၂၁ ပင်လုံ ညီလာခံတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တို့ပါ တက်ရောက် အမှာစကားပြောမည်

၂၁ ပင်လုံ ညီလာခံတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တို့ပါ တက်ရောက် အမှာစကားပြောမည်
ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

ရန်ကုန်၊ သြဂုတ် ၂၉ ။              ။ ၂၁ ပင်လုံ ညီလာခံတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပြင် တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့ပါ တက်ရောက်အမှာ စကားပြောကြားမည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မဇ္ဈိမသို့ အတည်ပြုပြော ကြားသည်။

"နံပါတ်တစ် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိလ်ဒေါ်အောင်ဆန်းစုကြည်၊ နံပါတ် နှစ်က ပြည်သူ့လွှတ်တော်ဥက္ကဌ ၊ သုံးက အ မျိုးသားလွှတ်တော် ဥက္ကဌ ၊ နံပါတ်လေးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နံပါတ်ငါးက တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းများ ခေါင်းဆောင်တစ်ဦး၊ နောက် နိုင်ငံရေးပါတီများထဲက ခေါင်းဆောင်တစ်ဦး၊ ပြီးရင် ဘန်ကီမွန်း" ဟု အမှာစကား ပြောမည့် လူစာရင်းကို ဦးဇော်ဌေးက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ UNFC အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ တက်ရောက်အမှာ စကားပြောမည်ဖြစ်ကြောင်း UNFC က သတင်းထုတ်ပြန်ထားသည်။

ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအနေနှင့် နေပြည်တော်သို့ သြဂုတ်လ ၃၀ တွင်ရောက်ရှိ မည် ဖြစ်ပြီး ယင်းနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံဆွေးနွေးသွားဖို့ ရှိနေကာ အစီအစဉ်အသေးစိတ်ကို နိုင်ငံခြား ရေးဝန်ကြီးဌာနက စီစဉ်နေကြောင်း ဦးဇော်ဌေးက ပြောသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် သည် မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ် မေလပိုင်းတွင်လည်း မြန်မာနိုင်ငံသို့လာ ရောက်ခဲ့ဖူးသည်။

သြဂုတ် ၃၁ ရက်မှ စတင်ပြီး ငါးရက်ကြာ ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံသို့ နိုင်ငံတကာမှ ဖိတ်ကြားထားသူ များအ ပါအဝင် စုစုပေါင်း ၁၅၀၀ ကျော်တက်ရောက်ကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly