သဲမြေ သဲကျင်းမှာ ပဲပင်ပေါက်ဖောက်ပြီး မိသားစုဝင်ငွေ ရှာကြည့်ကြရအောင်

26 August 2016
သဲမြေ သဲကျင်းမှာ ပဲပင်ပေါက်ဖောက်ပြီး မိသားစုဝင်ငွေ ရှာကြည့်ကြရအောင်

ဒီကနေ့တော့ သဲမြေမှာ ပဲပင်ပေါက် ဖောက်နည်းကို တင်ပြချင်ပါတယ်။

ဒီနည်းကတော့ မိရိုးဖလာ အသုံးပြုလာတဲ့ နည်းစနစ်လည်း ဖြစ်ပါတယ်။ သဲကျင်းမှာ ပဲပင်ပေါက် ဖောက်တဲ့အခါမှာတော့ အဓိက ပဲလွန်းနဲ့ ပဲနှောက်တွေကိုပဲ အသုံးပြုကြပါတယ်။

ပဲပင်ပေါက် ဖောက်မယ့် ပဲတွေကို ရေ စင်စင် ဆေးပေးရမှာဖြစ်ပါတယ်။ ရေဆေးထားတဲ့ ပဲတွေကို ရေဖျန်းထားတဲ့ သဲကျင်းပေါ်မှာ ဖြန့်ပေးရမှာပါ။ ပြီးရင်တော့ ပဲနဲ့ သဲတွေကို သမအောင် ဖွပြီးရောမွှေပေးရမှာဖြစ်ပါတယ်။ ပြီးရင် သဲကျင်းကို ရေပြန်ဖျန်းပေးရပါတယ်။ ပြီးရင်တော့ သဲပုံအပေါ်ကနေ အဖုံးဖုံးပြီးတော့ ထားပေးရပါတယ်။

နေ့စဉ် တစ်နေ့ကို တစ်ကြိမ်ခန့် ရေလောင်းပေးရမှာပါ။ နွေရာသီမှာဆိုရင်တော့ နှစ်ရက်နဲ့ သုံးရက်အတွင်းမှာ ပဲပင်ပေါက်ကို ရရှိနိုင်မှာဖြစ်ပြီး့ ဆောင်းရာသီမှာဆိုရင်တော့ ၅ ရက်ကနေ ၆ ရက်အထိ ကြာတတ်ပါတယ်။ ဒါနည်းက မိရိုးဖလာ ပဲပင်ပေါက် ဖောက်တဲ့နည်းပဲ ဖြစ်ပါတယ်။

မိရိုးဖလာ ပဲပင်ပေါက်ဖောက်နည်းနဲ့ပဲ နှစ်ပေါင်းများစွာ ပဲပင်ပေါက်ဖောက်ပြီး မိသားစုလည်းစား ဈေးဆိုင်တင်ပြီးလည်းရောင်းတဲ့ တောင်သူတစ်ဦးက အခုလိုရှင်းပြပါတယ်။

“ကျွန်တော် နှစ် ၂၀ လောက်ရှိပါပြီ။ ဒီအလုပ်ကို လုပ်စားလာတာ။ ပဲကတော့ နှစ်မျိုးရှိပါတယ်။ ပဲလွန်းနဲ့ ပဲနှောက်ဆိုပြီးတော့ပေါ့။ ပဲနှောက်ကတော့ နဲနဲလေး နုတာပေါ့။ အကြမ်းမခံဘူးပေါ့။ ပဲလွန်းကတော့ အကြမ်းခံပါတယ်။ ပဲနှောက်ကတော့ နေရာမှားပြီးချတာတို့ ချပြီးသားနေရာတွေ ချတာတို့ သူက ပုပ်တယ်။ ပုပ်ရင်တော့ သုံးမရတော့ဘူးပေါ့။

ပဲလွန်းကတော့ အကြမ်းခံတယ်။ သူကတော့ ပုပ်တယ်ဆိုတာ သိပ်မရှိပါဘူး။ ရေလောင်းတာကတော့ အခုလို နွေရာသီဆိုလို့ရှိရင် သောင်ကြမ်းဆိုတော့ ရေကို ပိုလောင်းပေးရပါတယ်။   ရေစုပ်တာများတော့ အပင်က နဲနဲ တုတ်လာတာပေါ့နော်။ တုတ်ချင်ရင်တော့ ရေပိုလောင်းပေးရတယ်။ သေးချင်ရင်တော့ အခုလို ချလိုက်တယ်ဆိုရင် အစေ့ချပြီးတာနဲ့ နောက်နေ့ဆိုရင် သူက သိရပြီ။ အပင် တုတ်လား သေးလားဆိုတာကိုပေါ့။ အပင် သေးနေတယ်ဆိုရင် ရေကို နဲနဲပိုလောင်းလိုက် အဲဒါဆိုရင် သူက နဲနဲထွားလာတယ်ပေါ့။

နောက်ပြီးတော့ ပဲလွန်းတွေက အခွံချွတ်ရတယ်။ တစ်ပင်ချင်း ချွတ်ရတာ။ ချွတ်တဲ့အချိန်မှာ ရေနည်းလို့ရှိရင် သူက ကပ်နေတယ်။ ခွာမရဘူး။ ရေလေးနဲနဲ ပိုလောင်းလိုက်ပြီးတော့ အစိုဓာတ်လေး ရလာပြီးတော့ ဖွဖွလေးဆိုတော့ နဲနဲလေးထိတာနဲ့ ဖောက်ဖောက်ဆိုပြီးတော့ ကျွတ်သွားတယ်။ ရေလောင်းတာကတော့ အဓိကကျတာပေါ့။ ရေလောင်းတာ များသွားလို့လည်းမရဘူး။ နည်းသွားလို့လည်းမရဘူး။ သူက နေရာအသန့်တော့ကြိုက်တယ်။ ဆောင်းတွင်းဆိုလို့ရှိရင် လေးရက် ငါးရက်လောက် ကြာတယ်။ အခုလို နွေရာသီဆိုလု့ိရှိရင်တော့ ပူတဲ့ဒဏ်နဲ့ဆိုတော့ သိပ်ပြီးတော့ မစောင့်ရဘူး။ နှစ်ရက် သုံးရက်က အများဆုံးပါပဲ”

အခုဆိုရင် စာဖတ်သူများ ပဲပင်ပေါက်ကို မိရိုးဖလာ ရိုးရာနည်းနဲ့ဖောက်ပြီး မိသားစု ဝင်ငွေတစ်ခုရအောင်လုပ်တဲ့နည်းကို သိသွားကြပြီလို့ယူဆပါတယ်။ ပဲပင်ပေါက် ဖောက်ရတာ လွယ်လည်းလွယ် ငွေကုန်ကြေးကျလည်း မများတော့ ပဲပင်ပေါက်ဖောက်ပြီး မိသားစုဝင်ငွေတစ်ခုရအောင် လုပ်ကြည့်ကြစေချင်ကြောင်း တင်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly