အမျိုးသမီးတစ်ဦးချင်း ၀င်ဘယ်ဒန်ချန်ပီယံဆုကို ဆရီနာဝီလျံ သိမ်းပိုက်

အမျိုးသမီးတစ်ဦးချင်း ၀င်ဘယ်ဒန်ချန်ပီယံဆုကို ဆရီနာဝီလျံ သိမ်းပိုက်

အင်္ဂလန်၊ ဇူလိုင် ၁၂။ ။ ကမ္ဘာ့အဆင့်တစ် တင်းနစ်မယ် ဆရီနာဝီလျံသည် ဝင်ဘယ်ဒန်အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် စပိန် တင်းနစ်မယ် မက်ဂူရူဇာကို ၆-၄၊ ၆-၄ ဖြင့် နှစ်ပွဲပြတ် အနိုင်ရရှိပြီး ချန်ပီယံဆုကို သိမ်းပိုက်သွားခဲ့သည်။

အသက် ၃၃ နှစ်အရွယ်ရှိ ဆရီနာဝီလျံသည် ဂရင်စလင်းပြိုင်ပွဲ လေးခုဆက်တိုက် ချန်ပီယံဆုကို ဆွတ်ခူးနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အသက်အကြီးဆုံး ဂရင်းစလင်းချန်ပီယံအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

ယခု ဆရီနာဝီလျံရရှိသည့် ချန်ပီယံဆုသည် ၂၁ ကြိမ်မြောက် ဂရင်းစလင်းချန်ပီယံဆု ဖြစ်သည်။ ဆရီနာသည် ဝင်ဘယ်ဒန်ချန်ပီယံဆုကို ၂၀၁၂ ခုနှစ်က နောက်ဆုံးရရှိထားပြီး ယခုရရှိခြင်းမှာ ခြောက်ကြိမ်မြောက်ဖြစ်သည်။ ၎င်းသည် သြစတြေးလျအိုးပင်းချန်ပီယံဆု ခြောက်ကြိမ်၊ ယူအက်စ်အိုးပင်းချန်ပီယံဆုကို ခြောက်ကြိမ်နှင့် ပြင်သစ်အိုးပင်း ချန်ပီယံဆုကို သုံးကြိမ် ရရှိထားသည်။

ယခုအချိန်တွင် ဆရီနာသည် အမျိုးသမီးတင်းနစ်လောကတွင် အအောင်မြင်ဆုံးဖြစ်သည့် စတက်ဖီဂရပ်ဖ်၏ ၂၂ ကြိမ် ချန်ပီယံဆုကို လိုက်မီရန် တစ်ကြိမ်သာ လိုအပ်တော့သည်။

ဆရီနာအနေဖြင့် လာမည့်လတွင် ကျင်းပမည့် ယူအက်စ်အိုးပင်းပြိုင်ပွဲတွင် ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ပါက စတက်ဖီဂရပ်ဖ်၏ စံချိန်ကို လိုက်မီသွားမည် ဖြစ်သည့်အပြင် ၁၉၈၈ ခုနှစ်က စတက်ဖီဂရပ်ဖ်စွမ်းဆောင်ခဲ့သော တစ်နှစ်အတွင်း ဂရင်းစလင်းချန်ပီယံဆုလေးဆုစလုံးကို ရရှိသည့် စံချိန်နှင့်လည်း တူညီသွားမည် ဖြစ်သည်။

ဝယ်ဘယ်ဒန်ဗိုလ်လုပွဲတွင် အနိုင်ရခဲ့ပြီးနောက် ဆရီနာဝီလျံက 'တကယ်ကို ဝမ်းမြောက်ကျေနပ်စရာကောင်းတဲ့ ခံစားချက်ပါပဲ။ ဆရီနာစလင်း(Serena Slam)လို့ ခေါ်နေကြတာနဲ့ ပတ်သက်ပြီး ဘာမှမပြောလိုပါဘူး။ ကျွန်မသိတာတစ်ခုပဲ ရှိပါတယ်။ ဝင်ဘယ်ဒန်ချန်ပီယံဆုကို ရရှိလိုတာပါပဲ။ ဒီဆုကို ရခဲ့တော့ တကယ်ကို အံ့သြဝမ်းမြောက်ရပါတယ်။ ဒီခံစားချက်က တကယ်ကို ကောင်းမွန်ပါတယ်' ဟု ပြောသည်။

ထို့အပြင် ဆရီနာက ဆီဒင်အဆင့် ၂၀ သတ်မှတ်ခံထားရသော်လည်း ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့သည့် အသက် ၂၁ နှစ်အရွယ်ရှိ မက်ဂူရူဇာသည် ချန်ပီယံအစစ်တစ်ဦးဖြစ်ကြောင်း အနာဂတ်တွင် ဝင်ဘယ်ဒန်ချန်ပီယံဆုကို ရရှိမည့်သူဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ဝင်ဘယ်ဒန်ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည့်အတွက် မက်ဂူရူဇာသည် ကမ္ဘာ့အဆင့် ၂၀ မှ အဆင့် ၉ သို့ ရောက်ရှိလာခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly