ဗဟန်းလူသတ်မှု ဖမ်းမိနိုင်ရန် ဓာတ်ပုံနှင့်တကွ ဖေါ်ပြ၍ ရဲတပ်ဖွဲ့ အကူအညီတောင်းခံ

ဗဟန်းလူသတ်မှု ဖမ်းမိနိုင်ရန် ဓာတ်ပုံနှင့်တကွ ဖေါ်ပြ၍ ရဲတပ်ဖွဲ့ အကူအညီတောင်းခံ

ဗဟန်းမြို့နယ် ကျိက္ကဆံရပ်ကွက်တွင် ယနေ့နံနက်ပိုင်းက ပေါ်ပေါက်ခဲ့သည့် လူသတ်မှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူမှာ အောင်ဇင်ဗိုလ်ဆိုသူဖြစ်သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ဆိုထားပြီး ဓာတ်ပုံနှင့်တကွ လူမှု ကွန်ယက်စာမျက်နှာတွင် ဖေါ်ပြကာ တွေ့ရှိပါက ဖမ်းမိနိုင်ရေး သတင်းပေးနိုင်ရန် အကူအညီ တောင်းခံထားသည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ ဖေါ်ပြချက်တွင် သေဆုံးသူမှာ မခိုင်မာလာ ဆိုသူဖြစ်ပြီး “ကြမ်းပြင်ပေါ်တွင် ပက်လက်အနေအထားဖြင့်လဲကျနေပြီး မျက်နှာအား အင်္ကျီ အုပ်ထားသဖြင့် ဖယ်ရှားကြည့်ရှုရာ ပါးစပ်အတွင်း အင်္ကျီဆို့လျက် မျက်နှာညိုမဲဒဏ်ရာ၊ ပါးစပ်သွေးထွက်ဒဏ်ရာ များဖြင့် သေဆုံးနေသည်ကို တွေ့ရှိသည့်အပြင် မခိုင်မာလာ၏ အသက် ၉ နှစ်အရွယ် သမီးဖြစ်သူကိုလည်း အောင်ဇင်ဗိုလ်မှ လည်ပင်းညှစ်ကာ ရိုက်နှက်သွားသဖြင့် ဒဏ်ရာများ ရရှိကာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် တင်ပို့ကုသခဲ့ရ” ကြောင်း ရေးသားထားသည်ကို တွေ့ရသည်။

ထို့ကြောင့် အောင်ဇင်ဗိုလ်အား အရေးယူပေးရန် တိုင်တန်းချက်အရ ဗဟန်းမြို့မရဲစခန်း(ပ)၂၅၅/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၅ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိပါသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

“ထွက်ပြေးတိမ်းရှောင်နေသူ အောင်ဇင်ဗိုလ်မှာ ဖော်ပြပါဓါတ်ပုံပိုင်ရှင်ဖြစ်ပြီး ၎င်းအား ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့မှ  စုံစမ်းဆောင်ရွက်လျက်ရှိရာတွင် ပြည်သူများအနေဖြင့်လည်း ၎င်းနှင့် ပတ်သက်သည့် သတင်း တစ်စုံတစ်ရာရရှိပါက ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ သတင်းလက်ခံဌာန 199 Call Centre ဖုန်းအမှတ် ၁၉၉၊  ၀၁ ၂၃၂၃၁၉၉ ဖုန်းများသို့ ဆက်သွယ်သတင်းပေးကူညီနိုင်ပါရန် အသိပေး ဖော်ပြအပ်ပါသည်။” ဟု အကူအညီတောင်းခံထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly