"လူတွေရဲ့အမြင်ကိုလည်းပြောင်းလဲပေးဖို့လိုအပ်တယ်"

"လူတွေရဲ့အမြင်ကိုလည်းပြောင်းလဲပေးဖို့လိုအပ်တယ်"

မြန်မာ့လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေအပေါ် ထားရှိတဲ့ အမြင်တွေကို ပြောင်းလဲသင့်ပြီလို့ မေ့စွမ်းရည်အဖွဲ့က ပြောလိုက်ပါတယ်

ရန်ကုန်(Myanmar Now) ။                 ။ နိုင်ငံရေးမှာအ မျိုးသမီးများ ပိုမိုပါဝင်လာနိုင်ဖို့ သင်တန်းပေးနေသူများထဲမှာ ရန်ကုန်အခြေစိုက် မေ့စွမ်းရည်အဖွဲ့လည်း ပါဝင်ပါတယ်။ ဆုံးဖြတ်ချက်ချနိုင်တဲ့ ခေါင်းဆောင်ပိုင်းနေရာမှာ အမျိုးသမီးတွေ နေရာရမှု နည်းနေတယ်လို့ ဒီအဖွဲ့ရဲ့ စီမံရေးရာမန်နေဂျာ ဒေါ်နော်အေးအေးလှိုင်က ပြောပါတယ်။ Myanmar Now သတင်းထောက် အိချယ်ရီအောင်နဲ့ မကြာသေးခင်က တွေ့ဆုံရာမှာ ဒေါ်နော်အေး အေးလှိုင်က အမျိုးသမီးများနဲ့ ပတ်သက်တဲ့ စိုးရိမ်ရမှု၊ ဥပဒေ၊ မျှော်လင့်ချက်တွေအကြောင်းပြောပြထားပါတယ်။

မေး - မေ့စွမ်းရည် အဖွဲ့ကဘာတွေများ လုပ်ဆောင်နေပါသလဲ။

ဖြေ - မေ့စွမ်းရည်အဖွဲ့က ၂ဝ၁၁ ခုနှစ်ကစပြီးအမျိုးသမီးတွေက နိုင်ငံရေးမှာ ပိုမိုပါဝင်လာဖို့ အတွက် သင်တန်းတွေပေးနေပါတယ်။ နောက်ပြီး အမျိုးသမီးတွေအနေနဲ့ အထက်ပိုင်း နိုင်ငံတော် အဆင့်သာမက ရပ်ကွက်နှင့် ကျေးရွာအုပ်ချူပ်ရေးအဆင့်တွေမှာလည်း ပါလာအောင် သင်တန်းတွေ ပေးပါတယ်။ မေ့စွမ်းရည်နာမည်နဲ့ ဂျာနယ်လည်း ထုတ်တယ်။ အမျိုးသမီးအရေး လုပ်ဆောင်ဖို့ အခြား အဖွဲ့တွေက ကမ်းလှမ်းလာရင်လည်း ပူးပေါင်းလုပ်ဆောင်ပါတယ်။ ၂ဝ၂ဝ နိုင်ငံရေးမှာ ဝင်လာမယ့် အမျိုးသမီးငယ်လေးတွေကိုလည်း စွမ်းဆောင်မှု တည်ဆောက်ခြင်း သင်တန်းတွေ ဆက်ပေးဖို့ရှိပါ တယ်။ မြန်မာနိုင်ငံမှာက အမျိုးသမီးတွေက ကိုယ်စားပြုမှုနေရာမှာရော၊ ခေါင်းဆောင်ပိုင်းနေရာမှာ ရော၊ ဆုံးဖြတ်ချက်ချတဲ့နေရာမှာရော နည်းနေတယ် အဲ့ဒါကို မြှင့်တင်ဖို့အတွက် ကျွန်မတို့အဖွဲ့က လုပ်ဆောင်နေတာပါ။

မေး -ခေါင်းဆောင်ပိုင်းတွေကိုရော သင်တန်းပေးပါသလား။

ဖေ - ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက ကျွန်မတို့သင်တန်းကိုလာတက်ခဲ့တဲ့ အမျိုးသမီး ၁၄ ဦးထဲမှာ ၂ ဦးကအခုဆိုရင် လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေပါပြီ။ မန်တုံမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်လွှေးနန်းမိုး၊နောက်တစ်ယောက်ကစစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတိုင်းရင်းသားရေးရာဝန်ကြီးဒေါ်နန်းမွှေးမွှေးခင်ပါ။ ကျွန်မတို့သင်တန်းပေးခဲ့တဲ့ သူထဲမှာပဲ ရပ်ကျေးအဆင့်မှာ ဆယ်အိမ်မှူး ဖြစ်သွားတဲ့သူတွေလည်း အများကြီးရှိပါတယ်။

မေး - အမျိုးသမီးတွေရဲ့အသံကို လွှတ်တော်ထဲကိုရောက်သွားအောင် ပို့နိုင်ပြီလား။

ဖြေ - အပြင်ကအမျိုးသမီးတွေရဲ့အသံကလွှတ်တော်ထဲကိုမရောက်သေးဘူးလို့ထင်ပါတယ်။ တချို့အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေကသူတို့မဲဆန္ဒနယ်မှာအမျိုးသမီးတွေဆီသွားပြီးစကားပြောတာတွေတော့ရှိပါတယ်။ အမျိုးသမီးအရေးတွေနဲ့ပတ်သက်ပြီးလွှတ်တော်မှာတင်သွင်းတာတော့ မကြားမိသေးပါဘူး။ အခုကလွှတ်တော်ကအပြောင်းအလဲကာလမို့လို့လား၊လွှတ်တော်အစောပိုင်းကာလမို့လို့လားဆိုတာကတော့ လောလောဆယ်တော့ စောင့်ကြည့်ရမယ့် အနေအထားပါပဲ။

မေး -  အမျိုးသမီးအသံတွေ ဒီထက်ပိုပြီးကိုယ်စားပြုဖို့ ဘာတွေပြုလုပ်သင့်ပါသလဲ။

ဖြေ -  လွှတ်တော်ထဲမှာသာမကအောက်ခြေမှာရှိတဲ့ ရပ်ကျေးတွေ အုပ်ချူပ်ရေးမှူးအဆင့်တွေ မှာပါ အမျိုးသမီးတွေ ပိုမိုပါဝင်လာမှ အမျိုးသမီးတွေရဲ့အသံကိုအများကြီးကိုယ်စားပြုမှာပါ။ အခုချိန်မှာ တော့ အမျိုးသားတွေပဲများတဲ့အခါကျတော့ ဒါတွေကသိပ်ပြီးကိုယ်စားမပြုနိုင်သေးပါဘူး။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာလည်းအမျိုးသမီးတွေနည်းတဲ့အခါကျတော့ သူတို့ရဲ့ကိုယ်စားပြုမှုကလည်း နည်းပါ တယ်။ နောက်ပြီးပါတီတွေအနေနဲ့  ရွေးကောက်ပွဲမှာအမျိုးသမီးကိုယ်စားလှယ်လောင်းတွေ များများ ရွေးနိုင်ဖို့အတွက် ပါတီတွင်းမှာကျား၊ မ ရေးရာမူဝါဒတွေ ရှိလာမယ် ဆိုရင် ၂ဝ၂ဝ ရွေးကောက်ပွဲမှာ အမျိုးသမီးကိုယ်စားလှယ်တွေ ပိုမိုများလာနိုင်ပါတယ်။

မေး - မြန်မာနိုင်ငံကအမျိုးသမီးတွေရဲ့ လုံခြုံရေးအနေအထားကဘယ်လိုရှိပါသလဲ။

ဖြေ - စိုးရိမ်စရာလို့ပြောလို့ရပါတယ်။ သမီးရည်းစားကြားမှာဓားထိုးမှုတွေ မကြာခဏဖြစ်နေ တာကို မီဒီယာမှာရောလူမှုကွန်ရက် စာမျက်နှာပေါ်မှာလည်းမကြာခဏတွေ့ရပါတယ်။ ဒီလိုအမှုမျိုး ကျူးလွန်တဲ့သူတွေကိုတင်းတင်းကြပ်ကြပ် ပြစ်ဒဏ်ချမယ် ဆိုရင် သူတို့လုပ်ရဲမှာမဟုတ်ပါဘူး။ အရွယ် မရွေး မုဒိမ်းကျင့်ခံရမှုတွေကလည်း မကြာခဏဖြစ်နေတာဆိုတော့ ဒါကလည်းစိုးရိမ်ရတဲ့ အနေအထား ပါပဲ။ မုဒိမ်းမှုတစ်ခုဖြစ်ရင် ဟိုပေါ်ဒီပေါ်အဝတ်အစားတွေနဲ အနေအထိုင်မတတ်လို့ ခံရတာဆိုပြီး လူတွေက ပြောကြတယ်၊ အဲ့ဒီလိုမဝတ်တဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေလည်း မုဒိမ်းကျင့်ခံရ မှှုတွေက ဖြစ်နေကြတာပါပဲ။ ကျူးလွန်တဲ့သူကိုကျ အပြစ်မမြင်ဘဲ ကျူးလွန်ခံရတဲ့သူကိုပဲ အပြစ်မြင်နေ ကြတယ်၊ အဲဒါကြောင့် လူတွေရဲ့အမြင်ကိုလည်းပြောင်းလဲပေးဖို့ လိုအပ်တယ်။  များသောအားဖြင့်က ယောကျ်ားလေးအရက်သောက်၊ဆေးလိပ်သောက်ရင် ယောကျ်ားလေးပဲဆိုပြီးဘာမှမပြောကြဘူး။ မိန်းကလေးအရက်သောက်၊ဆေးလိပ်သောက်ရင် မိန်းမတွေနဲ့မသင့်တော်ဘူးဆိုပြီးပြောကြတယ်။ အမျိုးသမီးတွေအပေါ်မှာဆိုအရမ်းကိုတင်းကြပ်လွန်းတယ်၊ ကိစ္စတစ်ခုဖြစ်ရင် အမျိုးသမီးတွေပဲ တာဝန် ရှိတယ်ဆိုပြီး အဲဒီလိုတရားသေ မှတ်ယူထားကြတာများတယ်။ ရုပ်ရှင်တွေ၊ ဝတ္ထုတွေကလည်း တစ်ခုခု ဆို အမျိုးသမီးကိုပဲ အပြစ်တင်ထားတယ်။ဒါတွေကမျိုးဆက်တစ်ဆင့်ပြီးတစ်ဆင့် လက်လွှဲသွားတဲ့ အနေအထားမျိုးတောင်ဖြစ်နေတဲ့သဘောပါ။  ကျွန်မတို့ငယ်ငယ်တုန်းကလည်းအဲဒီလိုမျိုးတွေပဲကြည့်ခဲ့ရ၊ဖတ်ခဲ့ရတာပါ။ အဲဒါတွေကလူတွေရဲ့အတွေးတွေအမြင်တွေကိုဖုံးလွှမ်းသွားတယ်လို့မြင်ပါတယ်။ သူများကိုအပြစ်တင်မယ့်အစားသူရပ်တည်လို့ရအောင် ဘယ်လိုဝိုင်းဝန်းကူညီမလဲဆိုတာကို စဉ်းစား ပေးသင့်ပါတယ်။

မေး - အမျိုးသမီးနဲ့ပတ်သက်တဲ့ ဥပဒေပြဋ္ဌာန်းချက်တွေမှာ ဘယ်လိုအချက်တွေ ပါသင့်ပါ သလဲ။

ဖြေ - အမျိုးသမီးများကို စကားဖြင့်ကျူးလွန်ခြင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း၊ အသက် သေစေနိုင်သည့်အထိ ကျူးလွန်ခြင်း စတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ပြစ်ဒဏ်ကိုတိတိကျကျ၊ သတ်သတ်မှတ်မှတ် ပြဋ္ဌာန်းသင့်ပါတယ်။ အမျိုးသမီးတစ်ဦးကို အခြားသူပဲဖြစ်ဖြစ်၊ ကိုယ့်အိမ်ထောင် ဘက်ကပဲဖြစ်ဖြစ် အကြမ်းဖက်လို့အမှုဖွင့်တဲ့အခါ တရားရုံးမှာစစ်ဆေးနေတဲ့ အချိန်ကာလအတွင်းမှာ အဲ့ဒီမျိုးသမီးရဲ့အသက်၊ လုံခြုံမှုနဲ့ ပတ်သက်ပြီးကာကွယ်မှုတွေလိုအပ်တယ်တယ်။

မေး - အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို ထိန်းသိမ်းစောင့်ရှောက်ရေးကရော ဘယ်လိုအ ခြေအနေရှိလဲ။

ဖြေ - အကြမ်းဖက်မှုနဲ့ပတ်သက်ပြီးသင်တန်းတွေတော့အ ဖွဲ့အများစုက လုပ်ကြတယ်။ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့နေရာတွေကတော့ အရမ်း နည်းပါတယ်။  အများကြီးရှိဖို့ လိုအပ်ပါတယ်။ စောင့်ရှောက်ရေးနေရာများသည် လုံခြုံစိတ်ချရသည့် နေရာဖြစ်ရန်၊ အလုပ်အကိုင်ဖန်တီးပေးရန်၊ စားဝတ်နေရာ ပြန်လည်ထူထောင်ပေးရန်၊ ဥပဒေပိုင် ဆိုင်းရာ သင်တန်းများပေးရန်၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကုသပေးရန်တို့ လိုအပ်ပါတယ်။

မေး -  အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို ဘယ်လိုလူမျိုးတွေပဲ စစ်ဆေးသင့်ပါသလဲ။

ဖြေ - အမျိုးသမီးတွေကို အမှုစစ်ဆေးသူအများစုက အမျိုးသားတွေဖြစ်တယ်။ တချို့ကိစ္စတွေ က နက်နက်နဲနဲပြောရတဲ့အခါမျိုးကျတော့ အဲ့ဒီလိုမျိုးမှာ အမျိုးသမီးအမှုစစ်တွေပဲ ထားပေးဖို့လိုအပ်ပါ တယ်။ မြန်မာနိုင်ငံရဲမေအင်အားမလုံလောက်မှု၊ လိုအပ်ချက်အရ အမျိုးသားရဲတွေ စစ်ဆေးမယ်ဆိုရင် လည်း အဲ့ဒီလိုစစ်ဆေးတဲ့ရဲက အမျိုးသမီးတွေရဲ့ အမှုတွေကိုင်တွယ်ရင် ဘယ်လိုစစ်ဆေးရမလဲဆိုပြီး စနစ်တကျသင်တန်းတက်ထားတဲ့ရဲမျိုးပဲ ဖြစ်သင့်ပါတယ်။ အမျိုးသားတွေကို သင်တန်းပေးတဲ့နေရာမှာ အားနည်းပါတယ်။ အထူးသဖြင့် ရဲတွေ၊ စစ်သားတွေကို အမျိုးသမီးအရေးနဲ့ ပတ်သက်ပြီး နားလည်ဖို့ အတွက် သင်တန်းတွေ ပေးသင့်ပါတယ်။

မေး - ဥပဒေတွေနဲ့ပတ်သက်ပြီးအများသိရှိအောင် ဘာတွေလုပ်ဖို့လိုပါသလဲ။

ဖြေ - အမျိုးသမီးတွေသာမက အမျိုးသားတွေလည်း ဥပဒေအကြောင်းအရာနဲ့ ပတ်သက်ပြီး လေ့လာမှု အင်မတန်အားနည်းတာကို တွေ့ရပါတယ်။ လူအများစုကအမှုအခင်းဖြစ်ရင် ငွေကြေးအ ကုန် အကျများခြင်း၊ တရားရုံးများကိုကြောက်ခြင်း၊ အချိန်ကုန်မှုကိုကြောက်ခြင်း၊ ဥပဒေအကြောင်း အရာများကို နားမလည်ခြင်းစတဲ့ အခြေအနေတွေကြောင့် တရားရင်မဆိုင်တာများတယ်။ အဲဒါကြောင့် တရားရုံးတွေကို ပြည်သူလူထုမကြောက်ဖို့ သင်တန်းတွေပေးသင့်သလို ဥပဒေနဲ့ပတ်သက်ပြီးတော့လည်းအမျိုးသားကိုရောအမျိုးသမီးတွေကိုရောအမြင်ဖွင့်သင်တန်းတွေပေးသင့်ပါတယ်။ ဒါမှသာတစ်ခုခုဖြစ်ရင် ဥပဒေလမ်းကြောင်းကဘယ်လိုဖြေရှင်းလို့ရလဲဆိုတာကိုသိမှာပါ။

မေး - စစ်ဘေးရှောင် စခန်းမှာရှိတဲ့အမျိုးသမီးတွေအတွက် ဘာတွေဆောင်ရွက်ပေးဖို့ လိုပါသလဲ။

ဖြေ - စစ်ဘေးရှောင်စခန်းမှာရှိတဲ့ အမျိုးသမီးအများစုက အမျိုးသားတွေက တိုက်ပွဲမှာ ကျဆုံး သွားတာ၊ တိုက်ပွဲကြောင့် မသန်မစွမ်းဖြစ်သွားတာမျိုးတွေရှိတဲ့အခါကျတော့ အမျိုးသမီးတွေက အိမ်ထောင်ရဲ့ဦးစီးတွေ ဖြစ်လာတဲ့အခါကျတော့ သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ လုပ်ဆောင်ပေးဖို့လိုပါတယ်။ ဒုက္ခသည်စခန်းမှာရှိတဲ့ လူအားလုံးရဲ့ စိတ်ပိုင်းဆိုင်ရာကိုလည်း ကုသ ပေးဖို့ လိုပါတယ်။ သူတို့တွေနေထိုင်ဖို့နေရာတွေ စီစဉ်ပေးတဲ့အခါမှာလည်း အမျိုးသမီးတွေအတွက် လုံခြုံစိတ်ချရတဲ့ နေရာမျိုးတွေ ဖန်တီးပေးဖို့လိုပါတယ်။ ဒုက္ခသည်စခန်းတွေသွားကြည့်ရင် အများအား ဖြင့် အမျိုးသမီးတွေအတွက် လုံခြုံစိတ်ချမှုမရှိတဲ့ အခြေအနေမျိုးတွေတွေ့ရပါတယ်။ အမျိုးသမီးက အမျိုးသားထက်စာရင် ခန္ဓာကိုယ်ပိုင်းမှာရောဂါပိုးဝင်ဖို့ရာပိုများပါတယ်၊ဒါကြောင့် ရေကောင်းရေသန့် ရရှိဖို့လည်းလိုအပ်ပါတယ်။ နောက်ပြီးအာဟာရ ပြည့်ပြည့်ဝဝ စားသောက်နိုင်အောင်လည်း ဖန်တီးပေး ဖို့ လိုအပ်ပါတယ်။ ဒုက္ခသည်စခန်းမှာအမျိုးသမီးတွေကိုယ်ဝန် ရသွားတဲ့အခါ အာဟာရမပြည့်ဝတဲ့ ကလေးတွေကိုပဲ မွေးဖွားနိုင်ပါတယ်။    ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly