လက်နက်ကိုင်လမ်းစဉ်ကို ဖက်တွယ်တာ ဒီမိုကရေစီနဲ့ဆန့်ကျင်နေဟု တပ်ချုပ်ပြော

လက်နက်ကိုင်လမ်းစဉ်ကို ဖက်တွယ်တာ ဒီမိုကရေစီနဲ့ဆန့်ကျင်နေဟု တပ်ချုပ်ပြော
(ဓာတ်ပုံ- ဟောင်ဆာ(ရာမည)/မဇ္ဈိမ)

နေပြည်တော်(ဩဂုတ် ၃၁၊ ၂၀၁၆ခုနှစ်)။ ။ လိုအပ်ချက်များကို နိုင်ငံရေးနည်းလမ်းအရ တောင်းဆိုနိုင်ပြီဖြစ်သည့် အခြေအနေတွင် လက်နက်ကိုင်လမ်းစဉ်ကို ဖက်တွယ်ထားခြင်းမှာ ဒီမိုကရေစီနှင့်ဆန့်ကျင်နေသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

"ဒီမိုကရေစီနည်းလမ်းတကျ လုပ်ကိုင်ဆောင်ရွက်နိုင်ပြီဖြစ်တဲ့ အခြေအနေ၊ အချိန်အခါမျိုးမှာ လက်နက်စွဲကိုင်ပြီးမိမိတို့လိုချင်တာကို တောင်းဆိုတာမျိုး၊ လက်နက်ကိုင်လမ်းစဉ်ကို ဖက်တွယ်ပြီး လူမျိုးစွဲ၊ ဒေသစွဲ ကြီးမားစွာဖြင့် မိမိတို့ရဲ့ ဆန္ဒကိုသာ ဦးစားပေးဖော်ဆောင်၊ ဖန်တီးနေတာမျိုးတွေဟာ ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်ဆိုတာကို အလေးအနက် သတိပြုရမှာ ဖြစ်ပါတယ်" ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၁၆ခုနှစ်၊ ဩဂုတ် ၃၁ရက်တွင် ပြောသည်။

အစိုးရသစ်လက်ထက်အတွင်း နေပြည်တော်တွင် ပထမဆုံးအကြိမ်စတင်ကျင်းပသည့် လူဦးရေနှစ်ထောင်နီးပါးတက်ရောက်သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံဖွင့်ပွဲတွင် ဗိုလ်ချုပ်မှူးကြီးက ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ကြီး အင်ဘန်လကမူ တိုင်းရင်းသားများတောင်းဆိုသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသည် ခွဲထွက်ရေးမဟုတ်သလို တိုင်းရင်းသားများ၏ အခွင့်အရေးများ ဆုံးရှုံးနေရခြင်းကြောင့် လက်နက်စွဲကိုင်နေခြင်းဖြစ်သည်ဟု ဆိုသည်။

"ဗမာမဟုတ်တဲ့ ကျနော်တို့တိုင်းရင်းသားတတွေ လက်နက်စွဲကိုင်ပြီး တော်လှန်မှုတွေ ပြုလုပ်နေကြတာဟာ ဘာကြောင့်လဲလို့ မေးချင်ကြပါလိမ့်မယ်။ ကျနော်တို့ဟာ ပင်လုံမှာ ပြုခဲ့ကြတဲ့ ကတိ၊ ချုပ်ခဲ့ကြတဲ့ စာချုပ်ပါ သဘောတူညီချက်တွေကို ပြီးပြည့်စုံအောင် အကောင်အထည်မဖော်ခဲ့ကြလို့ ကျနော်တို့ လိုလားတောင့်တတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံတဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရလို့ပဲဆိုတာကို ပြောလိုပါတယ်" ဟု ညီလာခံဖွင့်ပွဲတွင် ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောသည်။

အစိုးရသစ်သက်တမ်းငါးနှစ်အတွင်း ပြည်တွင်းငြိမ်းချမ်းရေးရအောင် ကြိုးပမ်းမည်ဟု ပြောဆိုထားသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားကို ရှေးရှုကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အချိန်တိုအတွင်း အကောင်အထည်ဖော်ကြရန်လိုသည်ဟု ညီလာခံဖွင့်ပွဲတွင် ပြောဆိုသွားသေးသည်။

"ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ လိုတာထက်ပိုပြီး အချိန်ကြာလာရင် ဘေးပယောဂတွေ၊ ဝင်ရောက်စွက်ဖက်မှုတွေ၊ ကြိုးကိုင်ခြယ်လှယ်လိုတာတွေ ပိုမိုလာနိုင်ပြီး ရှိရင်းစွဲ ယုံကြည်မှုတည်ဆောက်ပြီးသားအရာများ ပျောက်ပျက်နိုင်ခြင်း၊ ပွတ်တိုက်မှုများ များပြားလာနိုင်ခြင်းတို့ကြောင့် ယခုလို အကြံပြုပြောကြားရခြင်း ဖြစ်ပါတယ်" ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်အကောင်အထည်ဖော်ရန် ဗိုလ်ချုပ်မှူးကြီးက ပြောသည်။

 ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံကို အနည်းဆုံး လေးရက်ကြာကျင်းပမည်ဖြစ်ပြီး ညီလာခံသို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၁၈)ဖွဲ့က တက်ရောက်လာသော်လည်း AA ၊ TNLA နှင့် MNDAAတို့သုံးဖွဲ့တို့က တက်ရောက်လာခြင်း မရှိပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly