မုဒုံမြို့ အနီးအနားတဝိုက်က နာမည်ကျော် ထန်းပင်တန်းနဲ့ ဘုရားစေတီများကို လှည့်လည် ကြည့်ရှုခြင်း

27 August 2016
မုဒုံမြို့ အနီးအနားတဝိုက်က နာမည်ကျော် ထန်းပင်တန်းနဲ့ ဘုရားစေတီများကို လှည့်လည် ကြည့်ရှုခြင်း

မြန်မာပြည်ရဲ့ ဒေသအတော်များများမှာရှိတဲ့ ထူးခြားလှပတဲ့ သဘာဝအခင်းအကျင်းတွေဟာ ဒဏ္ဍာရီဆန်တဲ့ အကြောင်းအရာတွေ၊ ဘာသာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနဲ့ တကယ့် သမိုင်းဝင်အကြောင်းအရာတွေ အမြဲလိုပဲ ဒွန်တွဲရှိနေတတ်ပါတယ်။

အခုလည်း မုဒုံမြို့အနီးက ကျောက်တစ်လုံးတောင်ကို ရောက်ရှိတဲ့အခါ ပထမဆုံးကြားရတဲ့စကားက ကျောက်တစ်လုံးတောင်နဲ့ပတ်သက်တဲ့ ဘာသာရေးဆန်တဲ့ အကြောင်းအရာတွေပါပဲ။ ဒေသခံတစ်ဦးက ကျောက်တစ်လုံးတောင်အကြောင်း အခုလို ပြောပြပါတယ်။

“ဒီတောင်ကိုကတော့ ကျွန်တော်တို့ခေါ်တာက ကျောက်တစ်လုံးတောင်လို့ ခေါ်ပါတယ်။ အဲဒါက မွန် ဗမာလူမျိုးတွေ ကိုးကွယ်တာပေါ့။ ဒီဘက်တောင်ကတော့ ကျွန်တော်တို့က ကုလားတောင်လို့ ခေါ်တယ်။ ကုလားတောင်ဆိုတာက ကုလားတွေ ဟိန္ဒူတွေ ကိုးကွယ်တာပေါ့နော်။ ဒီတောင်နှစ်လုံးရဲ့ ကြားမှာ ဟိုင်းဝေးလမ်းမကြီး မုဒုံ၊ မော်လမြိုင် လမ်းမကြီးရှိတယ်။ မြန်မာတောင်ရဲ့ အနောက်ဘက်မှာဆိုရင် ရထားလမ်းကြီး ရှိတယ်ပေါ့နော်။ မော်လမြိုင်၊ ရေးဘက်ကို ပြေးတဲ့ ရထားလမ်းကြီး ရှိပါတယ်။ ဒါ ကျွန်တော်တို့ ဒီအပေါ်ကနေ ကြည့်နေလို့ ဒီတောင်နှစ်လုံးရဲ့ သာယာမှုက ပြည့်စုံပြီးတော့ စိတ်ချမ်းသာမှု ရှိတယ်ပေါ့။

တောင်ပေါ်မှာ ဘုရားစေတီရှိတယ်။ အပေါ်မှာဆိုရင် ကျွန်တော်တို့ဆိုရင် နဂါးကွင်းဂူလည်း အပေါ်မှာရှိတယ်။ နောက်ပြီး နတ်ရေကန်တို့ လူတွေကို စိတ်ဝင်စားအောင်လည်း သူတို့ရဲ့ ခေတ်ဆန်မှုနဲ့ လုပ်လာခဲ့ကြတယ်ပေါ့နော်။ အပေါ်မှာဆိုလည်း ဒီလိုပါပဲ ဟိန္ဒူဘာသာတွေလည်း လုပ်ကြပါတယ်။ သူတို့ကိုးကွယ်တဲ့ ပစ္စည်း ပစ္စယတွေနဲ့ လုပ်ကြပါတယ်”

 ကျောက်တစ်လုံးတောင်နဲ့ပတ်သက်တဲ့ ဒဏ္ဍာရီဆန်တဲ့အကြောင်းအရာတချို့ကို အဲဒီဒေသခံဆီကပဲ ကြားခဲ့ရပါသေးတယ်။

“ကျွန်တော်တို့ငယ်ငယ်တုန်းက ကျွန်တော်တို့အဖွားတွေ မှီခဲ့တယ်ပေါ့နော်။ ဒီတောင်ရဲ့ အောက်မှာဆိုရင် ငါးဂူတို့၊ ရွှေလှိုင်ဂူဆိုတဲ့ ဂူနှစ်လုံး ရှိတယ်။ ဒီဂူမှာဆိုရင် ဥပမာပေါ့နော် ကိုယ်ကျင့်တရားမကောင်းတာတို့ ဘာတို့ လုပ်ခဲ့မယ်ဆိုရင်တော့ သူရဲ့ တောင်ပိုင် ဘိုးဘိုးကနေပြီးတော့ ဆုံးမတာလေးတွေ ရှိခဲ့တယ်ဆိုတော့ လူတွေက ကြောက်ကြတာပေါ့။ အဲလိုပုံစံမျိုးလဲ ရှိခဲ့တယ်ပေါ့။ အမှားအယွင်းမခံဘူးလို့လည်း ယုံကြည်ထားကြတယ်။  ဒီဘက်က ဘာမှတော့ မရှောင်ကြဘူးပေါ့နော်။ အဓိကကတော့ မဟုတ်မမှန်တာတွေ ပြောတာတို့ ဘာတို့ မထီမဲ့မြင်လုပ်တာတို့ မလေးမစားလုပ်တာတို့ အဲလိုမျိုးပေါ့။ အခု ဒီဂူထဲဝင်သွားရင် တချို့ဆိုရင် ပြီးစလွယ် လုပ်ကြတယ်။ အဲလိုမျိုးတွေလည်း ပေးမလုပ်ဘူးပေါ့။ ”

ကျောက်တစ်လုံးတောင်ဆိုပေမယ့် ထူးခြားတဲ့အချက် ထင်ရှားတဲ့အချက်က တောင်နှစ်လုံးလို နှစ်ခြမ်းကွဲနေတဲ့တောင်ပါပဲ။ ဒါကိုလည်း ဒေသခံက အခုလို ရှင်းပြပါတယ်။

“သူက ဒီလိုမျိုး တောင်ခြေကနေ တက်ပြီးတော့ နှစ်ခြမ်းဖြစ်သွားတာ။ တစ်ခြမ်းက မိန်းကလေးရော ယောကျ်ားလေးရော တက်ခွင့်ရှိတယ်လို့ သတ်မှတ်ထားတယ်။ ဒီဘက်ခြမ်းကတော့ ယောက်ျားလေးပဲ တက်ခွင့်ရှိပါတယ်။ တကယ်လို့ မိန်းကလေးတက်လို့ရှိရင် မိုးရွာတာမျိုးတို့ မိုးကြိုးပစ်တာမျိုးတို့ပေါ့ သမိုင်းလည်း ရှိခဲ့ဖူးတယ်။ တကယ်လည်း ရှိခဲ့ဖူးတယ်။ ဒီတောင်ကို တက်ခါစကတော့ လမ်းက တစ်လမ်းတည်းပဲ အပေါ်ရောက်တော့မှ လမ်းက နှစ်ခြမ်းခွဲသွားတာပေါ့။ စိတ်ဝင်စားဖို့တော့ အလွန်ကောင်းပါတယ်။ ဟို့ထိပ်မှာမြင်နေရတဲ့ ကျောက်ဆောင်မျိုးကြီးပေါ့ မသိခင်တော့ ပြုတ်ကျတော့မယ့် ပုံစံမျိုးပေါ့ အံ့သြဖို့တော့ ကောင်းပါတယ်”

ကျောက်တစ်လုံးတောင်က ပြန်ဆင်းတဲ့အခါ ဆက်လက်ပြီးတော့ မြိုင်ကုန်းရွာက ဝင်းစိန်တောရ သာသနာပြုစခန်းကြီးဆီ သွားခဲ့ပါသေးတယ်။

မွန်ပြည်နယ် မုဒုံမြို့နယ်၊ မြိုင်ကုန်းကျေးရွာမှာရှိတဲ့ ဝင်းစိန်တောရ သာသနာပြု စခန်းကိုတော့ ဆရာတော် ဘဒ္ဒန္ဒ ကေသရက တည်ထားတာပဲ ဖြစ်ပါတယ်။ ဆရာတော်ကို မုဒုံမြို့နယ် လက်တက်ကျေးရွာ အဖ ဦးနိုင်ဖေ + အမိ ဒေါ်တရုတ်မတို့က ၁၂၈၃ ခုနှစ် ပြာသိုလ်လပြည့်ကျော် ၁၀ ရက်နေ့ တနင်္လာနေ့မှာ ဖွားမြင်ခဲ့ပါတယ်။ ဆရာတော်ဟာ နှစ်ပေါင်း ၅၀ ကျော်အတွင်း သာသနာပြု စခန်းပေါင်းများစွာကို ထူထောင်ပြီး ပရိယတ္တိ သာသနာတော်ကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ပါတယ်။ ဝင်းစိန်တောရ သာသနာပြု စခန်းမှာလည်း အတောင်လေးရာပြည့် ဇိနသုခ ရန်အောင်ချမ်းသာ လျောင်းတော်မူ ကမ္ဘာ့အကြီးဆုံးဘုရားကြီး တည်ထားကိုးကွယ်တဲ့အပြင် စေတီပုထိုးပေါင်း ၆၀၀ ကျော်တို့ကို ပြုပြင် တည်ထားကိုးကွယ်ခဲ့ပါတယ်။ ဆရာတော်ကြီးဟာ သာသနာ့အကျိုး သယ်ပိုးဆောင်ရွက်ရင်း သက်တော် ၉၄ သိက္ခာတော် ၄၄ ဝါတွင် ဘဝနက်ထံ ပျံလွန်တော်မူခဲ့ပါတယ်။ ဆရာတော်ရဲ့ ရုပ်ကလာပ်ကိုတော့ ဝင်းစိန်တောရ သာသနာပြုစခန်းမှာ ဖူးမျော်နိုင်ပါတယ်။

မုဒုံကနေတဆင့် နာမည်ကြီးလှတဲ့ ကျိုက်မရော ထန်းပင်တန်းကို အရောက်သွားခဲ့ပါသေးတယ်။ ပြီးတော့ ကျိုက်မရောမြို့ ဆုတောင်းဝတ် ကျောင်းတော်ကြီးကိုလည်း ဝင်ရောက်ခဲ့ပါသေးတယ်။

နာမည်ကျော် ထန်းပင်တန်း ရှိတဲ့နေရာကိုရောက်တော့ ရာသီဥတုက အ့ုံ့ဆိုင်းနေပါတယ်။ မော်လမြိုင် ကျိုက်မရောသွား ကားလမ်းတနေရာမှာ ရှိပါတယ်။ ဒီထန်းပင်တန်း ကားလမ်းကလေးရဲ့ ထူးခြားလှပတဲ့ ပုံရိပ်တွေဟာ ကမ္ဘာအနှံ့ရောက်ရှိနေခဲ့ပြီး လူတိုင်းသဘောကျကြပါတယ်။ ဒီနေရာရောက်ရင်လည်း လူတိုင်းလိုပဲ ကားပေါ်က ခဏဆင်းပြီး ဓါတ်ပုံရိုက်ကြတာပါပဲ။ ရာသီဥတုအုံ့ဆိုင်းမှိုင်းဝေနေလို့ လွမ်းစရာကောင်းတဲ့နေရာလေးဖြစ်နေပါတယ်။

ဆုတောင်းဝတ်ကျောင်းတော်ကြီးကိုတော့ မွန်ဘုရင်မကြီး ရှင်စောပုက သက္ကရာဇ် ၈၁၇ ခုနှစ် သီတင်းကျွတ်လပြည့်နေ့က တည်ထား ကိုးကွယ်ခဲ့တာပါ။ ဝတ်ကျောင်းတော်ကြီးအတွင်းမှာရှိတဲ့ ကျောင်းတော်ကြီးက အခြားဆင်းတုတော်များနဲ့မတူပဲ ပုံသဏ္ဍာန်က ထူးခြားနေပါတယ်။

ဆင်းတုတော်ပုံရဲ့ ထူးခြားချက်လေးတွေကို ဒီအနီးအနားက ဒေသခံဦးလေးကြီးတစ်ယောက်က အခုလို ပြောပြပါတယ်။

“မြန်မာသက္ကရာဇ် ၈၁၇ ခုနှစ်မှာ ဒီဘုရားကြီးကိုတည်ခဲ့ပါတယ်။ ၈၁၇ ခုနှစ်မှာ ဟံသာဝတီပြည့်ရှင် ဘုရင်မကြီး ရှင်စောပုက တိုင်းခန်း လှည့်လည်ရင်း မူလ သပ္ပါယ်တဲ့ ပုံတော်ကို ကြည်ညိုလွန်းလို့ ဖူးရခဲလို့ အဲဒါကို သူ့လိုပဲ မဖူးခဲ့ရသေးတဲ့ နောက်လာနောက်သား ဗုဒ္ဓဘာသာတွေ မြင်တွေ့ ဖူးတွေ့နိုင်ဖို့ဆိုပြီး မူလပုံစံကို မပျက်စီးစေအောင် တည်ထား ကိုးကွယ်ခဲ့တယ်။

ဆုတောင်းပြည့် မြတ်စွာဘုရားကို ရှင်စောပု ဘုရင်မကြီးက ပြုပြင်တယ်။ သူပြုပြင်ရတဲ့အတွက်ကြောင့် သူ့နိုင်ငံ သာယာဝပြောပါစေဆိုတဲ့ ဆုတောင်းကို သူဆုတောင်းတယ်။ ဆုတောင်းတဲ့အခါ ရေစက်မကျခင် ကျေနပ်လှအောင် ပြည့်စုံတဲ့အတွက်ကြောင့် ရေစက်ချတဲ့အခါ ကျိုက်မရော ဆုတောင်းပြည့် မြတ်စွာဘုရားလို့ ဘွဲ့တော် ဆည်းကပ်ခဲ့တယ်။ ကျိုက်မရောဆိုတာ မွန်လိုက ကျိုက်ဘဒေါက ဆင်းသက်လာတဲ့အတွက်ကြောင့် ကျော်ဇောထင်ရှားသော ဆုတောင်းပြည့် မြတ်စွာဘုရားလို့ မြန်မာလိုဆိုလို့ရှိရင် ထင်ပေါ်ကျော်ကြား ဆုတောင်းပြည့် မြတ်စွာဘုရားလို့ အဓိပ္ပာယ်ရပါတယ်။”

မုဒုံမြို့နယ် ကုတ်ခပုံကျေးရွာမှာရှိတဲ့ သမိုင်းဝင် ဘင်လိုင်စေတီတော်မြတ်ကြီးကိုတော့ မြင်းနှစ်ကောင်ဘုရားလို့ လူသိများကြပါတယ်။ ဘုရားတော်အတွင်းသို့ ဝင်ရာ မုဒ်ဦးမှာတော့ မြင်းဖြူကြီးနှစ်ကောင် ထုလုပ်ထားတဲ့အတွက် မြင်းနှစ်ကောင်ဘုရားလို့ လူသိများကြတာဖြစ်ပါတယ်။

သမိုင်းဝင် ဘင်လိုင်စေတီတော်မြတ်ကြီးကို ဖူးမြော်ရတဲ့အပြင် တန်ဆောင်းကြီးအတွင်းမှာရှိတဲ့ လျောင်းတော်မူ လောကနာထဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကိုလည်း ဖူးတွေ့ရပါတယ်။ ဗုဒ္ဓရုပ်ပွားတော်ကြီးကိုတော့ သက္ကရာဇ် ၂၀၀၉ ခုနှစ်မှာ စတင် တည်ထား ကိုးကွယ်ခဲ့တာဖြစ်ပါတယ်။ ရုပ်ပွားတော်မြတ်ကြီးရဲ့ မျက်နှာတော် လက်တော် ခြေတော်တို့ကတော့ ကြေးဖြင့် သွန်းလုပ်ထားတာပဲ ဖြစ်ပါတယ်။ ယခုအချိန်ထိတော့ မြန်မာပြည်ရဲ့ ကြေးသွန်း ရုပ်ပွားတော်မြတ်ကြီးတစ်ဆူ ဖြစ်ပါတယ်။

ရုပ်ပွားတော်မြတ်ကြီးရဲ့ ကိန်းဝပ်ရာအောက်မှာတော့ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ ကြေးသွန်းပစ္စည်းများ ဒေသအတွင်းမှ ရရှိတဲ့ ရှေးဟောင်း ပန်ပုလက်ရာများ စတာတွေကို ဘုရားဖူး လာရောက်ကြသူများ ကြည့်ရှုလေ့လာနိုင်ဖို့အတွက် ပြသထားတာကိုလည်း တွေ့ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly