ဇီကာ ဗိုင်းရပ်စ်ရောဂါပိုး မြန်မာနိုင်ငံသို့ ကူးစက်လာနိုင်ချေရှိ

ဇီကာ ဗိုင်းရပ်စ်ရောဂါပိုး မြန်မာနိုင်ငံသို့ ကူးစက်လာနိုင်ချေရှိ

ရန်ကုန်၊ စက်တင်ဘာ ၁ ။                ။ မြန်မာနိုင်ငံမှာ ဇီကာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံထားရသူ မတွေ့ရှိရသေးသော်လည်း မြန်မာနိုင်ငံသို့ပါ ကူးစက်လာနိုင် ချေရှိကြောင်း ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဉာဏ်ဝင်းမြင့်က မဇ္ဈိမသို့ ပြောသည်။

"ယခု အချိန်ထိတော့ ကူးစက်ရောဂါစောင့်ကြပ် ကြည့်ရှုရေး လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပြီး မြန်မာနိုင်ငံမှာ ဇီကာဗိုင်းရပ်စ် ရောဂါကူးစက်ခံထားရသူ မတွေ့ရှိသေးပါဘူး။ သို့သော်လည်း ဇီကာရောဂါဟာ ဇီကာဗိုင်းရပ်စ် ရောဂါပိုး ကို သယ်ဆောင်တဲ့ Aedes ခြင်ကျားကိုက်ခံရခြင်းကြောင့် ဖြစ်ပွားနိုင်ပြီး အခြားနိုင်ငံတွေမှတဆင့် ကူးစက်နိုင်တဲ့အတွက် မြန်မာနိုင်ငံမှာ လည်းကူးစက်နိုင်ချေရှိပါတယ်" ဟု ဒေါက်တာဉာဏ်ဝင်းမြင့်က ပြောသည်။

ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာမှ ဝင်ရောက်လာသည့် ခရီးသွားဧည့်သည်များကို လေဆိပ်နှင့် ဆိပ်ကမ်း များတွင် အဖျားလက္ခဏာ ရှာဖွေသည့် စက်များဖြင့် ရှာဖွေစောင့်ကြည့်နေပြီး တရုတ်-မြန်မာ ၊ ထိုင်း- မြန်မာ ၊ အိန္ဒိယ-မြန်မာ နယ်စပ်များတွင်လည်း စောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

"အခုဆိုရင် အမျိုးသား ကျန်းမာရေးဆိုင်ရာ ဓါတ်ခွဲမှု ဆိုင်ရာဌာန( ရန်ကုန်)မှာ ဇီကာဗိုင်းရပ်စ်ပိုး ကို ဓါတ်ခွဲ စစ်ဆေး နိင် ပါပြီ ။ ဇီကာ ဗိုင်းရပ်စ်ပိုးပျံ့နှံ့လာခဲ့ရင်လည်း သံသယလူနာတို့ကို စောင့်ကြပ်ကြည့်ရှုရန် လုပ်ဆောင်လျက်ရှိပါတယ်" ဟု ဒေါက်တာ ဉာဏ်ဝင်းမြင့်က ပြောသည်။
ဒေသတွင်း အိမ်နီးချင်းနိုင်ငံများဖြစ်သည့် စင်ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံများတွင် ဇီကာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံ ထားရသူများ တွေ့ရှိကြောင်း သက်ဆိုင်ရာ ဝန်ကြီးဌာနများက အသီးသီး သတင်းထုတ်ပြန်ထားကြသည်။

 စင်ကာပူ နိုင်ငံတွင် လက်ရှိအချိန်ထိ ဇီကာဗိုင်းရပ်စ် ဖြစ်ပွားနေသည့် ရောဂါရှင် ၅၇ ဦးအနက် မြန်မာနိုင်ငံသားတစ်ဦး ပါဝင်နေကြောင်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

 အဆိုပါ ၅၇ ဦးသည် ဘင်္ဂလားဒေရှ့် ၁၀ဦး ၊ တရုတ် ၂၃ ဦး ၊ အိန္ဒိယ ၁၅ ဦး၊ မလေးရှား ၆ ဦး၊ အင်ဒိုနီးရှား ၁ ဦး၊ မြန်မာ ၁ ဦး၊ ထိုင်ဝမ် ၁ဦးတို့ဖြစ်ကြောင်း သိရသည်။
ခြင်ကျားကိုက်ခံရပြီး ရက်အနည်းငယ်အကြာတွင် ဇီကာဗိုင်းရပ်စ် ရောဂါလက္ခဏာများစတင်ဖြစ်ပွားနိုင်ပြီး အများဆုံး တွေ့ရှိရသည့် ရောဂါ လက္ခဏာများသည် ရုတ်တရက် ဖျားနာခြင်း၊ အရေပြားတွင် အနီရောင် အကွက်/အစက် များ ထွက်ခြင်း၊ မျက်သား နီပြီးရောင်ရမ်းခြင်း၊ ကြွက်သားနဲ့ အဆစ် အမြစ်များနာကျင်ကိုက်ခဲခြင်း၊ မအီမသာဖြစ်ခြင်း၊ ခေါင်း ကိုက်ခြင်းစသည့် ရောဂါလက္ခဏာများဖြစ်ပေါ်ပြီး အနည်းဆုံး(၂)ရက်မှ အများဆုံး(၇)ရက်အထိခံစားရကြောင်း သိရ သည်။

ဇီကာ ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများအဖြစ် ကိုယ်ဝန်ဆောင်မိခင်များတွင် ဦးခေါင်းသေးငယ်တဲ့ ကလေးငယ် မွေး ဖွားလာခြင်း (Microcephaly)ဖြစ်ပေါ်နိုင်ပြီး အခြားဦးနှောက်နှင့် အာရုံကြောချို့ယွင်းမှု (Neurologic Disorders) တို့ ဆက်စပ်မှုရှိ/ မရှိသက်သေပြနိုင်ရန် ပညာရှင်များအနေဖြင့် ကြိုးပမ်းလျက်ရှိနေကြောင်း ဒေါက်တာဉာဏ်ဝင်းမြင့်၏ ပြော ပြချက်အရ သိရသည်။
အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများအနက် အင်ဒိုနီးရှား ၊ထိုင်း ၊ ဗီယက်နမ် နှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင်လည်း ၂၀၁၆ ခုနှစ်အတွင်း ဇီကာကူးစက်မှုများ ကြုံတွေ့လာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly