အိန္ဒိယသို့ လေးရက်တာ ခရီး သမ္မတဦးထင်ကျော် ယနေ့သွားရောက်

အိန္ဒိယသို့ လေးရက်တာ ခရီး သမ္မတဦးထင်ကျော် ယနေ့သွားရောက်

သြဂုတ် ၂၇ ရက်မှစတင်ကာ သမ္မတဦးထင်ကျော်က အိန္ဒိယနိုင်ငံသို့ လေးရက်တာခရီးလာရောက်မည်ဖြစ်ကြောင်း၊ ယင်းခရီးစဉ်က အိန္ဒိယ-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို  မြှင့်တင်နိုင်မည်   မျှော်လင့်ရကြောင်း အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများက သြဂုတ် ၂၆ ရက်၌ ပြောသည်။

သမ္မတဦးထင်ကျော်၏ အဆိုပါခရီးစဉ်သည် အိန္ဒိယသမ္မ ပရာနက်မူခါဂျီ၏ ဖိတ်ကြားချက်ကြောင့် သွားရောက်လည်ပတ်ခြင်းဖြစ်ပြီး သမ္မတဦးထင်ကျော်အနေဖြင့် ခရီးစဉ်အတွင်း ဗုဒ္ဓဂါယာနှင့် တာ့ဂျ်မဟာတို့ အပါအဝင် အိန္ဒိယနိုင်ငံ၏ သမိုင်းအမွေအနှစ်နှင့် ယဉ်ကျေးမှုနေရာများသို့ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ပူးတွဲအတွင်းဝန် အမျိုးသမီးဖြစ်သူ သီရိပရီယာရန်ဂန်နာသန်က   ပြောသည်။

၂၀၁၆ မတ်လမှစကာ ရာထူးလက်ခံသည် သမ္မတဦးထင်ကျော်၏ အိန္ဒိယခရီးစဉ်အတွင်း တရားဝင်ဆွေးနွေးပွဲများ လုပ်ဆောင်ကာ နှစ်ဖက်သဘောတူညီမှုတစ်ချို့အား လက်မှတ်ရေးထိုးဖြစ်မည်ဟုလည်း ၎င်းက ပြောသည်။ သမ္မတဦးထင်ကျော်နှင့်အတူ ဇနီးဖြစ်သူနှင့် ဝန်ကြီးအချို့၊ အရာရှိကြီးများ လိုက်ပါမည်လည်းဖြစ်သည်။

“ဒီခရီးစဉ်က နှစ်နိုင်ငံနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်များကို ဆွေးနွေးဖြစ်မှာဖြစ်ပြီး အစိုးရသစ်ရဲ့ ဦးစားပေးမှုကိုလည်း ကျွန်မတို့ နားလည်လာလိမ့်မှာဖြစ်ပါတယ်။”ဟု သီရိပရီယာက ပြောသည်။

ကုန်သွယ်စီးပွားအပြင် နယ်စပ်စီမံခန့်ခွဲမှုနှင့် အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် သောင်းကျန်းသူများအရေးကိစ္စရပ်နှင့် ပတ်သက်ပြီး ဆွေးနွေးပွဲအတွင်း သဘောတူညီမှုရနိုင်ဖွယ်လည်းရှိသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက မြန်မာပိုင်နက်အတွင်းသို့ နာဂသောင်းကျန်းသူများကို အိန္ဒိယစစ်တပ်က ဝင်ရောက်တိုက်ခိုက်ခြင်းနှင့် ပတ်သက်ပြီး မေးမြန်းသည့်အခါ အိန္ဒိယစစ်တပ်အနေဖြင့်   မြန်မာပိုင်နက်အတွင်း မည်သည့်အချိန်အခါကမှ ဝင်ရောက်ခဲ့ခြင်းမရှိကြောင်း သီရိပရီယာက ဖြေကြားခဲ့သည်။

“ကျွန်မတို့ ကာကွယ်ရေးဝန်ကြီးဌာနကို စစ်ဆေးမေးမြန်းပါတယ်။ ကျွန်မတို့ရဲ့ စစ်တပ်က မြန်မာနိုင်ငံဖက် ဝင်ရောက်ခဲ့ခြင်း မရှိဘူးလို့ ဝန်ကြီးဌာနတာဝန်ရှိသူတွေကိုယ်တိုင် ပြောကြပါတယ်။”ဟု ၎င်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly