တစ်ပြည်လုံးတွင် ခရမ်းလွန်ရောင်ခြည်ကျရောက်မှု အလွန်မြင့်မားအဆင့်သို့ ရောက်ရှိနေ

တစ်ပြည်လုံးတွင် ခရမ်းလွန်ရောင်ခြည်ကျရောက်မှု အလွန်မြင့်မားအဆင့်သို့ ရောက်ရှိနေ
ဓာတ်ပုံ-သက်ကို

ရန်ကုန်၊ စက်တင်ဘာ ၁ ။                 ။ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအပေါ် ခရမ်းလွန်ရောင်ခြည် ကျရောက်နေမှုမှာ အလွန်မြင့်မားသည့်အဆင့်သို့ ရောက်ရှိနေပြီး အန္တရာယ် အတော်အသင့် ရှိနေကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က မဇ္ဈိမသို့ ပြောသည်။

"ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းက ၈ အထက်ဆိုရင် အန္တရာယ်ရှိတယ်လေ၊ လွန်ကဲတဲ့အဆင့်မှာ မရှိဘူး အောက်မှာ ရောက်နေတာကို ပြောတာ၊ အခုဖြစ်နေတဲ့ ပုံစံအရ အန္တရာယ် အတော်အသင့် ရှိနေတယ်" ဟု ဒေါက်တာထွန်းလွင်က ပြောသည်။

ခရမ်းလွန်ရောင်ခြည်ကျရောက်မှုတွင် အညွှန်းကိန်း ၈ အထက် ကျော်လွန်ပါက အန္တရာယ်ရှိနိုင်ပြီး ကျရောက်မှုအဆင့်ကို မြင့်မား (High) ၊ အလွန်မြင့်မား (Very High) ၊ လွန်ကဲ (Extreme) ဟု အဆင့်သုံးဆင့် ခွဲထားကြောင်းနှင့် ယခုကျ ရောက်နေသော အဆင့်မှာ အလွန်မြင့်မား အဆင့်ဖြစ်ကြောင်း ဒေါက်တာ ထွန်းလွင်က ပြောသည်။

အညွှန်းကိန်း မြင့်မားသည့် ခရမ်းလွန် ရောင်ခြည်များမှာ လူ့ခန္ဓာကိုယ်အပေါ်သို့လွန်ကဲစွာ ကျရောက်မိပါက အရေပြား ကင်ဆာ ၊ အရွယ်မတိုင်မီ အရေပြားများ ရင့်ရော်ခြင်း ၊ မျက်စိတိမ်စွဲခြင်း ၊ မျက်စိကင်ဆာ ၊ snow blindness နှင့် မျိုးပွား ဗီဇပျက်စီးခြင်း စသည့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ကြုံတွေ့နိုင်ကြောင်း သိရသည်။

ယခုကဲ့သို့ ခရမ်းလွန်ရောင်ခြည် အန္တရာယ် သတိပေးမှုနှင့် ပတ်သက်၍ ဒေါက်တာထွန်းလွင်က သူ၏ လူမှုကွန်ရက်တွင် လည်း သတိပေး ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly