ပေါ်တိုသို့ပြောင်းရန် ကာဆီးလက်စ်သဘောတူညီမှုရခဲ့ပြီဟု ရီးယဲလ်အတည်ပြု

ပေါ်တိုသို့ပြောင်းရန် ကာဆီးလက်စ်သဘောတူညီမှုရခဲ့ပြီဟု ရီးယဲလ်အတည်ပြု

ဇူလိုင် ၁၂၊ မက်ဒရစ်။ ။ ဂိုးသမား ကာဆီးလက်စ်သည်ပေါ်တိုသို့ပြောင်းရွှေ့ရန် သဘောတူညီမှုရသွားပြီဟု ရီးယဲလ်မက်ဒရစ်အသင်းက အတည်ပြုကြေညာလိုက်သည်။

အသက် ၃၄ နှစ်အရွယ်ရှိ ကာဆီးလက်စ်၏အပြောင်းအရွှေ့သတင်းနှင့်အတူ ကစားသမားဖြစ်သူ၏ပေးဆပ်မှုများအတွက် ကျေးဇူးတင်သည် ဟုလည်း အသင်းပိုင်ဝက်ဆိုက်တွင် စနေနေ့က ဖော်ပြထားသည်။

"ကာဆီးလက်စ်အတွက် ပေါ်တူဂီကလပ်ပေါ်တိုနဲ့ သဘောတူညီမှုရခဲ့ပါပြီ။ ကာဆီးလက်စ်ဟာ ရီးယဲလ်မက်ဒရစ်အသင်းအတွက်အကောင်း ဆုံးဂိုးသမားအဖြစ်သာမက စပိန်ဘောလုံးသမိုင်းနဲ့ ရီးယဲလ်သမိုင်းမှာ အကောင်းဆုံးဂိုးသမားတစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့် မျှော်လင့်ချက်၊ အိပ်မက်၊ စွန့်လွှတ်မှု၊ အောင်မြင်မှုတွေ ပြည့်ဝနေတဲ့ နှုတ်ဆက်မှုအကြိမ်တစ်သန်းလောက်လုပ်ရမယ့် အချိန်ပါပဲ။ ကာဆီးလက်စ်ဟာ ကျွန်တော်တို့ရဲ့ ဒိုင်းလွှားတွေကိုပိုကြီးအောင်လုပ်ပေးခဲ့တယ်။ ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေအတွက် ၂၅ နှစ်တာ ဦးဆောင်ပေးခဲ့တယ်"ဟု ရီးယဲလ်မက်ဒရစ်အသင်းဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

ရီးယဲလ်နှင့် ပေါ်တိုအသင်းတို့မှာ ကာဆီးလက်စ်၏ပြောင်းရွှေ့ကြေးအတွက် အတန်ကြာဆွေးနွေးခဲ့ရပြီး ကြာသပတေးနေ့အထိ ဆက်လက် ညှိနှိုင်းနေဆဲအခြေအနေတွင် ကာဆီးလက်စ်အသင်းပြောင်းခွင့်မရနိုင်ဟု သုံးသပ်မှုများထွက်ပေါ်ခဲ့သည်။ သို့သော်နောက်ဆုံးတွင် သဘော တူညီမှုရသွားပြီဖြစ်၍ ရီးယဲလ်အသင်းက မန်ယူဂိုးသမား ဒီဂီယာကို ခေါ်ယူရန်ပိုမို အရှိန်မြှင့်လာနိုင်သည်။

ကာဆီးလက်စ်သည် ရီးယဲလ်မက်ဒရစ်အသင်းတွင် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ၁၆ နှစ်တာဖြတ်သန်းခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၇၂၅ ပွဲကစားပေးခဲ့သည်။ တစ်ဦးချင်းနှင့် အသင်းလိုက်ဆုဖလားများစွာရရှိခဲ့ပြီး လာလီဂါဖလား ငါးကြိမ်၊ ကိုပါဒယ်ရေး သုံးကြိမ်နှင့် ချန်ပီယံ လိဂ်သုံးကြိမ်လည်း ပါဝင်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly