မန်ယူသို့ ပေါင် ၁၂ ဒသမ ရ သန်းဖြင့် ဒါမီယန်တရားဝင်ရောက်ရှိ

မန်ယူသို့ ပေါင် ၁၂ ဒသမ ရ သန်းဖြင့် ဒါမီယန်တရားဝင်ရောက်ရှိ

ဇူလိုင် ၁၂၊ မန်ချက်စတာ။ ။ တိုရီနိုနောက်ခံလူ ဒါမီယန်သည် မန်ယူအသင်းသို့ ပြောင်းရွှေ့ကြေး ပေါင် ၁၂ ဒသမ ၇ သန်းဖြင့် တရားဝင်ရောက်ရှိသွားပြီဖြစ်သည်။ အသက် ၂၅ နှစ်အရွယ်ရှိ ယင်းအီတလီနောက်ခံလူသည် မန်ယူနှင့်လေးနှစ်စာချုပ် ချုပ်လိုက်ဖြင်းဖြစ်ပြီး တစ်နှစ်သက်တမ်းထပ်မံတိုးမြှင့်ခွင့်လည်းရမည် ဖြစ်သည်။

မန်ယူနည်းပြဗန်ဟားလ်သည် ညာနောက်ခံကစားသမား ရာဖေးလ်ကိုနှစ်သက်ခြင်းမရှိဘဲ ပြီးခဲ့သည့်နှစ်တွင် ကွင်းလယ်တောင်ပံကစားသမား ဗလင်စီယာမှာ ယင်းနေရာ၌ကစားခဲ့ရသဖြင့် ညာနောက်ခံလူသစ်တစ်ဦးကို လိုချင်နေခဲ့ခြင်းဖြစ်သည်။

"မတ်တီယိုဒါမီယန်ဟာ ညာနောက်ခံနေရာမှာကျင်လည်စွာကစားနိုင်ရုံသာမကဘဲ ခံစစ်အတွင်းနဲ့ ဘယ်ခြမ်းမှာလည်း ကစားနိုင်သူဖြစ်ပါတယ်။ ကစားအား ကောင်းသူဖြစ်ပြီး တိုက်စစ်ကိုကောင်းကောင်းလိုက်ပါကစားနိုင်တာကလည်း ပရီးမီးယားလိဂ်နဲ့ ကိုက်ညီပါတယ်။ အသင်းအတွက်ကောင်းမွန်တဲ့ အင်အားဖြည့်တင်းမှုဖြစ်ပြီး မကြာခင်ရက်ပိုင်းအတွင်းအလုပ်အတူတွဲလုပ်ရတော့မှာဖြစ်လို့ ဝမ်းမြောက်စွာကြိုဆိုပါတယ်"ဟု ဗန်ဟားလ်က ပြောသည်။

အီတလီလက်ရွေးစင်အသင်းအတွက် ၁၃ ပွဲကစားထားသည့် ဒါမီယန်ကလည်း ပရီးမီးယားလိဂ်ချန်ပီယံအကြိမ် ၂၀ ရထားသည့် မန်ယူအသင်းနှင့်လက်တွဲခွင့်ရသည့်အတွက် အိပ်မက်များအကောင်ထည်ပေါ်လာခြင်းဖြစ်သည်ဟု ဆိုသည်။

ဘာစီလိုနာနှင့်အေဂျက်ဇ်နည်းပြဟောင်း ဗန်ဟားလ်လက်အောက်တွင်ကစားရမည်ဖြစ်၍ စိတ်လှုပ်ရှားမိသည်ဟုလည်း အေစီမီလန်လူငယ် ကစားသမားဟောင်းက ပြောသည်။

"မန်ယူကိုပြောင်းရတာက အိပ်မက်တွေအမှန်တကယ်ဖြစ်လာတာပါ။ တိုရီနိုမှာဖြတ်သန်းခဲ့ရတဲ့အချိန်တွေကို မြတ်နိုးမိပြီး အရာရာလုပ်ပေးခဲ့တဲ့ အသင်းနဲ့ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ဆန္ဒဖြစ်တဲ့ ကမ္ဘာ့အကြီးဆုံးအသင်းတစ်သင်းမှာ ကစားခွင့်ရလာတဲ့အခွင့်အရေးကို သူတို့ နားလည်ပေးနိုင်ကြမယ်လို့ ထင်ပါတယ်။ နည်းပြလောကမှာ အောင်မြင်မှုများစွာရထားတဲ့ နည်းပြကြီးဗန်ဟားလ်လက်အောက်မှာ ကစားရမှာဖြစ်လို့လည်း စိတ်လှုပ်ရှားမိပါတယ်"ဟု ဒါမီယန်က ပြောသည်။

တိုရီနိုအသင်းကလည်း ဒါမီယန်၏ပေးဆပ်မှုများအတွက် ကျေးဇူးတင်ကြောင်းနှင့် အတွေ့အကြုံသစ်များကို အကောင်းဆုံးကျေနပ်မှုရနေလိမ့်မည်ဟု မျှော်လင့်ကြောင်း အစောပိုင်းကတည်းက အသင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။ ဒါမီယန်သည် တနင်္လာနေ့တွင် အမေရိကန်ခြေ စမ်းခရီးစဉ်၌ မန်ယူအသင်းနှင့်ပူးပေါင်းလိမ့်မည်ဟု မျှော်လင့်ရသည်။

ရည်ညွှန်း မယ်ရာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly