ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ်ဖြင့် ရဲတပ်ဖွဲ့ဝင်များက ပြည်သူများကြား ကွင်းဆင်းဆောင်ရွက်

ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ်ဖြင့် ရဲတပ်ဖွဲ့ဝင်များက ပြည်သူများကြား ကွင်းဆင်းဆောင်ရွက်

သြဂုတ်လ ၂၉၊ ၂ဝ၁၆ ။                ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းတွင် ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ် ကွင်းဆင်း ဆောင်ရွက်ခြင်းမှာ ပြည်သူများနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်လို၍ ရင်းနှီးမှု တည်ဆောက်ခြင်း ဖြစ်သည်ဟု အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူး ရုံး ဦးစီး (၃)တာဝန်ခံ ရဲအုပ် ဦးအောင်ဇော်ထွန်းက မဇ္ဈိမ သို့ ပြောသည်။

သြဂုတ်လ ၂၉ရက် နံနက် ၁ဝနာရီတွင် ကျောက်တံတားမြို့နယ် ရဲစခန်းအနီးမှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီး၊ အ နောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးှ ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ် (ဆင့်ပွား)သင်တန်းအမှတ်စဉ် ၂၂/၂ဝ၁၆ မှ ရဲတပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ပြည်သူများထံသို့ သွားရောက်ပြီး ရဲစခန်းသို့ဆက်သွယ်ရန် ဖုန်းနံပါတ်များ၊ အန္တရာယ်သတိပေး လက်ကမ်းစာစောင်များ   ပေးဝေခဲ့သည်။

"အခုအခြေအနေကတော့ ကောင်းလာပြီပေါ့နော်၊ ကျွန်တော်တို့ ၂၀၁၄ကစပြီး အကောင်းအထည်ဖော် ဆောင်ရွက်နေတာဆိုတော့၊ တစ်ဖြည်းဖြည်း အောင်မြင်မှုကတော့ ရလာပြီပေါ့နော်၊ ပြည်သူလူထုနဲ့ ရင်းနှီးမှုလည်း တော်တော်လေး တော့ ရရှိလာပါပြီ၊ ကျွန်တော်တို့ရဲ့ပြုပြင်ပြောင်းလဲမှုပေါ့၊ ရဲတပ်ဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတဲ့ကဏ္ဍမှာ အောင်မြင်မှုအနေနဲ့ ပြည်သူလူထုရဲ့ ယုံကြည်မှုတွေ၊ ရင်းနှီးမှုတွေ တဖြည်းဖြည်းရရှိလာပါပြီ" ဟု ရဲအုပ် ဦးအောင်ဇော်ထွန်းက ပြောသည်။

၂ဝ၁၆ ခုနှစ်မှ စတင်ကာ ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ်တွင် ပိုမိုကောင်းမွန်လာကြောင်း၊ ညဘက်တွင် လှည့်ကင်း၊ ပတ်ကင်းများကို ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ်ဖြင့် ပိုမိုလုပ်ဆောင်လာကြောင်း   ကျောက်တံတားမြို့နယ် အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဘုန်းကျော်မြင့် က ပြောသည်။

"အရင်တုန်းကကျတော့ လူတွေက ရဲနဲ့ ဆက်ဆံရမှာ ကြောက်တယ်၊ ရဲစခန်းသွားရမှာ ကြောက်တယ်ပေါ့၊ အခုနောက်ပိုင်းကျတော့ ရဲကလည်း ကျွန်တော်တို့ဆီမှာ အမြဲတမ်း စေတနာနဲ့လုပ်ပေးတယ်၊ သူတို့ခုနောက်ပိုင်း အရင်တုန်းကလိုမျိုး ဆက်ဆံရေး ရိုင်းပျတာတို့ ဘာတို့လည်း မရှိတော့ဘူး၊ အခုပြည်သူနဲ့ အမြဲတမ်း ထိတွေ့တယ်၊ အခုပဲ ကျွန်တော် ရုံးမှာ ပြည်သူတွေနဲ့ လာတွေ့တာ   လေးကြိမ်လောက်ရှိပြီ၊" ဟု ၎င်းက ဆိုသည်။

ပြည်သူဗဟိုပြု  ရဲလုပ်ငန်းစနစ်ကို ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်းပြီး ၂ဝ၁၄ခုနှစ် ၁လပိုင်းမှ စတင်ကာ ၁၈ လတာ သင်တန်းကို သင်တန်းသား ၁၆ ယောက်ဖြင့် စတင်ခဲ့ကာ ယခုနောက်ပိုင်းတွင် ဆင့်ပွားသင်တန်းများကို ခရိုင်အလိုက် ပို့ချပေးနေကြောင်း အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဦးစီး (၃)တာဝန်ခံ ရဲအုပ် ဦးအောင်ဇော်ထွန်း ပြောပြချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly