ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ လက်ချည်ပွဲတော် ကျင်းပ

ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ လက်ချည်ပွဲတော် ကျင်းပ
ချည်ဖြူပွဲတော်ကျင်းပနေစဉ်။ ဓာတ်ပုံ - ဇော်နီ

မြိတ်၊ သြဂုတ် -၂၈ ရက် ။              ။ ကရင်တိုင်းရင်းသားတို့၏ ဓလေ့ထုံးတမ်းအမွေအနှစ် ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာ လက်ချည်ပွဲတော်ကို သြဂုတ်(၂၇)ရက်တွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ကလွင်ကျေးရွာအုပ်စု ပရဟိတ ဂေဟာကျောင်း၌ ကျင်းပခဲ့သည်။

“ဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာဟာ ကရင်တိုင်းရင်းသား ရိုးရာဓလေ့တွေထဲကမှ အရေးကြီးတဲ့ ရိုး ရာဓလေ့ ပွဲတော်တစ်ခုဖြစ်ပါတယ်” ဟု ပွဲတော်ကျင်းပရေးကော်မတီဝင်တစ်ဦးကဆိုသည်။

ကရင်တိုင်းရင်းသားများ ထိန်းသိမ်းလျက်ရှိသည့် ရိုးရာဓလေ့များအနက်မှ ချည်ဖြူဖွဲ့ မင်္ဂလာ (ခေါ်) လက်ချည်ပွဲတော်သည် ဝါခေါင်လရောက်လျှင် ကွဲကွာနေသည့် မိသားစု၊ ဆွေမျိုးများ ပြန်လည် ဆုံဆည်းရန်၊ အချင်းချင်းချစ်ကြည်သွေးစည်းခိုင်မာ၍ တစ်ဦးနှင့်တစ်ဦး ကူညီထောက်ပံ့ကာ အေးအေးချမ်းချမ်း နေထိုင်နိုင်စေရန် ရည်ရွယ်ကျင်းပကြောင်းသိရသည်။

ချည်ဖြူဖွဲ့ရာတွင် ယောက်မ၊ ချည်ဖြူဝါဂွမ်း၊ ကြံ၊ ငှက်ပျောသီး၊ ထမင်းဆုပ်၊ ကာက်ညင်းထုပ်၊ နတ်ပန်း ညို၊ ရေတို့ကို စကော(သို့)လင်ဗန်းထဲထည့်ကာ ဘိုးဘွားများက ကရင် ရိုးရာဓလေ့ထုံးတမ်းများနှင့်အညီ ချည်ဖြူ ဝတ်ဆင်ဆောင်ရွက်ပေးသည့် ဓလေ့တစ်ခုဖြစ်ကြောင်း သိရသည်။

ကရင်ရိုးရာပွဲနှင့်ပတ်သက်၍ KNU ကရင်အမျိုးသားအစည်းရုံးဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက လည်း ပြည်တွင်းပြည်ပရောက်ရှိနေကြသည့် ကရင်အမျိုးသားများအနေဖြင့် ယခုပွဲတော်ကို ဓလေ့ထုံးတမ်း တစ်ရပ်အနေဖြင့် စုပေါင်းဖော်ထုတ်ထိန်းသိမ်းသွားကြရန်လိုကြောင်း တိုက်တွန်းထားသည့် သဝဏ်လွှာတစ်စောင်ကိုလည်း ပေးပို့ခဲ့ကြောင်းသိသည်။

မြိတ်မြို့တွင်ကျင်းပသည့် အဆိုပါ ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကို မြိတ်ခရိုင် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဌ ဦးစောအောင်ထွဋ်က စီစဉ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly