စိတ်ဓါတ်အတွေးအခေါ် မြှင့်တင်ရေးတွင် ရသစာပေ၏ အရေးပါမှု

စိတ်ဓါတ်အတွေးအခေါ် မြှင့်တင်ရေးတွင် ရသစာပေ၏ အရေးပါမှု

စာပေသည် ဘဝ၏ ကြေးမုံပြင်ဖြစ်သည်ဟု ဆိုစကားရှိပါသည်။ နောက်ပိုင်းတွင်မူ ယင်းစာပေဆိုင်ရာ ဖွင့်ဆိုချက် ထွေပြားမြင့်တက်လာသည်ကို တွေ့ကြရပြန်ပါသည်။ စာပေသည် ဘဝ၏ကြေးမုံပြင်ဆိုသည်ထက် ဘဝကို ဦးဆောင်လမ်းညွှန်မှုပေးသည့် အနုပညာပစ္စည်းဖြစ်သည်ဟု ဆိုလာကြပြန်ပါသည်။ ထို့နောက် စာပေသည် ပြည်သူ့အတွက် ဖြစ်သည်ဟု လည်းကောင်း၊ စာပေမြင့်မှ လူမျိုးမြင့်မည်ဟူ၍လည်းကောင်း၊ စာပေပျောက်လျင် လူမျိုးပါပျောက်မည်ဟူ၍ လည်းကောင်း စာပေနှင့်ပတ်သက်သော အဆိုအမိန့်များ ရှိပြန်ပါသည်။ မည်သို့ပင် အနက်အဓိပ္ပါယ်များ သဘောထားအမြင်များ ရှိနေသည်ဖြစ်စေ စာပေသည် လူတို့အတွက် အရေးပါ အရာရောက်လှသည့် အနုပညာပစ္စည်းဖြစ်သည့် ယဉ်ကျေးမှုလုပ်ငန်း တစ်ခုဖြစ်သည်ဆိုသည့် အချက်ကိုမူ မည်သူမျှ မငြင်းနိုင်ပါချေ။

စာပေအမျိုးအစား ခွဲခြားလို့ရပြန်ပါသည်။ ကဗျာ၊ အက်ဆေး၊ စာစီစာကုံး၊ ဝတ္ထု၊ စာတမ်း၊ ဝေဖန်စာ၊ သရော်စာ၊ အစရှိသော စာပေမျိုးစိပ်ကွဲများလည်း ရှိပါသည်။ သူ့စာပေအမျိုးအစားအလျောက် သူ့စာပေပုံသဏ္ဍာန်ဖြင့် လူထုအား အကျိုးရှိစေသည်သာဖြစ်ပါသည်။ ထိုအထဲတွင် ရသစာပေဟူသည့် စာပေအမျိုးအစားမှာ စိတ်ဝင်စားဖို့ကောင်းပြီး အရေးပါလှသည်ကို တွေ့ရပါသည်။

မြန်မာနိုင်ငံအနေဖြင့် ရသစာပေအခြေအနေမှာ နိမ့်ဆင်းနေသည်ဟူသည့် ဝေဖန်ထောက်ပြကြသည်မှာ ဆယ်စုနှစ် နှစ်ခုမျှရှိခဲ့ပြီဟု ယူဆမိသည်။ မြန်မာစာပေနယ်ပယ်တွင် ရသစာပေမှာ အသက်ငင်နေသလိုပင် ဖြစ်နေပြီဟုလည်း ပြောသံဆိုသံများ ကြားနေရပါသည်။ ထိုအခါ ဘာ့ကြောင့် ရသစာပေအဆင့်အတန်း နိမ့်ဆင်းသွားရသနည်းဟု စဉ်းစားသည့်အခါ လူတွေ၊ အထူးသဖြင့် စာရေးဆရာများရဲ့ စိတ်ဓါတ်အတွေးအခေါ်အဆင့်အတန်း ကျဆင်းသွားမှုအပေါ်မူတည်နေပြန်သည်ကို တွေ့ရပြန်ပါသည်။ စာပေသည် လူတို့၏ ဘဝကို ထင်ဟပ်သည်ဟု ဆိုထားသည် မဟုတ်ပါလော။

ယခုအခါ မိမိတို့နိုင်ငံ မိမိတို့ပြည်သူတို့၏ တွေးခေါ်မြှော်မြင်မှုအခြေအနေ ယိမ်းယိုင်နိမ့်ဆင်းသွားနေသည်ကို လူတိုင်းလိုလို ထောက်ပြနေကြသည်များရှိပါသည်။ ပတ်ဝန်းကျင်ညစ်ညမ်းစေမှု၊   မေတ္တာတရား ခေါင်းပါးလာနေမှု၊ တာဝန်သိမှု တာဝန်ယူမှု ကင်းမဲ့လာနေခြင်းနှင့် အသိအမြင်ကျဉ်းမြောင်းလာနေမှုမှာ ဘယ်လိုမှငြင်းလို့မရအောင် ကြုံတွေ့နေကြရသည့်ကိစ္စများဖြစ်ပါသည်။ ထို့ကြောင့် လူထုစိတ်ဓါတ်အတွေးအခေါ် ပြန်လည်မြင့်မားလာစေရေး ကြိုးပမ်းမှုများ ဆူဆူညံညံကြားလာရခြင်းဖြစ်သည်။ လူထုစိတ်ဓါတ်အတွေးအခေါ် ပြန်လည်မြင့်မားလာစေရေးအတွက် ပညာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးနယ်ပယ်အသီးသီးက ကြိုးပမ်းကြရမည့်နည်းတူ စာပေနယ်ပယ်အနေဖြင့်လည်း ကြိုးပမ်းရမည့် တာဝန်ရှိပါသည်။

စာပေနယ်ပယ်အတွင်းမှ ရသစာပေသည် လူတို့၏စိတ်ကို သိမ်းသွင်းစည်းရုံးနိုင်မှု အမြင့်ဆုံး စာပေအမျိုးအစားဖြစ်သည်။ သို့သော် လက်ရှိစာပေနယ်ပယ်တွင် ရသစာပေသည် မနည်းပင် အသက်ရှူနေရသည့်သဘော၊ တဖြေးဖြေး သိမ်ငယ်ကျုံလှီလာနေသည့်သဘော ဖြစ်နေသည်။ လူတို့ကို သိမ်းသွင်းစည်းရုံးနိုင်ဖို့နေနေသာသာ သူ့ကိုယ်သူပင် ဆက်လက်အသက်ရှင်ရန် ကြိုးစားရုန်းကန်နေရသည့်သဘောဖြစ်နေသည်။ လက်ရှိစာပေနယ်ပယ်တွင် စီးပွားရေး၊  နိုင်ငံရေး၊ လူမှုရေးစာပေများ ပလူပျံအောင် ထုတ်ဝေနေသည့်တိုင် ရသစာပေမှာ ထုတ်ဝေမှုအရေအတွက် အနည်းဆုံးဖြစ်နေသည်။

ရသစာပေ အခြေအနေဆိုးနေသည်မှာ စာရေးသူ စာရေးဆရာတို့၏ တာဝန်လစ်ဟင်းမှုကြောင့်လည်း ဖြစ်သည်ဟူသည့်  ကောက်ချက်လည်း ရှိပါသည်။ စာဖတ်သူများက အတွေးအမြင်အယူအကိစ္စ၊ ခံစားမှုကိစ္စ နိမ့်ဆင်းသွားသောကြောင့်လည်း ဖြစ်နိုင်ပါသည်။ ထုတ်ဝေသူများက စီးပွားဖြစ် စာပေများကိုသာ ဦးစားပေးထုတ်ဝေလာကြသောကြောင့်လည်း ဖြစ်နိုင်သည်။ ဒီခေတ် ဒီစနစ်ကြီးကိုယ်တိုင်က ရသစာပေကို တဖြေးဖြေးခမ်းခြောက်လာရလေအောင် တွန်းပို့နေသလို ဖြစ်နေသည်ဟူ၍လည်း ယူဆနိုင်ပါသည်။

ထို့ကြောင့် မိမိတို့ပြည်သူများ စိတ်ဓါတ်အတွေးအခေါ်များ ပြန်လည်မြင့်မားလာစေရေး ကြိုးပမ်းကြရသည့် သည်လိုအချိန်မျိုးတွင် ရသစာပေသည်လည်း လွန်စွာအရေးပါသည့် အချက်တစ်ချက်ဖြစ်ကြောင်းနှင့် ရသစာပေများ အမြန်ဆုံး ပြန်လည်ထွန်းကားလာစေရေး သက်ဆိုင်သူများ အဖြေရှာကြဖို့ လိုအပ်ကြောင်း တင်ပြလိုက်ပါသည်။