ထူးခြားလှတဲ့ ခြေချောင်းလှဲ ပြိုင်ပွဲဆိုတဲ့ အားကစား

28 August 2016
ထူးခြားလှတဲ့ ခြေချောင်းလှဲ ပြိုင်ပွဲဆိုတဲ့ အားကစား

ဟိုက်ပါစပို့ပရိသတ်များမင်္ဂလာပါခင်ဗျာ။ ထူးထူးခြားခြား အားကစားဆိုတဲ့ အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်မှာ ပုံမှန်မဟုတ်တဲ့အားကစားနည်းတွေကို တွေ့မြင်ကြရမှာပါ။ ဒီတစ်ပတ်မှာ တင်ဆက်ပေးမယ့် အားကစားနည်းကတော့ ခြေချောင်းလှဲပြိုင်ပွဲဆိုတဲ့ အားကစားနည်းဖြစ်ပါတယ်။

ပုံမှန်အားဖြင့် တော့ ကျွန်တော်တို့ဟာ လက်မောင်းလှဲပြိုင်ပွဲကိုပဲ သတိထားမိကြလိမ့်မယ်ထင်ပါတယ်။ ဒါပေမဲ့ ခြေချောင်းလှဲပြိုင်ပွဲဆိုတာကလည်း ကမ္ဘာ့ချန်ပီယံလုပွဲအထိရှိနေတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ ပြိုင်ပွဲကိုဘယ်လိုယှဉ်ပြိုင်ကြလဲဆို တာ ကျွန်တော်တို့ နည်းနည်းလောက်ကြည့်လိုက်ကြရအောင်ပါ။

ပြိုင်ပွဲယှဉ်ပြိုင်ပုံကိုကြည့်ပြီးပြီဆိုတော့ ဒီပြိုင်ပွဲရဲ့ ရီမောစရာသမိုင်းကြောင်းကိုလည်း ပြောပြချင်ပါတယ်။ ခြေချောင်းလှဲပြိုင်ပွဲကို စပြီးတီထွင်ခဲ့ကြတာက အင်္ဂလန်နိုင်ငံ၊ စတက်ဖို့ဒ်ရှိုင်းယားက ဝက်တန်ဆိုတဲ့ရွာကလေးတစ်ရွာမှာရှိတဲ့ ရီ အိုလ်ဒီ ရွိုင်ရယ် အုတ် စားသောက်ဆိုင်လေးက ယမကာလုလင်လေးယောက်ပဲဖြစ်ပါတယ်။

အင်္ဂလန်အနေနဲ့ ကမ္ဘာ့ချန်ပီယံတွေမွေးထုတ်ပေးနိုင်စွမ်းနည်းနေလို့ဆိုပြီး ၁၉၇၄ မှာ ဒီအားကစားနည်းကို တီထွင်ခဲ့ကြတာပါ။ သူတို့ရဲ့ အယူအဆကတော့ အားကစားနည်းသစ်တစ်ခုပေါ်လာရင် တခြားနိုင်ငံတွေက သိပ်မသိသေးတဲ့အတွက် စတင်တီထွင်တဲ့နိုင်ငံက အနည်းဆုံးတစ်ကြိမ်လောက်တော့ ချန်ပီယံဖြစ်လိမ့်မယ့် ဆိုတဲ့ အယူအဆပါပဲ။ ချန်ပီယံကတော့ ဆုဖလားအသေးလေးရရှိပါတယ်။

ဒီအားကစားနည်းကိုတီထွင်သူလေးယောက်ထဲက မစ်ဒေါ်ဆင်ဟာ ပထမဆုံးကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့ပြီး ၁၉၇၅ မှာလည်း ချန်ပီယံ ဘွဲ့ကိုဆက်ထိန်းနိုင်ခဲ့ပေမယ့် ၁၉၇၆ မှာတော့ ကနေဒါသားတစ်ယောက်က ဝင်ပြိုင်ပြီး ဗိုလ်စွဲသွားပါတယ်။

အဲဒီမှာပဲ ပြိုင်ပွဲလည်းတစ်ခန်းရပ်သွားခဲ့ပြီး ကာလရှည်နားသွားခဲ့ပါတော့တယ်။ အခုမှတစ်ဖန်ပြန်လည်ရေပန်းစားလာပြီး အိုလံပစ်ကော်မတီကတောင် အသိအမှတ်ပြုဖို့ မငြင်းဆန်နိုင်တဲ့အနေအထားအထိဖြစ်လာခဲ့ပါတယ်။ ကမ္ဘာ့ခြေချောင်းလှဲပြိုင်ပွဲကို လည်း အင်္ဂလန်နိုင်ငံ၊ ဒါဘီရှိုင်းယားမှာ နှစ်စဉ်ကျင်းပခဲ့နေပါပြီ။

ပြိုင်ပွဲစည်းမျဉ်းကတော့ လက်မောင်းလှဲတာနဲ့အတူတူပါပဲ။ သုံးပွဲကစားရပြီး နှစ်ပွဲနိုင်တဲ့သူက အနိုင်ရမှာပါ။ ပထမဆုံး ညာဘက် ခြေမချင်းညှစ်ပြီးလှဲရမှာဖြစ်ပါတယ်။ နောက်တစ်ပွဲက ဘယ်ဘက်ခြေမချင်းညှစ်လှဲရတာဖြစ်ပြီး အရှုံးအနိုင်မပြတ်သားသေးရင် ညာဘက်နဲ့ခြေထောက်နဲ့ ထပ်မံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဒီတစ်ပတ်တင်ဆက်ပေးသွားတဲ့ တိုးရက်စလင်း (ခြေချောင်းလှဲပြိုင်ပွဲ) အကြောင်းကို သဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်တစ်ပတ်မှာလည်း အခုလိုပဲ ထူးထူးခြားခြားကစားနည်းတွေကို တင်ဆက်ပေးဦးမှာဖြစ်လို့ အားပေးကြပါဦးခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly