“ဝ” ကိုယ်စားလှယ်အဖွဲ ့အပေါ် နိုင်ငံရေးအရခွဲခြားဆက်ဆံခြင်းမရှိခဲ့၊ မည်သူ့ကိုမျှအပြစ်မတင်ကြရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

“ဝ” ကိုယ်စားလှယ်အဖွဲ ့အပေါ် နိုင်ငံရေးအရခွဲခြားဆက်ဆံခြင်းမရှိခဲ့၊ မည်သူ့ကိုမျှအပြစ်မတင်ကြရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

နေပြည်တော်၊ စက်တင်ဘာ ၁ ။  ။ ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒုတိယနေ့တွင် “ ဝ ” ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA/UWSP) တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့ညီလာခံအဖွဲ့အပေါ် နိုင်ငံရေးအရခွဲခြားဆက်ဆံခြင်းမရှိခဲ့ဘဲ ညီလာခံမှ ထွက်ခွာသွားသည့်အပေါ် မည်သူ့ကိုမှအပြစ်မတင်ကြရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က မှာကြားကြောင်း ညီလာခံပူးတွဲကျင်းပရေးကော်မတီ၏ ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။ 

ညီလာခံမှ ပြန်လည်ထွက်ခွာသွားသည့် “ ဝ ” အဖွဲ့ဖြစ်စဉ်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ချက်ချင်းတင်ပြခဲ့ရာတွင် ဖြစ်တတ်သည့် ကိစ္စများသာဖြစ်၍ မည်သူ့ကိုမှ အပြစ်မတင်ကြရန် မှာကြားခဲ့ကြောင်း ညီလာခံပူးတွဲကျင်းပရေးကော်မတီမှ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောသည်။

“နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ သတင်းပို့တဲ့ ဖြစ်စဉ်ကို ရှင်းပြပါတယ်။ ဖြစ်စဉ်ကိုအမှန်အတိုင်းရှင်းပြပေးပါ နောက်ပြီးတော့ ဒါဘယ်သူ့ဘယ်သူကိုမှ အပြစ်မတင်ပါနဲ့ဒါဖြစ်တတ်တဲ့ဟာလေးတွေ နည်းပညာဆိုင်ရာ လွဲမှားမှုလေးတွေရှိတယ်။ အဲ့ဒီအတွက်တော့ ကျနောတို့သွားနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုမထိခိုက်ပါဘူး ” ဟု ဦးဇော်ဌေးကပြောသည်။

“ ဝ တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့အပေါ် နိုင်ငံရေးအရခွဲခြားဆက်ဆံခြင်း လုံးဝမဟုတ်ဘူး၊ လူမျိုးရေးအရခွဲခြားဆက်ဆံခြင်း လုံးဝမဟုတ်ဘူး။ အဖွဲ့အစည်းအရခွဲခြားဆက်ဆံခြင်းလုံးဝမဟုတ်ဘူး၊ နည်းပညာပိုင်း အနည်းငယ် အရ ချို့ယွင်းချက်ဖြစ်တာပါ” ဟု ညီလာခံပူးတွဲကျင်းပရေးကော်မတီမှ ဒေါက်တာဆလိုင်းလျန်မှုန်းက မီဒီယာများကိုပြောသည်။

ညီလာခံသို့တက်ရောက်လာသည့် “ ဝ ” ကိုယ်စားလှယ်အဖွဲ့သည် ၎င်းတို့အား လေ့လာသူ များအဖြစ် သတ်မှတ်သည့် လည်ဆွဲကတ်များသာထုတ်ပေးခဲ့သည့်အပေါ် ခွဲခြားဆက်ဆံခံရပြီး တန်းတူညီမျှမှုမရှိဟုဆိုကာ ညီလာခံ ဒုတိယနေ့နံနက်ပိုင်းတွင် ညီလာခံမှ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

“ ဝ ” ကိုယ်စားလှယ် အဖွဲ့ညီလာခံသို့တက်ရောက်နိုင်ရေးအတွက် ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း နှင့် ညီလာခံပူးတွဲကျင်းပရေးကော်မတီမှ ဦးခင်ဇော်ဦးတို့သည် ပြီးခဲ့သည့် လပိုင်းက “ ဝ ” ဒေသသို့သွားရောက်၍ ညှိနှိုင်းမှုများပြုလုပ်ခဲ့သည်။

“ ဝ ” တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့သည် ညီလာခံမှ ထွက်ခွာသွားခဲ့သော်လည်း ညီလာခံပူးတွဲကျင်းပရေးကော်မတီမှ ဦးခင်ဇော်ဦးထံ စာတမ်းတစ်စောင်ပေးအပ်ခဲ့ပြီး စာတမ်းကို ညီလာခံ မှ တာဝန်ရှိသူများထံပေးအပ်သွားမည်ဟု ဦးခင်ဇော်ဦးကပြောသည်။

၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို သြဂုတ်လ ၃၁ ရက်နေ့မှစတင်ကာ စက်တင်ဘာလ ၃ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ညီလာခံဒုတိယနေ့အထိ ညီလာခံအောင်မြင်ကြောင်း ယနေ့ကျင်းပသည့် ညီလာခံပူးတွဲကျင်းပရေးကော်မတီ၏ သတင်းစာရှင်းလင်ပွဲမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly