ရွေးကောက်ပွဲဝင်ပြီး ဖွဲ့စည်းပြင်နိုင်ဖို့ ဆက်လုပ်မယ်လို့ ဒေါ်စုပြော

ရွေးကောက်ပွဲဝင်ပြီး ဖွဲ့စည်းပြင်နိုင်ဖို့ ဆက်လုပ်မယ်လို့ ဒေါ်စုပြော

နေပြည်တော် (မဇ္ဈိမ) ။ ။ လာမည့် နိုင်ဝင်ဘာ ၈ရက်တွင်ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်၊ မျှတလိမ့်မည်ဟု အပြည့်အဝယုံကြည်မှုမရှိသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် မဲဆန္ဒနယ်အများစုတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးရှုံးနိမ့်မှုကြောင့် သမ္မတနှင့် ဒုတိယသမ္မတဖြစ်ခွင့်မရှိသည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူမကိုယ်တိုင်လည်း ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသော ကော့မှူးမြို့နယ်ကပင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ဆိုသည်။

“ရွေးကောက်ပွဲကိုဝင်ဖို့ ဆုံးဖြတ်တယ်ဆိုတာကတော့ အဓိကအားဖြင့်တော့ မပြီးသေးတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို ဆက်လက်ပြီးတော့ အကောင်အထည်ဖော်ဖို့ပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဇူလိုင် ၁၁ရက်က နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ နေအိမ်တွင်ပြုလုပ်သည့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဝင်မပြိုင်တဲ့နေရာတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် အများစုကြီးကိုတော့ ဝင်ပြိုင်မှာဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ရွေးကောက်ပွဲတွင်ဝင်ပြိုင်မည့် နိုင်ငံရေးပါတီများအနေဖြင့် သက်ဆိုင်ရာပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် အမတ်လောင်းစာရင်းကို ရှေ့လ ၈ရက်တွင် အပြီးသတ်တင်ပြရမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပြီးလည်းဖြစ်သည်။

NLDပါတီအနေဖြင့် အရည်အချင်းရှိသူများ၊ အမျိုးသမီးများ၊ လူငယ်များနှင့် တိုင်းရင်းသားတို့ကို အမတ်လောင်းအဖြစ်ဦးစားပေးရွေးချယ်ရန် ယနေ့ပြုလုပ်သည့် ဗဟိုကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ထားသည်။

“အရည်အချင်းလို့ဆိုရာမှာ ပြည်သူကိုအကျိုးပြုနိုင်မယ့် ကိုယ်စားလှယ်တွေရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေကို ဆိုလိုတာပါ။ ကျောင်းပညာအရည်အချင်းတစ်ခုတည်းနဲ့မဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အသေးစိတ်အချက်အလက်များကို ပါတီက ထုတ်ဝေသည့် ဒီလှိုင်းစာစောင်တွင် ထုတ်ပြန်သွားမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သမ္မတဖြစ်ခွင့်မရှိသည့် NLDပါတီအနေဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရပြီး အစိုးရတစ်ရပ်ဖွ့ဲစည်းမညဆိုပါ သမ္မတလောင်းအဖြစ် မည်သူ့ကို ရွေးချယ်ထားသည်ကိုမူ ထုတ်ပြောခြင်းမရှိသေးပေ။

“ကျွန်မတို့ စဉ်းစားပြီးပါပြီ။ အချိန်မတန်သေးလို့ မပြောသေးတာပါ။ ပြည်သူလူထုက လက်ခံနိုင်တဲ့ အစီအစဉ်တစ်ခုကို ကျွန်မတို့လုပ်မှာ ဖြစ်ပါတယ်” ဟုသာ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ၄၃ယောက်ရှိသည့် NLDအမတ်အချို့ကို တိုင်းနှင့်ပြည်နယ်လွှတ်တော်တို့ တွင် ဝင်ရောက်ယှဉ်ပြိုင်ရန်လည်း NLDက လျာထားသည်။

ဖွဲ့စည်းပုံပြင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးစသည်တို့ကို ကြွေးကြော်ကာကြားဖြတ်ရွေး ကောက်ပွဲဝင်ကာ လွှတ်တော်တွင်းဝင်ခဲ့သည့် NLDအနေဖြင့် လက်ရှိအချိန်တွင် ကြွေးကြော်သံနှင့်အညီ အပြည့်အဝ စွမ်းဆောင်နိုင်ခြင်း မရှိသေးပေ။

လာမည့် လွှတ်တော်တွင် NLDအမတ်ဖြစ်လာသူများမှာလည်း “ဒီကိစ္စတွေက ဆက်ပြီးလုပ်ရမယ့် ကိစ္စတွေပဲ” ဟု ဖွဲ့စည်းပုံပြင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးတို့ကို ရည်ညွှန်းကာ ဒေါ်အောင်ဆန်းစုကြည်က မဇ္ဈိမ၏ မေးမြန်းမှုကို ပြန်ဖြေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly