ပြည်တွင်းငြိမ်းချမ်းရေး ၀ိုင်းဝန်းကြိုးပမ်းသင့်

ပြည်တွင်းငြိမ်းချမ်းရေး ၀ိုင်းဝန်းကြိုးပမ်းသင့်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ငြိမ်းချမ်ေးရးညီလာခံနဲ့ပတ်သက်ပြီး ထားရှိသင့်သည့် သူ့သဘောထားကို ပြောဆိုရာမှာ ငြိမ်းချမ်းရေးလိုချင်သည့်စိတ် ရှိဖို့ လိုအပ်ကြောင်း၊ သမိုင်းရဲ့မျက်နှာသာပေးမှုကို အမိအရဆုပ်ကိုင်ပြီး ငြိမ်းချမ်းရေးရအောင်လုပ်ကြရမှာဖြစ်ကြောင်းနဲ့ အခွင့်အရေးက နှစ်ခါမလာနိုင်ကြောင်း၊ မငြိမ်းချမ်းမှုကြောင့် ခံစားရသည့် ဆုံးရှုံးမှုဒုက္ခအ၀၀ မည်မျှ ကြီးမားသည်ကို အားလုံးအသိဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အယူအဆတွေဟာ ခေတ်တွေပြောင်းလာတာနဲ့အမျှ အယူအဆတွေ ပြောင်းလာနေပါတယ်။ ဥပမာ လွန်ခဲ့တဲ့ နှစ် ၅၀ လွန်ကာလတွေအထိ ငြိမ်းချမ်းရေးရဖို့ စစ်တိုက်နေကြရတာဖြစ်ကြောင်းနဲ့ ငြိမ်းချမ်းရေးဟာ စစ်ပွဲတွေနဲ့သာ ဖေါ်ဆောင်လို့ ရနိုင်မှာဖြစ်ကြောင်း ပြောခဲ့ ယူဆခဲ့ကြပါတယ်။

တချို့ကလည်း စစ်ပွဲတွေကို စစ်ပွဲတွေနဲ့သာ ရင်ဆိုင်အမြစ်ဖြုတ်ပြီး ငြိမ်းချမ်းရေး ယူလို့ရနိုင်ကြောင်း၊ တနည်းအားဖြင့်ဆိုရင် သဘောထားမတူသူ အချင်းချင်း ရင်ဆိုင်တိုက်ခိုက်ပြီး တစ်ဦးရှင်ကျန် နောက်တစ်ဦးအောင်ပွဲခံ ဆိုတဲ့နည်းသာလျင် ငြိမ်းချမ်းရာ ငြိမ်းချမ်းကြောင်း ယူဆခဲ့ကြပါတယ်။

ဒီလို ငြိမ်းချမ်းရေးဆိုင်ရာ အယူအဆတွေကို အနှစ်ချုပ်ကြည့်ရင် တောမီးကို တောမီးနဲ့ တုန့်ပြန်ကြရတယ်၊ ဖေါက်ပြန်စစ်ကို တော်လှန်စစ်နဲ့ အမြစ်ဖြုတ်ရမယ်၊ ရန်သူကို ရန်သူလိုပဲသဘောထားပြီး အငုတ်မကျန် လုံးဝဥသုံ သုတ်သင်ရမယ် ဆိုတဲ့ အယူအဆ အခြေခံအပေါ်မှာ ရပ်တည်ခဲ့ကြတာ တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီလိုအယူအဆအခြေခံနဲ့ဖြေရှင်းခဲ့တဲ့ ငြိမ်းချမ်းရေးဆိုတာတွေဟာ သေနတ်သံတွေ မျက်ရည်တွေ သွေးတွေနဲ့သာ ခရီးဆက်ခဲ့ကြရတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။ ဒါတွေက မှားယွင်းတဲ့ငြိမ်းချမ်းရေးအယူအဆတွေပဲ ဖြစ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၅၀၀ ကျော်လောက်ကတော့ ရှင်ကြီးဂေါဓမ္မက ရန်ကို ရန်ချင်း တုန့်နှင်းခြင်းကို လက်မခံခဲ့ပါဘူး။ ငြိမ်းချမ်းရေးဟာ အမြစ်ပြတ်ချေမှုန်းခြင်းဆိုတဲ့ အင်မတန် အမုန်းစိတ်ရှိတဲ့အခြေခံအပေါ်မှာ တည်ဆောက်လို့မရနိုင်ဘူးလို့ သွန်သင်ခဲ့ပါတယ်။ သီးခံခွင့်လွှတ်ခြင်းနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကိုသာ ငြိမ်းချမ်းရေး ရရာ ရကြောင်းတရားလို့ ယူဆကြွေးကြော်ပါတယ်။

အခုဆိုရင် ကျွန်တော်တို့အားလုံး စိတ်ပါသည်ဖြစ်စေ စိတ်မပါသည်ဖြစ်စေ၊ လိုလားသည်ဖြစ်စေ မလိုလားသည်ဖြစ်စေ ၂၁ ရာစု ပင်လုံညီလာခံတည်းဟူသော ငြိမ်းချမ်းရေး ရရာရကြောင်း ကြိုးပမ်းကြမယ့် သမိုင်းတစ်ခုကို ဖြတ်သန်းကြရတော့မှာ ဖြစ်ပါတယ်။ ဒီနိုင်ငံမှာ ငြိမ်းချမ်းမှု မရှိသရွေ့ ဘယ်ဖွံ့ဖြိုးတိုးတက်မှုမှ မရှိနိုင်ဘူး ဆိုတဲ့အခြေခံအပေါ်မှာ စိုက်ထူမယ့် ငြိမ်းချမ်းရေးကြိုးပမ်းမှု ညီလာခံတစ်ခု စတင်တော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အထက်က ပြောခဲ့တဲ့ ရှင်ကြီးဂေါဓမ္မရဲ့ သီးခံခွင့်လွှတ်ခြင်းနဲ့ ရန်ကို ရန်ချင်း မတုန့်နှင်းခြင်း အခြေခံအပေါ်မှာ အဲဒီ ၂၁ ရာစု ပင်လုံညီလာခံကို ဖြတ်သန်း သင့်တယ်လို့ ယူဆပါတယ်။

ဒီနေရာမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကားတစ်ခုကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံစကားပြောကြတဲ့အခါ ကိုယ်ဘာရမှ ဆိုတာထက် ကိုယ် ဘာပေးနိုင်မလဲဆိုတဲ့ အခြေခံအပေါ်မှာ ရပ်တည်ကြိုးပမ်းသင့်တယ်ဆိုတဲ့ စကားပါပဲ။ ဒါဟာ သီးခံခွင့်လွှတ်ခြင်းနဲ့ မေတ္တာအပေါ်မှာ ရပ်တည်မှသာ ဖြစ်နိုင်တဲ့ ရပ်တည်မှုမျိုးဖြစ်လို့ ဒီလိုအယူအဆအခြေခံအပေါ်မှာသာ ရပ်တည်ထားကြမယ်ဆိုရင် ငြိမ်းချမ်းရေးလမ်းစကို အစမပျိုးနိုင်စရာ အကြောင်းမရှိပါဘူး။

ကမ္ဘာပေါ်မှာ အောင်မြင်သွားကြတဲ့  ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းမှုတွေနဲ့ ပဋိပက္ခဖြေရှင်းရေး ညီလာခံတွေကို ပြန်ကြည့်ရင် ငြိမ်းချမ်းရေးနဲ့ ပြေလည်ရေးကြိုးပမ်းကြသူတွေဟာ သီးခံခွင့်လွှတ်ခြင်းနဲ့ ပေးဆပ်မှုအပေါ် အခြေခံပြီး ပြောကြဆိုကြ ဆွေးနွေးကြရာက အောင်မြင်မှုတွေ ရခဲ့ကြတာဖြစ်တယ်ဆိုတာ အထင်အရှားတွေ့နိုင်ပါတယ်။ ဥပမာ တောင်အာဖရိကနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံဆွေးနွေးရေး ကြိုးပမ်းမှုတွေဟာ ဒီကနေ့ခေတ်ရဲ့ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဖြေရှင်းရေး ပညာပေးအတွေ့အကြုံများပဲဖြစ်တယ်လို့တောင်မှ ဆိုနိုင်ပါတယ်။

ဒီလိုနဲ့ တောင်အာဖရိကနိုင်ငံရဲ့ ဘက်နှစ်ဘက်ရဲ့ခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေးစံပြခေါင်ဆောင်များအဖြစ် ကမ္ဘာ့အသိုင်းအဝိုင်းကလည်း အားပေးဂုဏ်ပြုခဲ့ကြ ဝန်းရံပေးခဲ့ကြပါတယ်။
အခုဆိုရင် မိမိတို့နိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းမှု အခွင့်အခါဟာ ယခင်တုန်းကနဲ့မတူတဲ့ ထူးခြားတဲ့ အခွင့်အခါမျိုး ဖြစ်ပါတယ်။ ပြည်တွင်းအင်အားစုတွေကလည်း ၂၁ ရာစုပင်လုံညီလာခံကို တက်ရောက်ကြဖို့ စိတ်အားထက်သန်နေကြသလို နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ဝန်းရံပေးဖို့ အဆင်သင့်ဖြစ်နေတာ တွေ့ကြရပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ အခါအခွင့်ကောင်းပဲဖြစ်ပါတယ်။

ဒါကြောင့်မို့ မိမိတို့နိုင်ငံရဲ့ ပြည်တွင်းစစ် ချုပ်ငြိမ်းရေးကြိုးပမ်းချက်တစ်ခုဖြစ်တဲ့ ၂၁ ရာစု ပင်လုံညီလာခံကြီး အောင်မြင်စွာ အဖြေထွက်နိုင်ပါစေကြောင်း လူတိုင်းမှာ တာဝန်ရှိပြီး လူတိုင်း ဝိုင်းဝန်းကြိုးပမ်းကြဖို့ လိုအပ်ကြောင်း မဇ္ဈိမက အထူးတိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly