PVC ပိုက်၊ ဘွဲ့ရ ပညာမတတ် သုံးသိန်း၊ တောင်ပြံုး Survival

PVC ပိုက်၊ ဘွဲ့ရ ပညာမတတ် သုံးသိန်း၊ တောင်ပြံုး Survival
ဓာတ်ပုံ-လှိုင်မျိုးဦး(မဇ္ဈိမ)

တစ်မျိုးနဲ့တစ်မျိုး မရိုးစေရဘူးဆိုတဲ့ ဗမာစကားကို ဒီရက်ပိုင်းတွေအတွင်း ဗမာပြည်က လက်တွေ့ သရုပ်ပြနေတော့တာပဲ။ ရေဘေးမှ အေးမယ် မကြံသေးဘူး ငလျင်ဘေးက လာပြန်ရော။ ဒါပေမဲ့ တော်ပါသေးတယ်။ ငလျင်ဘေးက အလှူခံရလောက်အောင် မဟုတ်ဘူး(ထင်တာပဲ)။ စေတီပုထိုးတွေအတွက်တော့ အလှူခံ ကောက်ခံရမှာပေါ့လေ။ ပြန်ပြင် တည်ဆောက်ရမှာကိုး။ ယူနက်စကိုကတော့ အပြည့်အဝ အကူအညီပေးမယ့်သဘော ပြောတာ ကြားရတယ်။ PVC ပိုက်တွေရော ပါသလား မသိဘူး။ နောက်တာပါခင်ဗျာ။ ယူနက်စကိုကတော့ PVC ပိုက် ဘယ်ကူပါ့မလဲနော့။ ဒါ ရှေးဟောင်း ထိန်းသိမ်းရေးမှ မဟုတ်တာပဲ။ PVC ပိုက်ဟာ ဗမာနည်း ဗမာဟန် အစစ်ပါ။

ယူနက်စကိုက အကြံပေးတာတွေကို ဂရုမစိုက် နားမထောင်ဘဲ ပုဂံဘုရားတွေကို မပြင်ရင် ငါတို့သမိုင်း ပျောက်သွားမှာပေါ့ကွဆိုပြီး ထင်ရာစိုင်းခဲ့တဲ့ ဦးခင်ညွန့်ရဲ့ သမိုင်းကတော့ အခု PVC ပိုက်နဲ့အတူ ထင်းထင်းကြီး ပေါ်ပေါက်လာခဲ့ပါပြီ။ ဒါနဲ့ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က "ပုံဂံမှာ ဘုရားဟောင်းတွေ အကြီးအကျယ် ပြုပြင်နေတဲ့အချိန်က ပုဂံမှာ လုံခြုံရေးတာဝန်နဲ့   လေးလလောက် နေခဲ့ရတယ်။ ရှေးဟောင်းပညာရှင်တွေ မလုပ်သင့်မှန်း သိပေမယ့် ဘယ်သူမှ မပြောရဲဘူး။ ဓါးထက်တဲ့အချိန်ကိုး။ တကယ်ပြင်တော့လည်း ဘုရားကြီးတွေတော့ မသိဘူး။ မြင်ခဲ့ရတဲ့ ဘုရား အသေးတွေမှာ သာမာန် လက်သမား ပန်းရံနဲ့ တွယ်နေကြတာပဲ။ အပြိုင်အဆိုင် အမြန်ပြီးအောင် ဖြစ်နေတော့ ဘယ်ပညာရှင်မှလည်း စုံအောင် လိုက်ပြီး ကြီးကြပ်နိုင်တာ မတွေ့ရဘူး" လို့ သူ့ Facebook မှာ ရေးသားခဲ့ပါတယ်။ (ခုတော့ သူ ဒါမျိုးတွေ ပြောပြီပေါ့နော်။)

ဟုတ်ပါတယ်။ ဦးရဲထွဋ်ရေးတာ အမှန်ပါပဲ။ ပုံဂံမှာ မဟုတ်ပါဘူး။ မောင်မှန်တို့ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးကို ဓါးထက်ထက်နဲ့ ထင်သလို ခုတ်၊ ရမ်းခုတ်၊ မှန်းခုတ် လုပ်သွားလိုက်ကြတာ ဒီနေ့ အခြေဆိုက် သွားတာပါပဲ။ PVC ရေပိုက်က ပုဂံသမိုင်းကို ပြောပြနေသလိုပဲ။ အဝေးသင်သတက္ကသိုလ်ပါမောက္ခချုပ်ဟောင်း တစ်ယောက်ရဲ့ Facebook အရေးအသားတစ်ခုကလည်း ပညာရေးသမိုင်းကို ပြောပြနေပါတယ်။ သူ့လက်ထက်မှာ ဘွဲ့ရ မညာမတက် သုံးသိန်းကျော် မွေးထုတ်ပေးခဲ့မိတဲ့အတွက် နောင်တရမိတယ်တဲ့။ ပါချုပ်ကိုယ်တိုင်ကတောင် ဒီလို ပြောတာဆိုတော့ စဉ်းစားသာ ကြည့်ကြပါ။ အဝေးသင်က ဒီလိုဖြစ်နေတော့ နေ့ကျောင်းကရော ဘယ်လိုလဲဆိုတာ စူးစမ်းကြည့်ဖို့ လိုသေးလားခင်ဗျာ။ ဒါလည်း သိပြီးသားပါ။ ပျက်စီးသွားတဲ့ ပညာရေးစနစ်တစ်ခုကို ပြန်လည် အဖတ်ဆယ်ဖို့ရာ မျိုးဆက်တစ်ဆက်စာ (နှစ်နှစ်ဆယ်၊ အစိတ်လောက်) စောင့်ကြရလိမ့်မယ်လို့ ပညာရှင်တစ်ယောက် ရေးတာ မောင်မှန် ဖတ်ဖူးတယ်။ သင်မယ့်ဆရာတွေကို အရင်တတ်အောင် လုပ်ရမယ်တဲ့။ ဖျက်သူကတော့ တစ်ရက် တစ်မနက်လောက်ပဲ ကြာတာပါ။ စစ်အာဏာရှင် တစ်ယောက်လောက်က တစ်ခဏလောက် အမိန့်ပေး ဖျက်လိုက်ရင် ပျက်တာပါပဲ။ ပြန်လည် တည်ဆောက်ကြရသူတွေသာ ပင်ပန်း ဆင်းရဲကြီးကြရတာ။ ပညာရေးဟာလည်း ငလျင် အပျက်အစီးပုံထဲ ရောက်နေတာပါပဲ။

ပညာရေး နိမ့်ကျမှုရဲ့ အကျိုးဆက်ကတော့ (ခုအချိန်နဲ့ အနီးကပ်ဆုံး၊ ထင်သာမြင်သာ အရှိဆုံး ကိစ္စတစ်ခုကို ထောက်ပြရရင်) တောင်ပြုံးပွဲမှာ လူစည်ကားနေခြင်းပါ။ ထေရဝါဒ ဗုဒ္ဓဘာသာ နိုင်ငံလို့လည်း ပြောတယ်နော်။ အမျိုးဘာသာ၊ သာသနာကို အကြီးအကျယ် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်လိုသူတွေလည်း ပေါတယ်နော်။ ဒါနဲ့တောင် နတ်ကိုးကွယ်မှုဟာ အလံမလှဲ ပန်းပန်မြဲ ဖြစ်နေတာ ဘယ်လို နားလည်ရမလဲ။ မောင်မှန့်အထင်တော့ တကယ်မဟုတ်လို့ပေါ့။ တကယ် မစစ်မှန်လို့ပေါ့။ မောင်မှန် သူတစ်ပါးကိုးကွယ်ယုံကြည်မှုကို ပုတ်ခတ် စော်ကားနေတာ မဟုတ်ပါဘူး။ သေသေချာချာ ဆန်းစစ် လေ့လာဖို့ တိုက်တွန်းလိုတာပါ။ နတ်ကိုးကွယ်မှုဆိုတာ ထေရဝါဒ ဗုဒ္ဓသာသနာတော်နဲ့ ကိုက်ညီရဲ့လား။ နတ်ဆိုတာ သရဏဂုံ သုံးပါးထဲ ပါသလား။ အစရှိသည်ဖြင့်ပေါ့။ (ဆရာတော်၊ သံဃာတော်များလည်း အာပေါက်အောင် ဟောတော်မူခဲ့ကြပြီးပါပြီ။ ဟောရင်းသာ ပျံတော်မူမယ့် သဘောပဲ) အချို့သော ကိုးကွယ်ယုံကြည်မှုများ နောက်ကွယ်မှာ မရိုးမဖြောင့် ကိုယ်ကျိုးရှာမှုတွေ ရှိနေတတ်ပါတယ်။ ဒါတွေကို အများစုကြီးက မြင်နိုင်ဖို့ ပညာရေး မြင့်မားဖို့လိုတာ အသေအချာပါခင်ဗျာ။ အနိမ့်ဆုံးပြောရရင် ဒီကနေ့ ဗမာပြည်မှာ လူမျိုးခြား၊ ဘာသာခြား၊ ဆန့်ကျင်ရေး လှိုင်းလုံး အကြီးကြီးရှိတယ်။ ဒီကနေ့ ကြိတ်ကြိတ်တိုးနေတဲ့ တောင်ပြုံးပွဲက နတ်အချို့ဟာ နတ်မျိုးခြား၊ (သို့မဟုတ်) လူမျိုးခြားပဲ။ အဲဒါကျ အိုကေနေပြန်ရော။ ဘယ်သူမှ ပြဿနာမလုပ်ဘူး။ ကဲ နောက်ပြီး ၃၇ မင်း အပကို ကြည့်ရအောင်။ အန်းကုန်းဘိုးတော်တို့ ကွမ်ယင်မယ်တော်တို့ဟာ ဘာလူမျိုးလဲ။ ဘယ်ကလာတာလဲ။ အချို့သော ဘုရားစေတီပုရဝုဏ်တွေထဲတောင် ဝတ်စုံပြည့် ဝင်ရောက် နေရာယူထားပြီးကြပြီ။ မောင်မှန်က အတင်းရော၊ အဓမ္မရော ဆန့်ကျင်ခိုင်းနေတာ မဟုတ်ပါဘူး။ တွဲဖက် စဉ်းစားကြည့်နိုင်အောင် တင်ပြပေးတာပါ။

တွဲဖက်ပြီး မစဉ်းစားနိုင်သူတွေသာ မစဉ်းစားတာ။ စဉ်းစားနိုင်သူတွေက စဉ်းစားတယ်။ သူတို့ရထားတဲ့ အခွင့်အလမ်းကို အမိအရ ဆက်လက် လုပ်ကိုင်တယ်။ ပြင်ဆင်သင့်တာတွေကို   ခေတ်နဲ့ လျော်ညီအောင် ပြင်ဆင်ပစ်လိုက်တယ်။ ရုပ်မြင်သံကြား အစီအစဉ်တစ်ခုကနေ တောင်ပြုံးပွဲအကြောင်း လွှင့်ထုတ်သွားတာ မောင်မှန် ကြည့်လိုက်ရတယ်။ ကန္နားစီးတစ်ယောက်နဲ့ အင်တာဗျူးပါတယ်။ ကန္နားစီးက နတ်ဆိုတာ ကိုးကွယ်ရာ မဟုတ်တဲ့အကြောင်း သရဏဂုံထဲလည်း မပါကြောင်း ပြောတယ်။ မောင်မှန် အံ့သြသွားတယ်။ ဘယ်လိုများလဲပေါ့။ ကိုယ့်စားပေါက် ကိုယ်ပိတ်တာလားပေါ့။ ဟုတ်တယ်လေ။ ကန္နားစီးလေးက ဆရာတော်ကြီးတွေဟောတဲ့ တရားလို ခေတ်ပညာတတ်တွေ ပြောတဲ့စကားလို ဖြစ်နေတာကိုး။ ကန္နားစီး ဆက်ပြောတာ ကြားတော့မှ မောင်မှန် ဘဝင်ကျသွားတယ်။ သူ့စားပေါက်သူ ပိတ်တာမဟုတ်မှန်းလည်း သိသွားတယ်။ ကန္နားစီးရဲ့ ပညာရည် မြင့်မားမှုကိုလည်း အသိအမှတ် ပြုမိတယ်။ သူပြောတာက နတ်ဆိုတာ ကိုးကွယ်ရာမဟုတ်ပေမယ့်လည်း ကိုယ်တွေရဲ့ ဘိုးဘေးဘီဘင် တော်စပ်တာ ဖြစ်တဲ့အတွက် ပူဇော်ပသတာတော့ လုပ်သင့်ပါသတဲ့ခင်ဗျာ။ ဆရာတော် သံဃာတော်တွေရဲ့ အလိုနဲ့လည်း မဆန့်ကျင်အောင်၊ ခေတ်ပညာတတ်တွေလည်း ငြင်းရခက်အောင် နတ်ကိုးကွယ်မှု ပုံသဏ္ဍာန်ကို ခေတ်မီအောင် ပြင်ဆင် ပြောင်းလဲပစ်လိုက်တယ်။ ဟိုအရင်ကဆို ဒါမျိုး ဘယ်ဟုတ်လိမ့်မလဲ။ နတ်တွေကို မကိုးကွယ်ချင်ရင်နေ၊ မစော်ကားနဲ့၊ ဘာဖြစ်လိမ့်မယ်၊ ညာဖြစ်လိမ့်မယ်ဆိုတဲ့ စကား နတ်ကတော်များ၊ နတ်ကိုးကွယ်သူများထံကနေ မောင်မှန်တို့ မကြခဏ ကြားကြရတယ်လေ။ အခုကျ ကိုးကွယ်စရာမဟုတ်ဘူး။ ပူဇော်ချင် ပူဇော်ဖို့ပဲ ဖြစ်သွားတယ်။ ဒါမှလည်း Survival (ရှင်သန်ကျန်ရစ်)ဖြစ်မှာကိုး။ အော်..... စင်ပေါ်ကနေ သူများ (ကိုးကွယ်ခံများ၊ သူတို့ရဲ့ ကိုယ်စားလှယ်များ)ဟာ ပညာအရာ ဉာဏ်ပညာမှာ အုပ်စိုးခံ ကိုးကွယ်သူများထက် ခေါင်းတစ်လုံး အမြဲသာနေပါလားလို့ တွေးမိပါတယ်။ အုပ်စိုးခံများ ပညာရေ မြင့်မားဖို့ရာ အလွန် အရေးကြီးပါတယ်။ ပုဂံဘုရားထဲက PVC ရေပိုက်ကတော့ ခြွင်းချက်ပေါ့ခင်ဗျာ။ ဒါက အုပ်စိုးသူရဲ့ ပညာမဲ့မှုပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly