ရတနာပုံ - ရန်ကုန်ပွဲ ဖြစ်ရပ်အတွက် ပြစ်ဒဏ်ချမှတ်မှု အပေါ်နှစ်ဖက်အသင်း အငြင်းပွား ချမှတ်ခဲ့ သည့်ပြစ်ဒဏ် များပြင်းထန် မှုရှိသည်ဟု စည်း/ထိန်း ဥက္ကဌဆို

ရတနာပုံ - ရန်ကုန်ပွဲ ဖြစ်ရပ်အတွက် ပြစ်ဒဏ်ချမှတ်မှု အပေါ်နှစ်ဖက်အသင်း အငြင်းပွား ချမှတ်ခဲ့ သည့်ပြစ်ဒဏ် များပြင်းထန် မှုရှိသည်ဟု စည်း/ထိန်း ဥက္ကဌဆို
ရတနာပုံ- ရန်ကုန်ပွဲတွင် နှစ်ဖက်အသင်းနည်းပြများ အငြင်းပွားနေစဉ်။(ဓာတ်ပုံ- MFF)

ဇူလိုင် ၁၁၊ ရန်ကုန်။    ။ ၂၀၁၅ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် (၁၁) ပွဲစဉ်တစ်ပွဲအဖြစ် ဗထူးကွင်းတွင် ကျင်းပပြုလုပ်ခဲ့သော ရတနာပုံအသင်းနှင့် ရန်ကုန်အသင်းတို့ပွဲ ဖြစ်ရပ်များအတွက် စည်းကမ်းထိန်းသိမ်းရေးမှ ပြစ်ဒဏ်ချမှတ်မှု အပေါ် နှစ်ဘက် အသင်းအကြား အငြင်းပွားဖွယ်များ ဖြစ်ပေါ်နေသည်။

စည်းကမ်းထိန်းသိမ်းရေးမှ ချမှတ်ခဲ့သော ပြစ်ဒဏ်များမှာ ပရိသတ်အချို့ ပြုမူဆောင်ရွက်မှုအပေါ် အိမ်ရှင် ရတနာပုံအသင်းကို ဒဏ်ကြေးငွေ ကျပ်ဆယ်သိန်း၊ ရတနာပုံနည်းပြ ရီနီနှင့် ရန်ကုန်နည်းပြ ဂျက်ဆစ်တို့ကို ဒဏ်ကြေးငွေ ငါးသိန်းစီ နှင့် ရန်ကုန် အသင်းမှ ကြည်လင်းကို အနီးစပ်ဆုံး လိဂ်ပွဲ နှစ်ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ကြေးငွေ နှစ်သိန်း စသည်တို့ ဖြစ်သည်။

အိမ်ရှင် ရတနာပုံအသင်းဒဏ်ကြေးငွေ ဆယ်သိန်း ချမှတ်ခံခဲ့ရသည်နှင့် ပတ်သက်၍ “ ရတနာပုံအသင်းရဲ့ ဆယ်သိန်းပြစ်ဒဏ်က နည်းတယ်လို့ ထင်ပါတယ်။ ဒါက သူတို့ အိမ်ကွင်းမှာ ပထမဆုံးအကြိမ်ဖြစ်တာလည်း မဟုတ်ပါဘူး။ နောက်ဆုံး တစ်ကြိမ်တုန်း ကဆို ၁၅ သိန်းချခဲ့ရတယ်။ ခုကျတော့ ဆယ်သိန်းဖြစ်သွားတယ်။ ကျန်တဲ့ ပြစ်ဒဏ်တွေကတော့ မျှတတယ်လို့ ထင်ပါတယ် ” ဟု ရန်ကုန်အသင်းမန်နေဂျာ ဦးကျော်လင်းထွေးက ပြောသည်။

ထို့ပြင် ရတနာပုံအသင်းနှင့် ရန်ကုန်အသင်းတို့ ပွဲတွင် တာဝန်ယူကိုင်တွယ်ခဲ့သည့် ကွင်းလယ်ဒိုင် ဦးဝင်းကျော်ဦးသည် ရန်ကုန် အသင်းမှ ကြည်လင်းက ရတနာပုံမှ ရဲကိုဦးအား အန္တရာယ်ရှိစွာ ကန်ကြောက်ခဲ့သော်လည်း အနီကဒ်ပြစ်ဒဏ် အစားနှစ်ဦးစလုံး ကိုအဝါကဒ်ပြသခြင်းအတွက် ကြီးကြပ်ကွပ်ကဲမှုအားနည်းသဖြင့် ဒိုင်လူကြီးဌာနမှ အရေးယူရန် ဆုံးဖြတ်ခဲ့သည်။

“ ကျွန်တော်တို့ အသင်းအနေနဲ့ နောက်ပိုင်းပွဲတွေမှာ ဒီလိုဖြစ်ရပ်တွေ ထပ်မဖြစ်ဖို့ ပရိသတ်ကို အတတ်နိုင်ဆုံး ထိန်းသိမ်းသွားမှာ ပါ။ ဒိုင်တွေအနေနဲ့လည်း ပရိသတ်တွေ ဆူပူမှုဖြစ်အောင် နိုးဆွပေးတဲ့ အပြုအမူမျိုးတွေ ဆင်ခြင်သင့်ပါတယ်။ ရန်ကုန်နဲ့ မန္တလေး ဆိုတာကတော့ ရတနာပုံအသင်း၊ ရန်ကုန်ယူနိုက်တက် ဆိုပြီး မဖြစ်ခင်ကတည်းက ပြိုင်ဆိုင်မှု ပြင်းထန်နေကြ တာပါပဲ။ ပြစ်ဒဏ်တွေနဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်ချက်အတိုင်းပဲ တရားဝင်ဆောင်ရွက်သွားမှာပါ ” ဟု ရတနာပုံအသင်း၏ အထွေထွေမန်နေဂျာ ဦးအောင်ထွန်းဦးက ပြောသည်။

ယင်းပြစ်ဒဏ်များနှင့် ပတ်သက်၍ နှစ်ဖက်အသင်းများအကြား အငြင်းပွားမှု ဖြစ်ပေါ်နေခဲ့သလို နှစ်ဖက်ပရိသတ်တွေကြားတွင် လည်း ရတနာပုံအိမ်ကွင်း ပြစ်ဒဏ်နှင့် ကြည်လင်း၏ ပြစ်ဒဏ်မှာ မျှတမှုမရှိ ဟု တုံ့ပြန်ပြောဆိုမှုများရှိနေသည်။ “

ရတနာပုံအသင်းကို ဒဏ်ငွေ ဆယ်သိန်း၊ နောက်တစ်ခါ ပရိသတ်တွေ ထပ်မဖြစ်အောင် သတိပေးတယ်။ အဲလိုမလုပ်ရင် ရတနာပုံကို အိမ်ကွင်း မကန်နဲ့တော့ လို့ပဲ ပြောရမလို ဖြစ်နေပြီ။ ကြည်လင်းဆိုရင်လည်း နှစ်ပွဲပယ် နှစ်သိန်း ပြစ်ဒဏ်ချတယ်။ တကယ်လို့သာ ခြောက်လလောက် ပွဲပယ်ခဲ့ရင် ဒီကစားသမားအနေနဲ့ ဘယ်အသင်းမှာမှ သွားကစားလို့ အဆင်ပြေတော့မှာလဲ။

အားလုံးကိုတော့ ဒေသအခြေအနေနဲ့ ကိုက်ညီမှုရှိအောင် ချမှတ်ခဲ့တာပါ။ ကျွန်တော်တို့က ပြစ်ဒဏ်တွေကို များတယ်လို့ ထင်နေတာ ခုလို နည်းတယ်လို့ ပြောကြတော့ ဝမ်းသာပါတယ် ” ဟု မြန်မာနေရှင်နယ်လိဂ် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဦးခင်မောင်ထွေးက မဇ္ဈိမသို့ ပြောသည်။

ရတနာပုံအသင်းနှင့် ရန်ကုန်အသင်းတို့မှာ မြန်မာနေရှင်နယ်လိဂ်တွင် အစဉ်အလာကြီးမားသောအသင်းများဖြစ်ပြီး တွေ့ဆုံသည့် ပွဲစဉ်တိုင်းပြိုင်ဆိုင်မှုပြင်းထန်ကာ ပြဿနာဖြစ်ပွားလေ့ရှိသည်။ ပြီးခဲ့သည့်ဘောလုံးရာသီက ရတနာပုံအိမ်ကွင်းတွင် တွေ့ဆုံခဲ့ရာ၌ ရတနာပုံအသင်းဒဏ်ငွေ ၁၅သိန်းပြစ်ဒဏ်အချခံခဲ့ရပြီး ရန်ကုန်အိမ်ကွင်းတွင်တွေ့ဆုံခဲ့ရာ၌ ရန်ကုန်အသင်း ဒဏ်ငွေ သိန်း ၂၀ ချမှတ်ခံခဲ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly