ကစားသမားတိုင်းကို ပျော်ရွှင်အောင် မပြုလုပ်ပေးနိုင်ကြောင်း ဂွါဒီယိုလာ ၀န်ခံ

ကစားသမားတိုင်းကို ပျော်ရွှင်အောင် မပြုလုပ်ပေးနိုင်ကြောင်း ဂွါဒီယိုလာ ၀န်ခံ

သြဂုတ် ၂၈၊ မန်ချက်စတာ ။                 ။ မန်စီးတီးနည်းပြ ဂွါဒီယိုလာက အသင်းရှိ ကစားသမားတိုင်းကို ပျော်ရွှင်အောင်မပြုလုပ်ပေးနိုင်ကြောင်း ဝန်ခံပြောဆိုလိုက်သည်။ အသင်းတွင် ပထမကစားသမားနေရာရရှိရေးအတွက်ကြောင့် အဝတ်လဲခန်းတွင် ကစားသမားများအားလုံးကြား၌ မိမိမှာ သဘောကျနှစ်ခြိုက်ခြင်းမခံရကြောင်းလည်း ဂွါဒီယိုလာက ဆိုသည်။

ဂွါဒီယိုလာလက်ထက်တွင် မန်စီးတီး၏ အဓိက ကစားသမားများဖြစ်သော ဂိုးသမား ဂျိုးဟတ်နှင့် ယာယာတိုရေးတို့မှာ နေရာ ပျောက်ဆုံးသွားခဲ့ရသည်။ ထို့အပြင် အခြားထိပ်တန်းကစားသမားများဖြစ်သော နာဆရီ၊ ဘိုနီ၊ မန်ဂါလာတို့မှာလည်း အပြောင်းအရွှေ့မပိတ်သိမ်းမီ အသင်းမှ ထွက်ခွာဖွယ်ရှိနေကြသည်။

‘ပွဲထွက်ခွင့်မရလို့ ကစားသမားတွေက ပြောလာခဲ့တယ်ဆိုရင် ဒါကို ဘယ်လိုကိုင်တွယ်မလဲ။ ဖြေရှင်းလို့ မရနိုင်ပါဘူး။ ကျွန်တော်က နေ့တိုင်း ကစားသမားတွေကို ကူညီနိုင်ဖို့ ကြိုးစားပါတယ်။ ဒါကို သူတို့ နားမလည်ကြပါဘူး။

သူတို့ ကစားခွင့်မရတော့ မီဒီယာတွေကို ပြောကြပါတယ်။ ဘိုင်ယန်မှာတုန်းကဆိုရင် ရှာကွီရီကို သူဘာကြောင့် ကစားခွင့်မရသလဲဆိုတာ ကျွန်တော်ရှင်းပြပါတယ်။ ဒါပေမဲ့ နေ့တိုင်းတော့ မရှင်းပြနိုင်ပါဘူး။

ကျွန်တော်က ဘယ်သူကစားခွင့်ရမယ်၊ မရဘူး ဆုံးဖြတ်ရပါတယ်။ ကစားသမားအယောက် ၃၀ စလုံး ကစားခွင့်ရဖို့ ထိုက်တန်ပေမယ့် စည်းမျဉ်းတွေအရ ၁၁ ယောက်ပဲ ကစားခွင့်ရှိပါတယ်။ ကစားသမားတွေဘက်ကတော့ နည်းပြကသူတို့ကို မချစ်ဘူးဆိုတဲ့ ခံစားချက်တစ်ခုတည်းနဲ့ မပျော်ရွှင်ကြပါဘူး’ ဟု ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly