ကျောနံပါတ် ၃၃ အား ရွေးချယ်ရခြင်းအကြောင်းကို ပီတာချက် ရှင်းလင်း

ကျောနံပါတ် ၃၃ အား ရွေးချယ်ရခြင်းအကြောင်းကို ပီတာချက် ရှင်းလင်း

လန်ဒန်၊ ဇူလိုင် ၁၂။ ။ ချယ်လ်ဆီးအသင်းမှ မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့သွားခဲ့သော ဂိုးသမားပီတာချက်သည် ကျောနံပါတ် ၃၃ ကို ဝတ်ဆင်ကစားမည် ဖြစ်သည်။

ချယ်လ်ဆီးအသင်းတွင် ပထမကစားသမားနေရာမရသည့် ပီတာချက်သည် အာဆင်နယ်အသင်းတွင် ပွဲထွက်ကစားခွင့် ရရှိမည်ဆိုသည့် အာမခံချက်ဖြင့် အသင်းပြောင်းရွှေ့သွားခဲ့ခြင်း ဖြစ်သည်။

အာဆင်နယ်အသင်းတွင် ပိုလန်လက်ရွေးစင်ဂိုးသမား ဆက်ဇီနီမှာ ကျောနံပါတ် ၁ ကို ဝတ်ဆင်လျက်ရှိပြီး ကိုလံဘီယာဂိုးသမား အော့စပင်နာမှာ ကျောနံပါတ် ၁၃ ကို ဝတ်ဆင်ကစားလျက်ရှိသည်။

ပီတာချက်က ကျောနံပါတ် ၃၃ ကို ရွေးချယ်ရခြင်းအကြောင်းအား ယခုကဲ့သို့ ရှင်းလင်း ပြောဆိုခဲ့သည်။ 'နံပါတ် ၃၃ ကို ရွေးချယ်ရတာ လွယ်ပါတယ်။ လက်ရှိအသက်က ၃၃ နှစ်ဖြစ်ပြီး ချယ်လ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်ပွဲစဉ် ၃၃၃ ပွဲကစားပြီးပါပြီ။ အခုအာဆင်နယ်အသင်းနဲ့ အသစ်စတင်တော့မှာပါ။ အသင်းရဲ့ အဓိက ကျောရိုးဖြစ်လိုပါတယ်။ ကျောရိုးအဆစ်ကလည်း ၃၃ ခု ရှိတာပါ' ဟု ပီတာချက်က ပြောသည်။

ပြီးခဲ့သည့်ရာသီအစက အာဆင်နယ်အသင်းတွင် ဆက်ဇီနီမှာ ပထမဦးစားပေးအဖြစ်ကစားခဲ့ရသော်လည်း နည်းပြအာစင်ဝင်းဂါးနှင့် ပြဿနာများဖြစ်ပွားပြီးနောက်တွင် အော့စပင်နာမှာ ပွဲထွက်ကစားသမားဖြစ်လာခဲ့သည်။ ယခု အာစင်ဝင်းဂါးသည် ဝါရင့်ဂိုးသမားပီတာချက်ကို ပထမနေရာ အာမခံချက်ဖြင့် ခေါ်ယူထားခြင်း ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly