင်း ဝေဖန်တာတို့ တိုက်ခိုက်တာတို့လည်း ပါသွားပါတယ်။ ဒီကိုယ်စားလှယ်တွေ ထဲမှာ။ ကျွန်မကလည်း ဒီလိုဖြစ်တာဟာ ဘာမှ ကြောက်စရာမရှိဘူးလို့။ ကျွန်မ ဒီလိုပဲ ယုံကြည်ပါတယ်။ စိုးရိမ်စရာ မရှိပါဘူး။ ပြသနာကို စိုးရိမ်စရာမရှိပါဘူး။ ပြဿနာ မရှိချင်ယောင်ဆောင်ကြတာကသာ စိုးရိမ်စရာဖြစ်ပါတယ်။ ပြဿနာ မရှိချင်ယောင်ဆောင်နေလို့ရှိရင်တော့ ပြဿနာတွေ ကျွန်မတို့ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ သတ္တိရှိရှိနဲ့ ကျွန် မတို့ ဒီပြဿနာတွေကို ရင်ဆိုင်မယ်။ ရင်ဆိုင်နိုင်တဲ့ အရည်အချင်းတွေကို ကျွန်မတို့ မွေးထုတ်မယ်။ အတူလက်တွဲပြီး တော့ တစ်ဦးကိုတစ်ဦး ကူညီမယ်။ ဖေးမမယ်။ တစ်ဦးရဲ့အမြင်ကို တစ်ဦးက လေးစားမယ်။ နားထောင်မယ်။ သဘော ချင်းမတိုက်ဆိုင်ရင်တောင်မှ ဘာကြောင့် မတိုက်ဆိုင်တဲ့ သဘောထားတွေ ရှိနေတာလဲဆိုတာ စဉ်းစားရမယ်။ ဒါမှ ကျွန်မတို့ အားလုံးဟာ ညီညီညွတ်ညွတ်နဲ့ ဆက်ပြီးတော့ လိုချင်တဲ့ ငြိမ်းချမ်းရေးပန်းတိုင်ကို ရောက်သွားနိုင်မှာ ဖြစ်ပါတယ်။

ကျွန်မကတော့ ဒီအစည်းအဝေးကို နေ့တိုင်းလည်း မတက်ခဲ့ပါဘူး။ အစည်းအဝေး ဖွင့်ပွဲနေ့နဲ့ အခု ဒီအစည်းအဝေးပြီး တဲ့အချိန်မှာ လာပြီးတော့ ကျေးဇူးတင်ကြောင်း ပြောတာပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ ကျွန်မဟာ ဒီဖြစ်စဉ်ကြီးကို အလေးမထားလို့ မဟုတ်ပါဘူး။ ကျွန်မ အင်မတန်မှ အလေးထားပါတယ်။ ဒါပေမဲ့လည်း ကျွန်မတို့ရဲ့ မူတစ်ခုက ဘာလဲဆိုတော့ ကျွန်မတို့နိုင်ငံရဲ့ အဓိကအင်အားဟာ ဘယ်မှာရှိသလဲဆိုတော့ ပြည်သူထဲမှာရှိတယ်ဆိုတဲ့ မူပေါ်မှာ ကျွန်မတို့ အခြေခံပါတယ်။ ခေါင်းဆောင်ကြီးတွေဆီမှာ အဓိကအင်အား မရှိပါဘူး။ နိုင်ငံ့ခေါင်းဆောင်လုပ်တဲ့သူများ၊ နိုင်ငံကို ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ဆိုတာ ပြည်သူလူထုရဲ့ဆန္ဒနဲ့ ကိုက်ညီစွာ၊ ပြည်သူလူထုရဲ့ မျှော်မှန်းချက်တွေကို ဖြည့်ဆည်းပေးဖို့တာဝန်ဟာ အကြီးမားဆုံးတာဝန်ဖြစ်ပါတယ်။

ကျွန်မတို့ဟာ လိုအပ်တဲ့အချိန်မှာ ပံ့ပိုးပေးမယ်။ လိုအပ်တဲ့ အချိန်မှာ ပြည်သူလူထုရဲ့ ဆန္ဒတွေအောင်မြင်ဖို့အတွက် အနောက်ကနေဆိုရင်လည်း နောက်ကနေပေးမယ်။ ရှေ့ကခံဆိုရင်လည်း ရှေ့က ခံပေးမယ်။ ဒါဟာ အစိုးရကောင်း များရဲ့ တာဝန်ဖြစ်ပါတယ်။ အစိုးရကောင်းတစ်ခုဖြစ်ဖို့ ကြိုးစားနေပါတယ်။ ပြည်သူလူထုတွေ လိုချင်တဲ့ ငြိမ်းချမ်းရေးရ နိုင်ဖို့ ရှေ့ကနေ ဦးဆောင်ပြီးခံပါ ဆိုရင်လည်း ရှေ့ကနေ ဦးဆောင်ပြီးခံပါ့မယ်။ အနောက်ကနေ ဦးဆောင်ပြီးတော့ ကာပါ ဆိုရင်လည်း အနောက်ကနေခံပြီးတော့ ကျွန်မတို့ ကာပါ့မယ်။

 ဒီလိုစိတ်ထားနဲ့ ကျွန်မတို့အစိုးရအဖွဲ့ဟာ ငြိမ်းချမ်းရေးညီလာခံကြီးအောင်မြင်ဖို့ အတွက် ၂၁ ပင်လုံဟာ အရင် ကျွန်မ တို့ ၁၉၄၇ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ ပင်လုံလိုပဲ ကျွန်မတို့ နိုင်ငံရဲ့ သမိုင်းမှာ ဝံ့ကြွားစရာ၊ ဂုဏ်ယူစရာ၊ အားတက်စရာ အခမ်းအနားကြီးတစ်ခု ၊ အခင်းအကျင်းကြီးတစ်ခု၊ ဖြစ်စဉ်ကြီးတစ်ခု ဖြစ်နိုင်ဖို့အတွက် ဝိုင်းဝန်းပြီးတော့ ကြိုးစားကြပါလို့ ကျွန်မအနေနဲ့ တိုက်တွန်းရင်းနဲ့ နိဂုံးချုပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့  ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly