ရခိုင်အတွင်း ဘာသာရေးကို နိုင်ငံရေးတွင် အသုံးချနေခြင်းများ အရေးယူမည်

ရခိုင်အတွင်း ဘာသာရေးကို နိုင်ငံရေးတွင် အသုံးချနေခြင်းများ အရေးယူမည်

ရခိုင်ပြည်နယ်၏ လတ်တလော ဖြစ်ပွားနေသည့် လူထုဆန္ဒဖော်ထုတ်မှု၊ ဆွေးနွေးမှုများနှင့် နိုင်ငံရေးလှုပ်ရှားမှုများတွင် ရဟန်းသင်္ဃာတော်များ အသုံးချခံနေခြင်းနှင့် ဘုန်းတော်ကြီးကျောင်းများတွင် နိုင်ငံရေး၊ အမျိုးသားရေး အစည်းအဝေး၊ ကန့်ကွက်ရှုတ်ချပွဲများ ပြုလုပ်နေမှုများကို အရေးယူသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ပြည်နယ်ရဲမှူးကြီး ဦးစိန်လွင်က ပြောသည်။

“ ရဟန်းသံဃာတွေကို အသုံးချပြီးတော့ လျှောက်ထားတာတွေကို တွေ့ရပါတယ်။ ရဟန်း သံဃာတွေနဲ့ မသင့်တော်ပါဘူး။ နိုင်ငံသားဖြစ်ပေမယ့် ရဟန်း သံဃာတွေကို မဲပေးခွင့် မပေးထားတဲ့အတွက် ရဟန်းသံဃာတွေ လျှောက်လို့ရှိရင် ခွင့်ပြုမှာ မဟုတ်ပါဘူး။ ပြည်သူလူထုကပဲ လျှောက်ပေးပါ။ နောက်တစ်ခုကတော့ ဆိုင်းဘုတ်တွေ ပိုစတာတွေ ကြွေးကြော်သံတွေမှာလည်း နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး ရပ်ရွာအေးချမ်းသာယာရေး၊ လူမျိုး အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခု၊ လူပုဂ္ဂိုလ်တစ်ဦးနဲ့ တစ်ဦးကို အသရေ ဖျက်စေတာမျိုးမဟုတ်ဘဲ မိမိရဲ့ နစ်နာချက်တွေကို ဆန္ဒဖော်ထုတ်ဖို့အတွက် ဆောင်ရွက်နေပါတယ်။ ထိခိုက်စေတာမျိုးတွေပါလာရင် ကျွန်တော်တို့ ရဲတပ်ဖွဲ့က ပယ်ချမှာဖြစ်ပါတယ်။”

ဘုန်းတော်ကြီးကျောင်းများတွင် ဘာသာရေး ဆွေးနွေးပွဲများမှအပ ကျန် အမျိုးသားလှုပ်ရှားမှု အစည်းအဝေးများအတွက် ခွင့်ပြုချက် တင်ရန်လိုအပ်ပြီး မဲပေးခွင့် မရှိသည့် သင်္ဃာတော်များအနေနှင့် လျှောက် ထားနိုင်မည် မဟုတ်ကြောင်းနှင့် လိုက်နာမှုမရှိပါက နိုင်ငံတော်လုံခြုံရေး အက်ဥပဒေများအရ အရေးယူခံရမည်ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့က ပြောသည်။

“ကျွန်တော်တို့ဟာ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီခေတ်ကို ရောက်လာပါပြီ။ ဆန္ဒဖော်ထုတ်မှုတွေကိုလည်း အများကြီးလုပ်ခဲ့ပါတယ်။ ဆန္ဒဖော်ထုတ်မှုတွေရဲ့ စုရပ်ဟာ ဘုန်းကြီးကျောင်းတွေပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့တွေဟာ စပွန်ဆာရထားတဲ့ အဖွဲ့အစည်းတွေမဟုတ်ဘူး။ ငွေကြေး အာမခံချက်မရှိဘူး။ ဒါကြောင့် အမျိုးသားရေးကို ချစ်မြတ်နိုးတဲ့ ဆရာတော်ကြီးတွေရဲ့ ခွင့်ပြုချက်နဲ့ လုပ်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အစိုးရ လက်ထက် တစ်လျှောက်လုံးမှာလည်း ဒီလိုတိုင်းပဲ လုပ်ခဲ့တာပါ။ တိုင်းပြည်ကို ဆူပူလိုတဲ့၊ နှောင့်ယှက်လိုတဲ့ ရည်ရွယ်ချက်နဲ့မဟုတ်ပါဘူး။” ဟု ရခိုင်လူမှု အဖွဲ့အစည်းများ ညှိနှိုင်းရေးကော်မတီဝင် ဦးစိုးနိုင်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly