နေရာကျဉ်းကျဉ်းနဲ့ စီးပွားဖြစ် ပဲပင်ပေါက် ဖောက်ကြရအောင်

02 September 2016
နေရာကျဉ်းကျဉ်းနဲ့ စီးပွားဖြစ် ပဲပင်ပေါက် ဖောက်ကြရအောင်

မြေနေရာ အခက်အခဲရှိသူတွေအတွက် ပဲပင်ပေါက်ကို စီးပွားဖြစ် ပုံးနဲ့ ပဲပင်ပေါက်ဖောက်တဲ့ နည်းစနစ်ပဲ ဖြစ်ပါတယ်။

ပထမဦးဆုံး ပဲစေ့တွေကို ရေနဲ့ သန့်စင်စွာ ဆေးကြောပေးရပါမယ်။ ပြီးရင်တော့ ပဲစေ့တွေကို အက်ကြောင်းပေါ်လာတဲ့အထိ ရေစိမ်ပေးထားရမှာပါ။ ရေစိမ်ပြီးသား ပဲစေ့တွေကိုတော့ ပဲပင်ပေါက် ဖောက်မယ့် ပုံးထဲကို ထည့်ပြီး ရေများများ လောင်းပေးရမှာဖြစ်ပါတယ်။ ပုံးထဲက ပဲစေ့တွေကိုတော့ နေ့စဉ် ၂ နာရီခြား တစ်ကြိမ် ရေလောင်းပေးရမှာပါ။ သုံးရက်ခန့်ကြာရင်တော့ မိမိတို့လိုချင်တဲ့ ပဲပင်ပေါက်ကို ရရှိမှာဖြစ်ပါတယ်။ ပဲစေ့တွေထည့်ထားတဲ့ပုံးတွေကို တစ်ခုပြီးတစ်ခု အထပ်လိုက်လုပ်ပြီးတော့ ပဲပင်ပေါက် ဖောက်နိုင်တဲ့အတွက် နေရာ အခက်အခဲမရှိနိုင်ပဲ စီးပွားဖြစ် လုပ်ကိုင်နိုင်တာလည်း ဖြစ်ပါတယ်။

ပဲပင်ပေါက် စီးပွားဖြစ် စိုက်ပျိုးနေသူတစ်ဦးက ပဲပင်ပေါက် ပုံးနဲ့ဖေါက်တဲ့နည်းကို အခုလိုပြောပြပါတယ်။

“ဒီမှာကတော့ အကိုတို့က မတ်ပဲတစ်မျိုးလောက်ပဲ အဓိကထားပြီးတော့ ဖောက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မတ်ပဲကလည်း ဖြစ်ထွန်းအောင်မြင်တယ်။ တစ်ခါတစ်ရံမှာ အဆင်မပြေလို့ အကိုတို့ ပဲတီစိမ်းနဲ့လည်း ဖောက်ခဲ့ဖူးတယ်။ ဒါပေမယ့် အဆင်မပြေဘူး။ ဈေးကွက်မဝင်ဘူး။ အခုလိုပေါ့ ညီလေးတို့ ဈေးထဲမှာ ချရောင်းနေတဲ့ ပဲပုံစံမျိုးတွေရဲ့ အရည်အသွေးကို မမှီဘူးဖြစ်နေတယ်။ အဲဒါ ပဲတီစိမ်း။ အကိုတို့ လက်ရှိသုံးနေတာကတော့ မတ်ပဲ။

လုပ်ထုံးလုပ်နည်းကတော့ အများကြီးပေါ့နော်။ အကိုတို့က ပုံးတွေနဲ့ ဖောက်ကြတာဆိုတော့ ပုံးသမားတွေ ရေကြွေးတဲ့ပုံစံတွေ ရှိကြတယ်။ ပျမ်းမျှအားဖြင့် ၂ နာရီခြားတစ်ကြိမ်ဆိုတာက ၅ နာရီနဲ့ ၆ နာရီ ဒီပတ်ဝန်းကျင်မှာပဲ။ ရာသီအပေါ်မှာလည်း မူတည်သေးတယ်။ ရာသီဥတုအလိုက် ပြောင်းလဲသွားတာတွေလည်း ရှိတယ်။ မိုးတွင်းနဲ့ နွေရာသီလောက်ကတော့ သိပ်ပြီးတော့ ပြဿနာမရှိဘူး။ ဒီ ပဲပင်ပေါက် အတိုအရှည်ပေါ်မှာ မူတည်ပြီး နာရီအချိန်တွေ ကစားသွားကြတာတွေ ရှိတယ်။ ရေချိန်လေးတွေ ကစားသွားကြတာ ရှိတယ်။ ကစားတယ်ဆိုတာဒီလိုပေါ့ အတိုး အဆုတ်လေးတွေ လုပ်သွားကြတာပါ။ ဆောင်းရာသီမှာကတော့ ရှိတယ်။

အကိုတို့ဆီမှာက ပြောလေ့ပြောထလည်း ရှိကြတယ်ပေါ့။ မှိုလိုက်တယ်ဆိုတဲ့ ရာသီ။ အဲဒါက ဘာတွေလည်းဆိုတော့ အတိုချုံ့ပြီးတော့ နားလည်အောင် ပြောရမယ်ဆိုရင်တော့ ပဲပုပ်တာပေါ့။ ပဲပင်တွေ ပုပ်သွားတယ်။ ပျက်စီးသွားတယ်။ အဲဒါတွေကတော့ ဆောင်းရာသီမှာ အဖြစ်အများဆုံးပဲ။ ခံလည်းခံရတယ်။ ပြီးတော့ ဈေးကွက်တွေမှာလည်း အရောင်းအဝယ်တွေ ကျဆင်းလာတယ်။ မိုးရာသီနဲ့ နွေရာသီက သိပ်ပြီးတော့ ပြဿနာမရှိဘူး။ မရှိဘူးပဲ ပြောရမှာပေါ့။ ဒီဆောင်းရာသီကတော့ ပြောရမယ်ဆိုရင် ရာသီပေါ် သီးနှံတွေကြောင့်ပေါ့။ ရာသီပေါ်သီးနှံ့တွေက တစ်ရာသီမှာ လှိုင်လှိုင်လေး ထွက်ကြတယ်လေ။ ”

ပဲပင်ပေါက်မှာ ဗီတာမင်အီး အမြောက်အများ ပါဝင်ပါတယ်။ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်များကို စားသုံးခြင်းဖြင့် ဟင်းသီးဟင်းရွက်ထဲမှာ ပါဝင်စေတဲ့ ဓာတ်တိုးစံချိန် ပစ္စည်းများကြောင့် အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေပါတယ်။ ဒါကြောင့် ဟင်းသီးဟင်းရွက်ထဲမှာပါတဲ့ ဗီတာမင်အေ၊ ဘီ၊ စီ၊ အီး စတဲ့ အရာတွေကတော့ လူသားတွေကို နုပျို ကျန်းမာစေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly