ငလျင်ဒဏ်သင့် ရခိုင်ရှေးဟောင်းအမွေနှစ်များကို ပြုပြင်ရန် ကော်မတီဖွဲ့စည်း

ငလျင်ဒဏ်သင့် ရခိုင်ရှေးဟောင်းအမွေနှစ်များကို ပြုပြင်ရန် ကော်မတီဖွဲ့စည်း

မြောက်ဦး၊ သြဂုတ် ၂၉ ရက်။              ။ ငလျင်ဒဏ်ကြောင့် ရခိုင်ရှေးဟောင်း မြောက်ဦးမြို့ ယဉ်ကျေးမှုနယ်မြေအတွင်းမှ ပျက်စီးခဲ့သည့် ဘုရားပုထိုး စေတီများကို ပြန်လည်ပြုပြင်နိုင်ရန်   ကော်မတီတရပ်ကို ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း ရှေးဟောင်းသုတေဌာနမှ သိရသည်။

ကော်မတီကို သြဂုတ် ၂၈ ရက်နေ့က ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ဥက္ကဌအဖြစ် ရှေးဟောင်းသုတေသန ညွှန်ကြားရေးမှူး ဦးညိမ်းလွင်မှ တာဝန်ယူမည်ဖြစ်ကာ ပြည်နယ်အစိုးရအဖွဲ့မှ ဌာနဆိုင်ရာ အရာရှိများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ တတ်သိပညာရှင်များ ပါဝင်ကြောင်း သတင်းရရှိသည်။

“ပြိုပျက်သွားတဲ့ ဘုရားတွေကို မွမ်းမံကာကွယ်ဖို့အတွက် အဖွဲ့ဖွဲ့ထားပြီးပါပြီ။ ပျက်စီးသွားတဲ့ ဘုရားတွေကိုလည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေနဲ့ လွှတ်တော်ဥက္ကဌတို့လည်း လာရောက်ကြည့်ရှုခဲ့ပါတယ်။ ထပ်လို့မပြိုကျအောင်ကာကွယ်ဖို့ အပိုင်းနဲ့ ထိန်းသိမ်းဖို့အပိုင်း ဆိုပြီးနှစ်ပိုင်းခွဲထားပါတယ်။ စေတီအပေါ်ပိုင်း သပိတ်မောင်တို့ ခေါင်းလောင်းတို့မှာ တင်နေတာတွေရှိပါတယ်။ မိုးရွာရင် အချိန်မရွေးပြိုကျနိုင်ပါတယ်။ အဲဒါတွေ ပြုတ်ကျလာလို့ရှိရင် လူတွေကို ထိခိုက်မှုမရှိအောင်အတွက် ကာကွယ်မှုတွေလုပ်ထားပါတယ်။ ”ဟု မြောက်ဦးရှေး/သုဌာန ညွှန်ကြားရေးမှူး ဦးညိမ်းလွင်က ပြောသည်။

ယင်းအပြင် ပျက်စီးခဲ့သည့် စေတီများမှ မိုးရာသီကာလအတွင်း စိုးရိမ်ဖွယ်ရာ ထပ်မံ ပြိုပျက်မှုများ မဖြစ်ပေါ်လာစေရန်အတွက်လည်း ကာကွယ်ထိန်းသိမ်းမှုများ တိုးမြင့်လုပ်ဆောင်နိုင်ရန် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ တင်ပြထားကြောင်း မြောက်ဦး ရှေး/သု ဌာနမှ သိရသည်။

“ထီးတော်တွေကိုပြန်တင်ဖို့ မတင်ဖို့ကတော့ ပြည်ထောင်စုအစိုးရနဲ့ အထက်က ညွှန်ကြားတဲ့အတိုင်းပဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကလည်း ပုဂံမှာပြိုပျက်သွားတဲ့ ဘုရားတွေကို အဆောတလျင်မပြင်ဖို့ UNESCO ရဲ့ လုပ်ထုံးလုပ်နည်း အတိုင်းလုပ်ဖို့ ညွှန်ကြားထားတာရှိပါတယ်။ မြောက်ဦးကိုလည်း အဲလိုလုပ်ဖို့အတွက် ဖုန်းနဲ့ ညွှန်ကြားထားပါတယ်။ ဒါကြောင့် အသစ်တည်ဆောက်မှုပိုင်းကိုတော့ ဆောင်ရွက်ဖို့ မဆောင်ရွက်ဖို့ပြောလို့မရသေးဘူး။” ဟု ဦးညိမ်းလွင်က ပြောသည်။

သြဂုတ် ၂၄ ရက်နေ့က မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား ၆ ဒဿမ ၈ ရစ်ချက်စကေးရှိ ငလျင်ကြောင့် မြောက်ဦးယဉ်ကျေးမှုဇုန်မှ ရတနာ့မာရ်အောင်စေတီ၊ ရတနာပုံစေတီ၊ ကိုးသောင်းပုထိုး၊ မြဝါတောင်စေတီ၊ ပေါ်တူဂီကုန်တိုက်နှင့် ဝေသာလီမှ နဖူးသင်းကျစ်တော်စေတီတို့ ပျက်စီးခဲ့ရပြီး နိုင်ငံအဝှမ်း ရှေးဟောင်းအဆောက်ဦး ၂၀၀ နှင့် အထက် ပြိုပျက်စီးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly