မန်ယူအသင်း၏ ပရီးမီးယားလိဂ်ကစားသမား စာရင်းတွင် ရှဝိန်းစတိုင်ဂါ ပါ၀င်လာ

မန်ယူအသင်း၏ ပရီးမီးယားလိဂ်ကစားသမား စာရင်းတွင် ရှဝိန်းစတိုင်ဂါ ပါ၀င်လာ

စက်တင်ဘာ ၂၊ အင်္ဂလန် ။             ။ နည်းပြမော်ရင်ဟို၏ ချန်လှပ်ခြင်းခံထားရသော ဂျာမနီကွင်းလယ်ကစားသမား ရှဝိန်းစတိုင်ဂါသည် အပြောင်းအရွှေ့ရာသီပိတ်သိမ်းပြီးနောက် ပရီးမီးယားလိဂ်နောက်ဆုံးလူစာရင်ဖြတ်ချိန်တွင် မန်ယူအသင်း၏ ကစားသမား ၂၅ ဦးစာရင်း၌ ပါဝင်လာခဲ့သည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။

ရှဝိန်းစတိုင်ဂါသည် ပြီးခဲ့သည့်ရာသီက မန်ယူအသင်းသို့ရောက်ရှိလာခဲ့သူဖြစ်ပြီး နည်းပြဗန်ဟားလ်လက်ထက်တွင် ပရိသတ်များသဘောကျလောက်အောင်ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့သူ ဖြစ်သည်။ ဒဏ်ရာများနှင့်ရုန်းကန်နေရသော ရှဝိန်းစတိုင်ဂါကို နည်းပြသစ်မော်ရင်ဟိုက သူ၏အသင်းတွင် ရွေးချယ်ခြင်းမပြုခဲ့ဘဲ ယူ ၂၁ အသင်းတွင်သာ လေ့ကျင့်ခန်းပြုလုပ်စေခဲ့သည်။

ရှဝိန်းစတိုင်ဂါသည် ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က လက်ရွေးစင်ကစားသမားဘဝနောက်ဆုံးပွဲစဉ်ကိုကစားခဲ့ပြီး ဂျာမနီလက်ရွေးစင်အဖြစ်မှ အနားယူခဲ့ပြီ ဖြစ်သည်။

ထိုပွဲပြီးနောက် ရှဝိန်းစတိုင်ဂါအားအနာဂတ်နှင့်ပတ်သက်ပြီး မေးမြန်းခဲ့ရာတွင် ‘မော်ရင်ဟိုနဲ့ ပုဂ္ဂိုလ်ရေး ပြဿနာမရှိပါဘူး။ ကျွန်တော့်ရဲ့အရည်အချင်းကို အခုအချိန်အထိ ယုံကြည်နေဆဲပါ။ အခွင့်အရေးသာရမယ်ဆိုရင် မန်ယူကို ကူညီနိုင်ပါသေးတယ်။

ဘယ်လိုတိုးတက်မှုတွေရှိလာမလဲဆိုတာ စက်တင်ဘာနဲ့နိုဝင်ဘာလလောက်အထိ စောင့်ကြည့်ပါမယ်။ သေချာတာကတော့ ဘောလုံးကစားတာကို ရပ်တန့်လိုက်မှာ မဟုတ်ပါဘူး။

မေဂျာလိဂ်ရဲ့အပြောင်းအရွှေ့ရာသီက ပိတ်သွားပါပြီ။ ဒီနှစ်တော့ မဖြစ်နိုင်တော့ပါဘူး။ ဒါပေမဲ့ အမေရိကန်မှာ သွားကစားဖို့က အနာဂတ်အစီအစဉ်တစ်ခုပါ’ ဟု ပြောဆိုခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly