ခြင်ထောင်ကို မင်္ဂလာဝတ်စုံ ချုပ်ဝတ်ခဲ့တဲ့ လက်မှုပညာရှင် နော်အယ်ဝါး

31 August 2016
ခြင်ထောင်ကို မင်္ဂလာဝတ်စုံ ချုပ်ဝတ်ခဲ့တဲ့ လက်မှုပညာရှင် နော်အယ်ဝါး

ကရင်တိုင်းရင်းသူ အမျိုးသမီးငယ်တစ်ဦး။ သူ့နာမည်က နော်အယ်ဝါး။ ငယ်စဉ်ကတည်းက လက်မှုပညာဝါသနာပါသူ။ အခုတော့ လက်မှုပစ္စည်းလေးတွေ တီထွင်ထုတ်လုပ်ရင်း   ပြည်တွင်းပြည်ပ   ဈေးကွက်အထိ တိုးတက်အောင်မြင်လာခဲ့သူ။ ဒါ့အပြင် သူက မသန်စွမ်းတွေကို ကိုယ်ပိုင်အစွမ်းနဲ့ ကိုယ်တိုင်ရပ်တည်နိုင်အောင် ကူညီတွဲခေါ်ခဲ့သူ။

သူ့ဝါသနာ၊ သူ့ ကြိုးပမ်းမှုနဲ့ သူ့နှလုံးသားကို သူပြောပြတဲ့စကားတွေထဲကပဲ အကဲခတ်လို့ ရနိုင်ကြမယ်ထင်ပါတယ်။ နော်အယ်ဝါးက အခုလို ရှင်းပြခဲ့ပါတယ်။

“Amazing Grace ကို ဘယ်လို စတင် ဖွဲ့စည်းခဲ့သလဲဆိုတော့ အရင်က ကျွန်မက NGO မှာ လုပ်ခဲ့တယ်။ မသန်စွမ်း ပြန်လည်ထူထောင်ရေး အဖွဲ့အစည်းမှာပေါ့နော်။ အဲဒီတော့ ကျွန်မက မသန်စွမ်း အမျိုးသမီးတွေနဲ့ လက်တွဲပြီး အလုပ်တွေ အများကြီး လုပ်ခဲ့ရတာပေါ့။ သူတို့ရဲ့ အခြေ အနေတွေကတော့ အိမ်မှာပဲ နေနေရတယ်။ သူတို့တွေ အပြင်ထွက်ပြီး အလုပ်လုပ်ကိုင်ဖို့အတွက် အခွင့်အလမ်းက အင်မတန်မှ နည်းပါးတယ်။ နောက်တစ်ခုက မိခင်တွေဖြစ်တဲ့အခါမှာ သူတို့ အိုးမကွာ အိမ်မကွာ လုပ်နိုင်တဲ့အလုပ်က အရမ်းရှားတယ်ပေါ့နော်။ ကျွန်မရဲ့ ဝါသနာက လက်မှုပစ္စည်းလုပ်တဲ့ လုပ်ငန်းကို ငယ်ငယ်ကလေးတည်းက ဝါသနာပါတာပါ။ အဲတော့ အဲဒီအမျိုးသမီးတွေကို ကျွန်မဝါသ နာပါတဲ့ လက်ပတ်ကလေးတွေကနေပြီးတော့ စပြီးတော့ သင်ပေးဖြစ်ခဲ့ပါတယ်။ သင်ပေးပြီးတော့မှ အဲဒီအမျိုးသမီးတွေကို စုပြီးတော့မှ လက်မှုအဖွဲ့လေး ဖွဲ့ပြီးတော့မှ ထွက်လာတဲ့ ပစ္စည်းလေးတွေကို ဈေးပွဲတော်တွေမှာ လိုက်ရောင်းရင်းနဲ့မှ စဖြစ်ခဲ့တာပါ။

ပထမတုန်းကတော့ မသန်စွမ်းအမျိုးသမီး ၆ ယောက်လောက်နဲ့ စခဲ့ပါတယ်။ အခုကတော့ ကျွန်မတို့အဖွဲ့မှာ အဖွဲ့သူ အဖွဲ့သားပေါင်း ၁၅ ယောက်ခန့် ရှိပါတယ်။ သန်စွမ်းသူလည်းပါတယ်။ မသန်စွမ်းသူလည်း ပါပါတယ်။ ကျွန်မ ဒီအဖွဲ့လေး စဖွဲ့တုန်းကဆိုရင် ဝင်ငွေက အရမ်းလည်း မရှိဘူး။ အဲဒါမျိုးကျတော့ သူတို့မိသားစုဝင်တွေကလည်း လုပ်ချင်လုပ် မလုပ်ချင်နေ စိတ်မဝင်စားဘူး။ ဒါပေ မယ့် တဖြေးဖြေးနဲ့ အဖွဲ့ကလည်း ကြီးလာတယ်။ ဈေးကွက်လေးကလည်း ရလာတယ်။ အဲလိုအခါ မျိုးမှာ ဘယ်လိုပြောင်းသွားလဲဆိုတော့ အရင်တုန်းကကျတော့ သူတို့ မိသားစုဝင်တွေက အိမ်မှာ ဘာမှမလုပ်နိုင်ဘူး သူတို့ပဲ ရှာကျွေးနေရတယ်။ ဝန်ထုပ်ဝန်ပိုးအနေနဲ့ သဘောထားပေမယ့် အခုကျ တော့ သူတို့ရတဲ့ လစာအပေါ်မှာ မိသားစုအားလုံးက ပြန်ပြီးတော့ မှီခိုတယ်ပေါ့နော်”

နော်အယ်ဝါးအနေနဲ့ လက်မှုပစ္စည်းလေးတွေလုပ်တဲ့အခါ စွန့်ပစ်ပစ္စည်းများကို ပြန်လည်ပြုပြင် တီထွင်ပြီး လုပ်ခဲ့တာတွေ ရှိပါတယ်။ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီအကြောင်းကိုလည်း နော်အယ် ဝါးက အခုလို ရှင်းပြပါတယ်။

“ကျွန်မက လက်မှုပစ္စည်းလုပ်တဲ့အခါမှာ ကျွန်မ မြင်မြင်သမျှ ပစ္စည်းတွေ အဲဒီ ဆွဲကြိုးတွေ လက်ပတ်တွေအပြင် လူ့အသုံးအဆောင်ပစ္စည်းတွေကို ဘယ်လို ဖန်တီးလို့ရမလဲဆိုတာ ကျွန်မ အမြဲတမ်းကြည့်တယ်။ အဲဒီအခါကျတော့ ကျွန်မတို့ တိုင်းရင်းသားတွေမှာ အများဆုံးသုံးတာက ပုတီးစေ့လေးတွေ သုံးတယ်ပေါ့နော်။ အဲဒီ ပုတီးစေ့လေးတွေကို ကျွန်မက ထွင်ပြီးတော့မှ ရိုးရာဒီဇိုင်း အနေနဲ့ ထုတ်တယ်။ နောက်ပြီးတော့မှ ကိုယ်ပိုင်ဒီဇိုင်းတွေလည်း ထုတ်တယ်ပေါ့နော်။ လုံချည်လည်း ထုတ်တယ်။ အဓိကအားဖြင့်တော့ မြန်မာပြည်ကလုပ်တဲ့ ပစ္စည်းတွေမှန်းသိအောင် လုံချည်၊ ဆွဲကြိုး၊ နားကပ် စသဖြင့် လုပ်တယ်။ နောက်ပြီးတော့ စွန့်ပစ်စ္စည်းတွေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့ အရာလေးတွေကို လူသိများလာတဲ့အခါမှာ စွန့်ပစ်ပစ္စည်းတွေနဲ့ အလှကုန်ပစ္စည်းတွေကိုလည်း ထုတ်ဖြစ်ပါတယ်။  နောက်ပြီး ဘီယာဘူးခွံတို့ အချိုရည်ဘူးခွံတို့မှာ ထိပ်ကနေ ဖွင့်ရတဲ့ ကွင်းတွေနဲ့ နားကပ်တွေ လက်စွပ်တွေ ဆွဲကြိုးတွေ ခါးပတ်တွေ လုပ်တယ်။ နောက်ပြီးတော့ စက်ဘီးတာယာ ကျွတ်ကနေပြီးတော့ အလှဆင်တဲ့ ဆွဲကြိုး လက်ပတ်တွေကိုလည်း ထုတ်တယ်။ လမ်းဘေးမှာ တော်တော်များများ တွေ့သမျှအမှိုက်တွေကို ကျွန်မ ကောက်ပါတယ်။ ကလေးတွေကိုလည်း စုခိုင်း ထားတယ်။ ပြီးရင် ပြန်ဝယ်တယ်ပေါ့။ သူငယ်ချင်းတွေကလည်း သူတို့စုထားတဲ့ အချိုရည်ဗူးခွံတို့ ဘာတို့ ကျွန်မကို ပေးကြပါတယ်။

အဓိကကတော့ ကျွန်မ အရှေ့တောင်အာရှသွားရင် ကျွန်မစဉ်းစားတယ် မြန်မာပြည်က အဓိက ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေပဲ ယူသွားတယ်။ ဗြုန်းခနဲ့ကြည့်လိုက်တဲ့အချိန်မှာ သူတို့က ဘာတွေနဲ့ လုပ်ထားမှန်း မသိပေမယ့် သေချာ ရှင်းပြလိုက်တဲ့အခါမှာ သူတို့ အရမ်းအံ့သြတယ်။ ”

နော်အယ်ဝါးရဲ့ လက်မှုပစ္စည်းလေးတွေဟာ ဈေးကွက်ဝင် ရောင်းကုန်အလှကုန်ပစ္စည်းလေး တွေ ဖြစ်လာခဲ့ပါပြီ။ သူ ဘယ်လိုဈေးနှုန်းအနေအထားနဲ့ ဈေးကွက်ဝင်လာခဲ့သလဲ။ ဒါကိုလည်း သူက အခုလို ရှင်းပြပါတယ်။

“ကျွန်မက လက်ပတ်ကလေးတွေကို ၂၀၀၀ - ၃၀၀၀ ကနေပြီးတော့မှ အများဆုံး ဆွဲကြိုးတို့ ဘာတို့ဆိုရင် ၂၀၀၀၀ - ၃၀၀၀၀ လောက်ထိ ရှိတယ်။ ပထမတုန်းကတော့ ကျွန်မ ဈေးကွက်ကို   နိုင်ငံခြားသားတွေအတွက်ပဲ ရည်ရွယ်တယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ ပြည်တွင်းကလည်း သဘောကျပြီးတဲ့အခါမှာ ဈေးရောင်းပွဲတော်တွေမှာ သွားတဲ့အခါမှာ ပြောပြတယ် ရှင်းပြတယ်။ သူတို့တွေလည်း အားပေးလာကြပါတယ်။ အခုဆိုရင် ကျွန်မတို့ဈေးကွက်က နိုင်ငံခြာသားရော ပြည်တွင်းမှာပါ နှစ်ဖက်စလုံး အားပေးလာတာကို တွေ့ရပါတယ်။”

“လက်မှုပညာကိုက ကျွန်မ အရမ်းကို ရူးသွပ်တာပါ။ နှစ်တန်း သုံးတန်းလောက်ကတည်းက ကျွန်မ တစ်ချောင်းထိုးတဲ့ဟာကို လေ့လာတယ်။ ဒါပေမယ့် မတက်ပါဘူး။ အဖေက မေးတယ်။ အဆင့် ၁. ၂. ၃ ဝင်ရင် ဘာယူမလဲလို့ မေးတယ်။ ကျွန်မတို့က နယ်မြို့လေးမှာ နေတာဆိုတော့ သူငယ်ချင်း တွေက စာအုပ်တွေ ဘာတွေ ယူကြတယ်။ ကျွန်မကကျတော့ သိုးမွှေးထုံးတို့ ကြိုးတို့ အဲဒါတွေပဲ မှာတယ်။ ပြီးတော့ သူငယ်ချင်းတွေရဲ့ မွေးနေ့တွေကို ငယ်ငယ်ကလေးတည်းက လက်မှုပစ္စည်းတွေပဲ လုပ်ပေးဖြစ်တယ်။ အိတ်တွေ လက်ပတ်တွေ ကလစ်တွေ အမျိုးမျိုး ကျွန်မလုပ်တတ်တဲ့အရာလေးတွေ လုပ်ပေးဖြစ်တယ်။ ကြီးလာတဲ့အခါမှာလည်း အမေကပြောတယ် နင်အဲဒါကို မလုပ်နဲ့ ထမင်းမစားရဘူး လို့ ပြောပါတယ်။ ဒါပေမယ့်လည်း ကျွန်မက အရမ်းကို စိတ်ဓာတ်ပြင်းပြတဲ့အချိန်မှာ နောက်ဆုံး ဒီလို မျိုးဆိုင် ဖွင့်နိုင်တဲ့အချိန် ဖြစ်ခဲ့တယ်။ ”

နော်အယ်ဝါးရဲ့ လက်မှုပညာဝါသနာထုံမှုက ကြီးမားခိုင်မာလွန်းပါတယ်။ သူ မင်္ဂလာဆောင်စဉ် က သူဝါသနာပါတဲ့ အဲဒီလက်မှုပညာအပေါ်မူတည်ပြီး မင်္ဂလက်ဆောင်ပစ္စည်းတွေနဲ့ မင်္ဂလာအဝတ် အစားကို သူဘယ်လို တီထွင်ခဲ့သလဲဆိုတာကိုလည်း သူက အခုလိုပြောပြပါတယ်။

“မင်္ဂလာဆောင်မယ်ဆိုတော့ ဆွေမျိုးတွေက သိတဲ့အတိုင်းပဲ ဘယ်လိုအင်္ကျီလေး ဝတ်မလဲလို့ မေးတဲ့အခါမှာ ကျွန်မက ခြင်ထောင်လို့ပြောတယ်။ သူတို့က သဘောမတူဘူး။

ကျွန်မအမေကိုယ်တိုင်ကလည်း သဘောမတူဘူး။ မဝတ်ပါနဲ့ ပြောတယ်။ ကိုယ့်ရဲ့ တစ်သက် မှာ တစ်ခါပဲဆောင်ရတဲ့ မင်္ဂလာဆောင်ပွဲ

မှာ ဖြစ်သလို မလုပ်လိုက်ပါနဲ့ပေါ့နော်။ အဲဒါနဲ့ ကျွန်မလည်း စဉ်းစားတဲ့အခါကျတော့ မင်္ဂလာဆောင် နီးလာတဲ့အခါမှာ ကျွန်မ အရမ်းကို စဉ်းစားပြီးတော့ ငါ့ရဲ့ တစ်သက်မှာ တစ်ခါဆောင်ရတဲ့ မင်္ဂလာပွဲကို အဲလိုမျိုး လုပ်လိုက်လို့ ဖြစ်မလားပေါ့ မဝယ်ခင် Studio တွေကို သွားဖို့လည်း စဉ်းစားလိုက်တယ်။ အဲချိန်မှာ ကျွန်မကို ခြင်ထောင်ချုပ်ပေးတဲ့အမက အရမ်းကို ရင်းနှီးတယ်။ သူက ဘာပြောလဲဆိုတော့ အယ်ဝါးတဲ့ ကိုယ်လုပ်ချင်တာကို မလုပ်လိုက်ရတာမှ တကယ်ကို နောင်တရစရာကောင်းတယ်တဲ့။ မင်္ဂလာဆောင်ဖိတ်စာကိုလည်း ကျွန်မလက်နဲ့ ဂျာနယ် လေးတွေကို ဖြဲပြီးတော့မှ လုပ်ထားတယ်။ ပြန်ပေးတဲ့ပစ္စည်းကလည်း ငယ်ငယ်တုန်းက ကစားတဲ့ ဂုံညင်းဒိုးလေးတွေကို ကီးချိန်းလုပ်ပြီးတော့ ပြန်ပေးတယ်။ အဲမှာ ကျွန်မ ဆွဲတဲ့ ဆွဲကြိုးကလည်း တွယ်ချိတ်တွေနဲ့လုပ်ထာားတဲ့ ဆွဲကြိုးပါ။ ပြောမယ်ဆိုရင် ကျွန်မမင်္ဂလာဆောင်မှာ သုံးတဲ့ပစ္စည်းတွေ က ဘာမှ အကုန်အကျ မများခဲ့ပါဘူး။ ကျွန်မဘေးမှာရှိတဲ့ ပစ္စည်းတွေနဲ့ပဲ လုပ်လိုက်တာပါ။ ကျွန်မ မင်္ဂလာဆောင်တဲ့အချိန်မှာ ကျွန်မ ခြင်ထောင်ဝတ်ထားမှန်း ဘယ်သူမှ မသိပါဘူး။ နာမည်ကြီးချင်လို့ လုပ်တာလည်း မဟုတ်ပါဘူး။

ကျွန်မက ကွန်ပျူတာနဲ့ ထိုင်လုပ်ရတဲ့အလုပ်တွေကို မလုပ်ချင်ဘူး။ ဒါပေမယ့် စိတ်ဝင်စားတဲ့ လက်မှုပညာတွေကိုလည်း ထမင်းမေ့ ဟင်းမေ့ လုပ်ရရင်လည်း ကျွန်မလုပ်နိုင်တယ်။ အခုက ဒီအ လုပ်ကို လုပ်နေရင်းနဲ့ တစ်ဖက်မှာလည်း သူများကို အလုပ်အကိုင် အခွင့်အလမ်းတွေ ပေးနိုင်တယ်။ ကျွန်မကိုယ်တိုင်ကလည်း ဝါသနာပါတဲ့အလုပ်ကို လုပ်နေရတဲ့အတွက် အခုအခြေအနေကို ကျွန်မ အရမ်းပျော်ပါတယ်။

နောက်ဆုံးမှာ နော်အယ်ဝါးရဲ့ အမှာစကားလေးကလည်း ထူးခြားပြီးလေးစားဖို့ကောင်းပါတယ်။ သူက မသန်စွမ်းသူတွေအတွက် အခုလို အမှာစကားပြောရင်း နိဂုံးချုပ်ထားပါတယ်။

“အထူးအားပေးချင်တာက မသန်စွမ်းသူတွေက မသန်ပေမယ့် စွမ်းကြတဲ့ သူတွေချည်းပါပဲ။ သူတို့လုပ်နိုင်တဲ့အရာတွေကို မိသားစုကနေပြီးတော့ အားပေးသင့်ပါတယ်။ သူတို့ ပန်းချီပဲ ဝါသနာပါပါ လက်မှုပညာပဲ ဝါသနာပါပါပေါ့။ သူတို့ဝါသနာပါတာကို ကိုယ့်ဘက်ကနေပြီးတော့ တွန်းအားပေးလိုက် မယ်ဆိုရင် အောင်မြင်မှာပါ။ နိုင်ငံတကာမှာလည်း အောင်မြင်တဲ့သူတွေ အများကြီးပါ။

မသန်စွမ်းသူတွေကို စိတ်ဓာတ်မကျဖို့ အားပေးချင်သလို နောက်ပြီးတော့ ပတ်ဝန်းကျင်မှာရှိတဲ့ သူတွေကလည်း သူတို့ကို မသန်စွမ်းသူတွေလို့ မကြည့်ဘဲ ကိုယ်လုပ်နိုင်တဲ့ဟာကို ဖော်ထုတ်ပေးဖို့ အားပေးချင်ပါတယ်။”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly