တောင်ကိုရီးယား ဖွံ့ဖြိုးတိုးတက်မှု ပုံစံက မြန်မာအတွက် အဖြေတစ်ခုမဟုတ်ကြောင်း အိန္ဒိယ စီးပွားရေးပညာရှင် ပြော

တောင်ကိုရီးယား ဖွံ့ဖြိုးတိုးတက်မှု ပုံစံက မြန်မာအတွက် အဖြေတစ်ခုမဟုတ်ကြောင်း အိန္ဒိယ စီးပွားရေးပညာရှင် ပြော

နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်ကဲ့သို့လုပ်ဆောင်ရမည်ကို စဉ်းစားရာတွင် မြန်မာအစိုးရအတွက် တောင်ကိုရီးယား၏ ဖွံ့ဖြိုးမှု ပုံစံက အဖြေတစ်ခု မဟုတ်ကြောင်း အိန္ဒိယ ပညာရှင်က ပြောသည်။ စိုက်ပျိုးရေးနိုင်ငံတစ်နိုင်ငံမှာ စက်မှုနိုင်ငံအဖြစ် အသွင်ကူးပြောင်းအောင်မြင်ထားသော တောင်ကိုရီးယား၏ ဥပမာသည် မြန်မာအတွက် အဖြေတစ်ခုမဟုတ်နိုင်ဟု ၎င်းက ဆိုသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စီးပွားရေးတိုးတက်မှုလမ်းကြောင်းများနှင့်ပတ်သက်၍ အစိုးရနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆွေးနွေးရန် မြန်မာနိုင်ငံသို့ဖိတ်ကြားထားသော အိန္ဒိယပညာရှင်နှစ်ဦးအနက် ပါမောက္ခ JayatiGhosh က အထက်ပါအတိုင်း သုံးသပ်ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ စီးပွားရေးတိုးတက်မှု၊ ဖွံ့ဖြိုးမှုနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရေး” ခေါင်းစဉ်ဖြင့် ကျင်းပသော ဆွေးနွေးပွဲတွင် အိန္ဒိယ စီးပွားရေးပညာရှင်နှစ်ဦးက ဆွေးနွေးပြောဆိုသွားကြသည်။

ယင်းဆွေးနွေးပွဲကို Myanmar Economic Association ၊ မဇ္ဇျိမ မီဒီယာ၊ Ranaissance Institute နှင့် ActionAid တို့က စီစဉ်ကျင်းပပေးခြင်းဖြစ်ပြီး သြဂုတ်လ ၂၇ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင်ပြုလုပ်ခဲ့သည်။ အရပ်ဘက်အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ တတ်ကျွမ်းပညာရှင်များလည်း တက်ရောက်ခဲ့ကြသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြုံတွေ့ရမည့် စိန်ခေါ်မှုများနှင့်ပတ်သက်၍ ဆွေးနွေးဖလှယ်နိုင်ရန် ယင်းပွဲကို ကျင်းပခြင်းဖြစ်သည်။

ယခုဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ရွေးကောက်ခံအရပ်သားအစိုးရတစ်ရပ် တက်လာပြီးနောက်ပိုင်း နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် အိုင်ဒီယာယူဆချက်များနှင့်ပတ်သက်၍ ဆွေးနွေးဖလှယ်နိုင်ကြရန် ကျင်းပခြင်းဖြစ်ကြောင်း Myanmar Economic Association ၏ ဥက္ကဌ ပါမောက္ခ ကျော်မင်းထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

အိန္ဒိယ ပညာရှင်များကလည်း ၎င်းတို့အနေဖြင့် မြန်မာအစိုးရအား မည်ကဲ့သို့ ပြုလုပ်ပါဟု ညွှန်ကြားပြောဆိုလိုသည့် သဘောမရှိပါကြောင်းနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများ မည်ကဲ့သို့ အောင်မြင်ခဲ့သည်နှင့်ပတ်သက်၍ ၎င်းတို့ သိရှိထားခဲ့သမျှကို ဝေမျှခြင်းဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးလမ်းကြောင်းဆီသို့ ချဉ်းကပ်ရာတွင် အကျိုးအပြစ်များကို ရှာဖွေသိရှိစေနိုင်ရန် မျှော်လင့်ကြောင်း ဆိုသည်။

ယင်းဆွေးနွေးပွဲတွင် တက်ရောက်လာသူများက အစိုးရ၏ စီးပွားရေးမူဝါဒ နှင့်ပတ်သက်၍ အမျိုးမျိုးသုံးသပ်ဆွေးနွေးသွားခဲ့ကြသည်။

“ တကယ်လို့ ခင်ဗျားတို့နိုင်ငံမှာ ပို့ကုန်စီးပွားရေးမျိုး မရှိဘူးဆိုရင် ပြည်တွင်းဈေးကွက်ကို တည်ဆောက်ရပါလိမ့်မယ်၊ အဲဒါမှ ခင်ဗျားတို့နိုင်ငံမှ တစ်ဦးချင်းဝင်ငွေတွေ တိုးတက်လာမှာပါ” ဟု တက်ရောက်သူတစ်ဦးက ဆွေးနွေးသည်။ “ဝင်ငွေနည်းပါးတဲ့  အောက်ခြေပြည်သူလူထု ဝင်ငွေတိုးတက်စေနိုင်မယ့် နည်းလမ်းကို သုံးပြီး ထုတ်လုပ်မှုကနေရတဲ့ အကျိုးကျေးဇူးတွေကို ဖြန့်ဝေရန်လိုအပ်ပါတယ်၊ ဝင်ငွေတွေကို ပြန်လည့်ဖြန့်ဝေနိုင်ဖို့ လိုပါတယ်၊ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ဆီမှာ လယ်ယာမြေပြုပြင်ပြောင်းလဲမှုတွေ၊ လုံလုံခြုံခြုံ လုပ်ငန်းခွင်လုပ်ကိုင်နိုင်မှု၊ အလုပ်အကိုင်အစီအစဉ်တွေ ဒါမျိုးတွေ ချမှတ်လုပ်ကိုင်ဖို့လိုပါတယ်၊ ဝင်ငွေတွေတိုးတက်အောင် ခင်ဗျားလုပ်ရပါလိမ့်မယ်၊ ဒါမှလည်း ဖွံ့ဖြိုးတိုးတက်မှုကို ရေရှည်ထိန်းထားနိုင်မယ့် ဈေးကွက်တစ်ခုကို ရရှိနိုင်ပါလိမ့်မယ်” ဟု အထက်ပါပုဂ္ဂိုလ်က ဆွေးနွေးသည်။

တက်ရောက်လာသူ အမျိုးသမီးစီးပွားရေးပညာရှင်တစ်ဦးကလည်း သူမအနေဖြင့် နိုင်ငံ၏ စီးပွားရေးမူဝါဒထုတ်ပြန်ချက်ကို ဖတ်ရှုပြီး အစိုးရက မည်သည့်စီးပွားရေးမူဝါဒလမ်းစဉ်နောက် လိုက်နေသည်ကို ရှင်းလင်းခြင်းမရှိဟု ပြောသည်။

တက်ရောက်လာသူ အခြားတစ်ဦးကလည်း အိန္ဒိယအစိုးရ ယင်း၏ မူဝါဒများကို မည်ကဲ့သို့ ချမှတ်သည်ကို သိလိုကြောင်း ပြောဆိုသွားသည်။

စံနမူနာ စီးပွားရေး မော်ဒယ်ပုံစံ

အိန္ဒိယ စီးပွားရေး ပညာရှင်ပါမောက္ခ JaytiGhosh က ဆွေးနွေးပြောကြားရာတွင် ရာစုဝက်ကျော်ကာလက စိုက်ပျိုးရေးနိုင်ငံအဖြစ်မှ စက်မှုနိုင်ငံအဖြစ်သို့ တောင်ကိုရီးယားနိုင်ငံမည်ကဲ့သို့ ပြောင်းလဲလာသည်ဆိုသည့် ဥပမာကို ထောက်ပြပြောဆိုသွားသည်။ သို့သော် ယင်း ဥပမာအတိုင်း လိုက်လံလုပ်ဆောင်ရန် မြန်မာနိုင်ငံကဲ့သို့ နိုင်ငံအတွက် ဖြစ်နိုင်မည်မဟုတ်ကြောင်း ၎င်းက ပြောသည်။

“ ဖွံ့ဖြိုးဆဲနိုင်ငံပေါင်း ၁၈၀ လောက်ထဲက တောင်ကိုရီးယားနိုင်ငံတစ်နိုင်ငံပဲ အဲဒီလိုလုပ်ပြီး အောင်မြင်ခဲ့တာပါ၊ တရုတ်ဆိုလည်း အဲဒီအတိုင်းလိုက်လုပ်ခဲ့ပါသေးတယ်၊ ဒါပေမယ့်လည်း မရခဲ့ပါဘူး၊ မလေးရှားလည်း စလုပ်ခဲ့ပါသေးတယ်၊ ဒါပေမယ့်လည်း ရပ်သွားပါတယ်၊ မက္ကဆီကို၊ အိန္ဒိယနဲ့ အာဂျင်တီးနား တို့လို နိုင်ငံတော်တော်များများလည်း အဲဒီအတိုင်း လုပ်ရင်း ရပ်သွားကြပါတယ်” ဟု ၎င်းက ပြောသည်။

တောင်ကိုရီးယားပုံစံ စံနမူနာသည် စံပြသဖွယ်ဖြစ်ချင်ဖြစ်နိုင်သော်လည်း ယင်းသည် လိုက်လံလုပ်ဆောင်ရန်မလွယ်ကူသော အရာတစ်ခုဟုဆိုသည်။ “ ဒါကြောင့်မို့ ခုချိန်မှာ အောင်မြင်ချင်တယ်ဆိုရင် ဘယ်လိုနည်းလမ်းတွေ ရှာဖို့လိုတယ်ဆိုတာ သေချာစေ့စေ့စပ်စပ် ကြည့်ဖို့လိုပါတယ်၊ အထက်ပါနည်းလမ်းနဲ့ နိုင်ငံနည်းနည်းလေးပဲ အောင်မြင်ခဲ့တယ်ဆိုတာ အသိအမှတ်ပြုရပါမယ်၊ ဒါကြောင့် ရှင်းလင်းသေချာတဲ့ မဟာဗျူဟာတွေ လိုပါတယ်” ဟု ၎င်းက ဆိုသည်။

ဖွံ့ဖြိုးတိုးတက်မှုကို မည်ကဲ့သို့ အမျိုးအစားသတ်မှတ်မည်နည်း

ဖွံ့ဖြိုးတိုးတက်မှုကို  အမျိုးအမည်သတ်မှတ်ရန် နည်းလမ်းများစွာ ရှိကြောင်း ပါမောက္ခ JayatiGhosh က ပြောသည်။

အိန္ဒိယ၊ တရုတ်၊ ဘရာဇီး သို့မဟုတ်မြန်မာနိုင်ငံတို့အတွက်မှာမူ တစ်ဦးချင်း ဂျီဒီပီကို အညွှန်းကိန်းတစ်ခုကဲ့သို့ ကြည့်ရှုတတ်သည့်သဘောရှိကြောင်း ၎င်းက ဆိုသည်။ “ ဒါပေမယ့် တကယ်တမ်းဆိုရင် အခြား နည်းလမ်းတွေအများကြီး ရှိတယ်လို့ ကျွန်မတို့ သိထားပါတယ်၊ အဲဒါကို ကြည့်ဖို့ ရှုထောင့်အမျိုးမျိုးကနေ ကြည့်လို့ရပါတယ်” ဟု ၎င်းက ပြောသည်။

“ ဒီနေရာမှာ ဖွံ့ဖြိုးတိုးတက်မှု ဆိုတာကို အထူးတိတိကျကျ အဓိပ္ပါယ်ဖွင့်ပါမယ်၊ အခြေခံအားဖြင့်တော့ အဲဒါဟာ အမျိုးမျိုး ပြောင်းလဲထုတ်လုပ်မှုလို့ ပြောချင်ပါတယ်၊ ထုတ်လုပ်မှုရော၊ အလုပ်အကိုင်ခန့်ထားမှုပိုင်းအရပါ တန်ဖိုးနည်း လုပ်ဆောင်မှုတွေကနေ တန်ဖိုးမြင့်ပေါင်းထည့်ထားတဲ့လုပ်ဆောင်မှုတွေကို ပြောင်းလဲလုပ်ဆောင်ရပါလိမ့်မယ်လို့ ပြောချင်ပါတယ်” ဟု ပြောသည်။

အလားတူ ဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ ထုတ်လုပ်မှု အသွင်ကူးပြောင်းခြင်းဟုလည်း ၎င်းက ပြောသည်။ ယင်းတို့သည် စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် အမျိုးမျိုး ပြောင်းလဲလုပ်ကိုင်ခြင်းဖြင့်ဖြစ်နိုင်သည်ဟု ဆိုသည်။ ယင်းသို့လုပ်ဆောင်ပါက စိုက်ပျိုးရေးလုပ်ငန်းတွင်လည်း ပိုမိုထုတ်လုပ်နိုင်စွမ်းရှိလာစေမည်ဖြစ်ပြီး လုပ်ငန်းကဏ္ဍအားလုံးသည် ယခင်ကထက် ပိုမိုထုတ်လုပ်နိုင်စွမ်းရှိလာမည်ဖြစ်သည်။

ပြည်သူများအနေဖြင့်လည်း ၂၀ ရာစုနှစ်လယ်ပိုင်းက ကိုရီးယားစစ်ပွဲအလွန် တောင်ကိုရီးယားနိုင်ငံ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာသည့် ပုံစံကိုတွေးတောနေကြသည်ဟု ၎င်းက ပြောသည်။

တောင်ကိုရီးယားတွင် စိုက်ပျိုးရေးလုပ်ငန်းမှာ ၆၅ ရာခိုင်နှုန်းမှ ယခုအခါ ၁၀ ရာခိုင်နှုန်းအောက်သို့ လျော့ကျသွားချိန်တွင် နိုင်ငံသားတစ်ဦးချင်းစီ၏ ဝင်ငွေမှာ တိုးတက်လာခဲ့သည်ဟု ၎င်းက ထောက်ပြသည်။

“ တကယ့် ဇာတ်ကြောင်းအမှန်က စိုက်ပျိုးရေးလုပ်ငန်းမှာက လူတွေ နည်းနည်းပဲလိုလာပါတယ်၊ ဂျီဒီပီတိုးတက်လာပေမယ့် အလုပ်အကိုင်ခန့်ထားမှုပိုင်းမှာ နည်းပါးသွားခဲ့ပါတယ်” ဟု ပြောသည်။

စိုက်ပျိုးရေးလုပ်ငန်းတွင် အလုပ်သမားများဖြင့် ထုတ်လုပ်မှု မြင့်တက်ခဲ့သော်လည်း ၁၉၉၀ ပြည့်နှစ်အလယ်ပိုင်းတွင်မူ ယင်းလုပ်ငန်းအတွင်း လုပ်သားများ ခန့်အပ်လုပ်ကိုင်မှုရာခိုင်နှုန်းမှာ ကျဆင်းသွားသည်ဟု ဆိုသည်။ အဘယ့်ကြောင့်ဆိုသော် လုပ်ငန်းသည် တစ်ဖြည်းဖြည်း ပိုမို၍ ထုတ်လုပ်မှု အားကောင်းလာခြင်းကြောင့်ဟု ဆိုသည်။

မတူညီသော မဟာဗျူဟာများကို စဉ်းစားရမည်

 တောင်ကိုရီးယား၏ပုံစံကို ပုံတူကူးချရန် မဖြစ်နိုင်ကြောင်း ပါမောက္ခ JayatiGhosh က ဆိုသည်။

မြန်မာနိုင်ငံကဲ့သို့ နိုင်ငံတစ်နိုင်ငံအတွက် မတူညီသော မဟာဗျူဟာများ အသုံးပြုနိုင်ရန် စဉ်းစားနိုင်ကြောင်း ၎င်းက ပြောသည်။ ဈေးကွက်ဖြေလျော့ပေးရေး၊ FDI စသည့်တို့နောက်လိုက်ရမည့် မဟာဗျူဟာတစ်ရပ်ရှိသည်ဟု ဆိုသည်။

“ တောင်ကိုရီးယားက အထက်ပါ ဗျူဟာတွေ အသုံးမပြုခဲ့ဘူးဆိုတာကို သတိရသင့်ပါတယ်၊ တောင်ကိုရီးယားဟာ ပြီးခဲ့တဲ့ ကာလအနည်းကအထိ ဈေးကွက်တွေကို မဖွင့်ထားခဲ့ပါဘူး၊ တောင်ကိုရီးယားဟာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုှပ်နှံမှုကို အားမပြုခဲ့ပါဘူး၊ ပြီးခဲ့တဲ့ ကာလအနည်းငယ်ကအထိ တောင်ကိုရီးယားဟာ ဘဏ္ဍာရေးကဏ္ဍတွေမှာ ဖွင့်လှစ်ထားခြင်းမရှိခဲ့ပါဘူး၊ တကယ်ဆိုရင် ယနေ့ခေတ်ကမ္ဘာကြီးမှာ အဆင်ပြေအောင်မြင်စေရန်အတွက် သင့်အနေဖြင့် အများနှင့်မတူညီသည့် နည်းလမ်းတစ်ခု ရှိထားရမှာဖြစ်ပါတယ်” ဟု ဆိုသည်။

စီမံကိန်းရေးဆွဲရန် လိုအပ်ခြင်း

“ ဒါဆိုရင် ဘာတွေလိုအပ်ပါသလဲ?” “စီမံကိန်းရေးဆွဲဖို့ လိုအပ်ပါတယ်” ဟု သူမ က ဆိုသည်။ စီမံကိန်းရေးဆွဲခြင်းဆိုသည်မှာ ဆိုးရွားသည့် စီမံကိန်းမျိုး တွေ့ကြုံထားရသည့် နိုင်ငငံတစ်နိုင်ငံအတွက် ကောင်းမွန်လှသည့် စကားလုံးတစ်လုံးမဟုတ်ဟု ဆိုသည်။

“ စီမံကိန်းရေးဆွဲမှု နဲ့ပတ်သက်ရင် ကျွန်မတို့အနေနဲ့ ဒီနှစ်တင်မကဘဲ နောက်ငါးနှစ် ဒါမှမဟုတ် ဆယ်နှစ်အတွက် စဉ်းစားသင့်ပါတယ်၊ အဲဒီကာလထဲမှာ မဟာဗျူဟာတစ်ရပ်လည်း ချဖို့လိုပါတယ်၊ ကုန်သွယ်မှုနဲ့ စက်မှု ဆိုင်ရာ မူဝါဒတွေလည်း လိုပါတယ်၊ ဘဏ္ဍာရေးငွေကြေး မူဝါဒတွေ လိုပါတယ်၊ လူမှုမူဝါဒလိုပါတယ်၊  လူမှုမူဝါဒမရှိဘဲ မအောင်မြင်နိုင်ပါဘူး” ဟု ၎င်းက ပြောသည်။

အထက်တန်းလွှာလူနည်းစုတစ်ခုအတွက် မဟုတ်ပါဘူး

မြန်မာနိုင်ငံအတွက် ယင်း၏ စီးပွားရေးကို မည်ကဲ့သို့ မောင်းနှင်မည်နှင့်ပတ်သက်၍ အပြောင်းအလဲတစ်ခုလိုကြောင်း ပါမောက္ခ JayatiGhosh က ပြောသည်။

“ ဒီလို ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအတွက်ကတော့ ဟန်ချက်ညီပြီး တက်ကြွတဲ့ ကြားဝင်ဖြေရှင်းမှုတစ်ခုရှိရပါမယ်၊ ပွင့်လင်းမြင်သာပြီး လူမှု တာဝန်ခံမှုတွေ ရှိရပါမယ်၊ ဘာလို့လဲဆိုတော့ နိုင်ငံအစိုးရမပါပဲ သင့်အနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကျဉ်းလို့ မရနိုင်ပါဘူး၊ အစိုးရဟာလည်း လူနည်းစုအထက်တန်းလွှာတစ်ခုရဲ့အကျိုးထက် ပြည်သူတွေရဲ့အကျိုးစီးပွားတွက် လုပ်ကိုင်ပေးနေဖို့ အရေးကြီးပါတယ်” ဟု ဆိုသည်။

ကုန်သွယ်မှုနှင့် စက်မှု မဟာဗျူဟာဆိုင်ရာနှင့်ပတ်သက်၍ ကိုရီးယား၊ ဂျပန် နှင့် စင်ကာပူတို့သည် နည်းလမ်းအားလုံးဖြင့် စက်မှု မူဝါဒများကို အသုံးပြုခဲ့ကြကြောင်း ၎င်းက ဆိုသည်။ “ အဲဒီနည်းလမ်းတွေအားလုံးတော့ ကျွန်မတို့အတွက် မရနိုင်ပါဘူး၊ ခုချိန်မှာက ကမ္ဘာကြီးဟာ အရင်ကနဲ့မတူတော့ပါဘူး၊ ခု ၂၁ ရာစုမှ ကျွန်မတို့မှာ WTO ရှိလာပြီ၊ ကုန်သွယ်ရေး သဘောတူညီချက်တွေရှိလာပြီ၊ အာဆီယံ ကုန်သွယ်မှု သဘောတူညီချက်တွေရှိလာပြီ၊ အရင်ကလုပ်သလို အရာတွေအားလုံး ခုချိန်မှာ လုပ်နိုင်မှာမဟုတ်တော့ပါဘူး” ဟု ပြောသည်။

ပြည်တွင်းက ပါဝင်မှု

ပြည်တွင်း ပါဝင်မှုကလည်း အရေးကြီးကြောင်း ၎င်းက ပြောသည်။ ကုန်ကြမ်းတင်ပို့သူ နိုင်ငံအဖြစ်ကနေ ယင်းကုန်ကြမ်းကိုပင် ပြည်တွင်း၌ပင်ကုန်ချောအဖြစ် ပြုပြင်ထုတ်လုပ်ပြီး တင်ပို့နိုင်ရန် အရေးကြီးကြောင်း ပြောသည်။ ကွန်ဂိုနိုင်ငံဆိုလျင် ယခင်က ကြေးနီကို အကြမ်းထည်အတိုင်းတင်ပို့ခဲ့ရာကေနေ ယခုအခါ ပြုပြင်ထုတ်လုပ်ပြီး ကြေးနီကုန်ချောကို ပြောင်းလဲတင်ပို့နေနိုင်ပြီဟု ဆိုသည်။

ယခင်နျစ်များက ကမ္ဘာကြေးနီကုန်ကြမ်းဈေးမှာ ကျဆင်းခဲ့ပြီး ဈေးကွက်များ ပြိုလဲခဲ့သည်ဟု ဆိုသည်။ သို့သော် ကုန်ချောကြေးနီဈေးနှုန်းမှာ ယင်းအတိုင်း ပြိုပျက်သွားခဲ့ခြင်းမရှိဘဲ ဈေးကွက်များ ဆက်ရှိနေဆဲဟု ဆိုသည်။ ယင်းအတွက်ကြောင့် အကြမ်းထည် ကြေးနီကို ထုတ်လုပ်ပြီး အချောထည်ဖြစ်ရန်လုပ်ဆောင်ခြင်းက အရေးပါခဲ့သည်ဟုဆိုသည်။

အလားတူ ကုမ္ပဏီကြီးများနှင့် နိုင်ငံပေါင်းစုံအခြေစိုက်လုပ်ကိုင်သူများကိုလည်း အလေးထားနေကြခြင်းနှင့်ပတ်သက်၍ ၎င်း က မေးခွန်းထုတ်သွားသည်။

“ တစ်ခါတစ်ခါကျ ကျွန်မစဉ်းစားမိပါတယ်၊ စက်မှုမူဝါဒတွေဟာ နိုင်ငံပေါင်းစုံအခြေစိုက်လုပ်ကိုင်သူတွေ၊ ပြည်တွင်းကုမ္ပဏီကြီးတွေပေါ်မှာပဲ အလေးထားရေးဆွဲထားတဲ့အကြောင်းကိုပါ၊ တကယ့်တော့အဲဒီလိုမဖြစ်သင့်ပါဘူး၊ စက်မှုမူဝါဒတွေကို အသေးစားနဲ့အလတ်စား လုပ်ငန်းရှင်တွေအပေါ် အလေးထားပြီး လုပ်သင့်ပါတယ်” ဟု ၎င်းက ပြောသည်။

LDC အဆင့်အခြေအနေဖြင့် အသုံးချလုပ်ကိုင်ခြင်း

ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ LDC နိုင်ငံအဖြစ် သတ်မှတ်ခံထားရသည့်မြန်မာနိုင်ငံအနေဖြင့် ယင်းအခြေအနေကို အသုံးချကာ နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့များနှင့် ချိတ်ဆက်ကာ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ရှာနိုင်ကြောင်း ၎င်းက ဆိုသည်။ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ WTO ၊ အရှေ့တောင်အာရှ နိုင်ငံများအသင်း ASEAN တို့နှင့် ချိတ်ဆက်လုပ်ဆောင်နိုင်သည်ဟု ဆိုသည်။

“ မြန်မာမှာဆိုရင် အခွင့်အလမ်းကောင်းတွေ အများကြီးရှိပါတယ်၊ စိုက်ပျိုးရေးကဏ္ဍမှာလည်း အော်ဂင်းနစ် စိုက်ပျိုးရေးဖြစ်တယ်၊ ဓါတုပစ္စည်းတွေအသုံးပြုမှု မရှိဘူး၊ အော်ဂင်းနစ် စိုက်ပျိုးမှုကို တရားဝင်ထောက်ခံချက်လက်မှတ်တွေဘာတွေနဲ့လုပ်နိုင်ရင် ပုံမှန်တင်ပို့တဲ့ဈေးထက်သုံးဆလောက်ပိုရနိုင်ပါတယ်” ဟု ၎င်းကပြောသည်။

 စာချုပ်စာတမ်းများနှင့်ပတ်သက်၍ သတိရှိခြင်း

စာချုပ်စာတမ်းများနှင့်ပတ်သက်၍ သတိပြုရမည်ဖြစ်ကြောင်း အဆိုပါ အိန္ဒိယပညာရှင်က သတိပေးသွားသည်။

“ အရေးကြီးတဲ့အချက်တစ်ခုက စာချုပ်စာတမ်းတွေနဲ့ပတ်သက်ပြီး သတိထားလုပ်ဖို့ပါ၊ ခုချိန်မှာ အစိုးရအနေနဲ့လည်း နိုင်ငံတကာ စာချုပ်စာတမ်းတွေ၊ နှစ်နိုင်ငံစာချုပ်တွေ၊ လွတ်လပ်တဲ့ကုန်သွယ်မှုစာချုပ်တွေ အများဆုံး ချုပ်ဆိုဖို့လုပ်နေတယ်လို့ သိထားပါတယ်” ဟု ၎င်းက ပြောသည်။

ယင်းစာချုပ်များတွင် ပါဝင်လာမည့် ကန့်သတ်ချက်များကို သတိထားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “ ညှိနှိုင်းဆွေးနွေးတဲ့အခါမှာ သတိရှိရပါမယ်” ဟု ဆိုသည်။

အလားတူ ကုမ္ပဏီများအနေဖြင့် အစိုးရများနှင့် တရားရင်ဆိုင်မှုများရှိလာတတ်ပြီး နောက်ဆုံးတွင် ယင်းကုမ္ပဏီများဘက်က အနိုင်ရသွားတတ်ကြောင်း ၎င်းကပြောသည်။

ယခုနောက်ပိုင်း နိုင်ငံတော်တော်များများသည် အစောပိုင်းရင်းနှီးမြုှပ်နှံမှုစာချုပ်များကို ဖောက်ဖျက်လာနေကြရကြောင်း ၎င်းက ပြောသည်။ လက်တင်အမေရဂိကန်က နိုင်ငံရှစ်နိုင်ငံ နှင့်အာဖရိက ဒေသက ငါးနိုင်ငံဆိုလျင် ၎င်းတို့၏ အစောပိုင်းစာချုပ်များကို ပယ်ဖျက်ခဲ့ကြသည်ဟု ဆိုသည်။ ယင်းနောက် ရင်းနှီးမြုှပ်နှံသူအကျိုးထက် ပြည်တွင်းလူ့အခွင့်အရေးအကျိုးကို ပိုနိုင်ရန် ပြန်လည်ညှိနှိုင်းမှုများ လုပ်ဆောင်ကြသည်ဟု ပြောသွားသည်။