မားစ်ရောဂါ စစ်ဆေးသည့် စက်များ နယ်စပ်ဝင်ပေါက် သုံးခုတွင် ဇူလိုင်မကုန်ခင် တပ်ဆင်မည်

မားစ်ရောဂါ စစ်ဆေးသည့် စက်များ နယ်စပ်ဝင်ပေါက် သုံးခုတွင် ဇူလိုင်မကုန်ခင် တပ်ဆင်မည်

ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ နယ်စပ် ဝင်ပေါက်သုံးနေရာတွင် မားစ်ကူးစက်ရောဂါ စစ်ဆေးသည့်စက်များကို ဇူလိုင်လမကုန်မီ တပ်ဆင်သွားမည်ဟု ကျန်းမာရေး ဝန်ကြီးဌာန ကူးစက်ရောဂါဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းထွန်းအောင်က မဇ္ဈိမကိုပြောသည်။

မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်နိုင်သည့် နယ်စပ်ဝင်ပေါက် နေရာသုံးဆယ်ကျော် ရှိသော်လည်း မြန်မာပြည်အတွင်း  အဝင်အထွက်အများဆုံး ဝင်ပေါက်များ ဖြစ်သည့်  တာချီလိတ်၊ မူဆယ်၊ မြဝတီ နယ်စပ် ဝင်ပေါက်များတွင် စစ်ဆေးသည့် စက်များကို တပ်ဆင်သွားမည် ဖြစ်သည်။

နယ်စပ်မှ ဝင်ရောက်လာသူများကို  စစ်ဆေးခြင်းနှင့် ပတ်သက်ပြီး ဒေါက်တာ သန်းထွန်းအောင်က "မားစ်ရောဂါက အဖျားရောဂါပေါ့။ ကိုယ်အပူချိန်  ပေါ်လာမယ်။ အနီရောင်ပေါ်လာမယ်။ ရိုးရိုး ဖျားတာလား မားစ်ရောဂါကြောင့် ဖျားတာလားပြန်စစ်မယ်။  မားစ်ရောဂါကြောင့်ဆိုရင်တော့ ဆေးရုံတင်မယ် နောက်နှစ်ပတ် စောင့်ကြည့်မယ်ပေါ့"ဟု ပြောသည်။

အဆိုပါ စက်ဖြင့် စစ်ဆေး၍ အဖျားရောဂါ ရှိသည်ဆိုလျှင် စက်မှ အချက်ပေးစနစ်က သတိပေး အချက်ပြသွားမည် ဖြစ်ကာ  ယင်းလူနာအား  ကျန်းမားရေး စစ်ဆေးမှု များပြုလုပ်၍ သာမန် အဖျားရောဂါ ဟုတ်မဟုတ်၊ မားစ်ရောဂါကြောင့် ဖြစ်ပေါ်သော အဖျားရောဂါ ဟုတ်မဟုတ်ကို စစ်ဆေးမည် ဖြစ်သည်။

အဆိုပါ စက်များကို ကျန်းမာရေး ဗဟိုဆေးသိုလှောင်ရေးဌာနက မှာယူထားပြီး ဖြစ်ကာ စက်တစ်လုံးလျှင် ကျပ် သိန်း၃၀၀ ဝန်းကျင်ကုန်ကျမည်ဖြစ်သည်။

အဆိုပါ စက်အမျိုးအစားကို ရန်ကုန်မြို့၊ မန္တလေး၊ နေပြည်တော်၊ မြောက်ဦးမြို့များရှိ လေဆိပ်များတွင်  စက်ငါးလုံး တပ်ဆင်ထားပြီး ဖြစ်သည်။
မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ကားဂိတ်များ၊ ဘူတာများနှင့် ဟိုတယ်များတွင် ဇူလိုင်လ ၉ ရက်မှစတင်၍ မားစ်ရောဂါနှင့် ပတ်သက်သည့် စောင့်ကြပ် ကြည့်ရှု့စစ်ဆေးခြင်းများ ပြုလုပ်နေ သည်။

မားစ်ရောဂါသည် အာရှ နိုင်ငံ အချို့တွင် ဖြစ်ပွားနေပြီး  တောင်ကိုရီးယားနိုင်ငံတွင်  မေလအတွင်းက စတင် ဖြစ်ပွားခဲ့ကာ ဇူလိုင်လဆန်းပိုင်း အထိ ၁၈၆ ဦးဖြစ်ပွား၍ ၃၄ ဦးသေဆုံးခဲ့ကြောင်း နိုင်ငံတကာ သတင်းများအရသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags