မိုးမပြိုဘူး ပြိုခဲ့သည် ရှိသော်

မိုးမပြိုဘူး ပြိုခဲ့သည် ရှိသော်
ဓာတ်ပုံ-ဘိုဘို မဇ္ဈိမ
 

ချောက်မြို့ကို ဗဟိုပြုလှုပ်ခတ်သွားသော ရစ်ချ်တာစကေး ၆ ကျော်သည့်ငလျင်ကြီး မဖြစ်ပွားမီရက်ပိုင်းလောက်က ခန္တီးမြို့အနီး ချင်းတွင်းမြစ်ဒေသတွင် ထူးခြားသည့် သဘာဝပတ်ဝန်းကျင်   ပြောင်းလဲမှုတစ်ခု ဖြစ်ခဲ့သည်။ ယင်းမှာ ချင်းတွင်းမြစ်ရေသည် နာရီပိုင်းအတွင်း သွေးကဲ့သို့ အနီညစ်ညစ်အရောင်သို့ ပြောင်းလဲစီးဆင်းလာသည့် ဖြစ်ရပ်ပင်ဖြစ်သည်။

ခန္တီးမြို့အနီး ချင်းတွင်းမြစ်ကြောင်းတလျောက် နေထိုင်ကြသည့် ကျေးရွာများအားလုံးသည် ယင်းချင်းတွင်းမြစ်ရေကိုပင် သုံးစွဲကြ သောက်သုံးကြပါသည်။ ထိုကဲ့သို့ ချင်းတွင်းမြစ်ရေ ရုတ်တရက် မြစ်ပြင်အပြည့် အနီရောင်ဖြစ်လာသည့်အဖြစ်ကို ယခင်က တကြိမ်မျှ မကြုံဘူးသေးသည့်အတွက် လူတိုင်း အံ့သြမင်သက် မိကြရ၏။

ဒါ့အပြင် ဖြစ်ရသည့်အကျိုးအကြောင်းကို သေချတိကျရှင်းလင်းစွာ မသိနိုင်သည့်အတွက် ချင်းတွင်းမြစ်ရေကို မီခိုအားထားရသည့် ကျေးရွာများမှာ စိုးရိမ်စိတ်များဖြစ်ပေါ်လာကြရ၏။ ယင်းရေကို ဆက်လက်သုံးစွဲလျင် ကျန်းမာရေးထိခိုက်လေမည်လား၊ သို့တည်းမဟုတ် အဆိပ်သင့်စေမည်လား မည်သူမျှ မဝေခွဲတတ်နိုင်သဖြင့် လောလောဆယ်တွင် မြစ်ရေကို မသောက်သုံးတော့ပဲ မိုးရေနှင့် ရေသန့်ကိုသာ သုံးစွဲခဲ့ကြရ၏။ သည်အတိုင်းဆိုပါက သောက်သုံးရေ ရှားပါးလာနိုင်စရာ ရှိသည်ဟူသည့်သတင်းများကိုလည်း ကြားခဲ့ရပါသည်။

ချင်းတွင်းမြစ်ရေ ရုတ်တရက် အနီရောင်ပြောင်းသွားသည့်နောက်ပိုင်း ရက်ပိုင်းအကြာတွင် အတော်အတန်ပြင်းထန်သော ငလျင်ကြီးတစ်ခု လှုပ်လာခဲ့လေသည်။ ချင်းတွင်းမြစ်ရေ ရုတ်တရက် အနီရောင်ပြောင်းလာခြင်းနှင့် ငလျင်ကြီးလှုပ်ခတ်ခြင်းတို့ ဆက်စပ်မှု ရှိသည် မရှိသည်ကို မည်သူမျှ တပ်အပ်သေချာ မပြောဆိုနိုင်သော်ငြားလည်း ငလျင်ပညာရှင်များ၏ ပြောစကားများကို ဆင်ခြင်ပါက သည်အဖြစ်အပျက်နှစ်ခုမှာ ဆက်စပ်ကောင်း ဆက်စပ်နေသည်လောဟု တွေးတောရမလိုဖြစ်ပါသည်။

ငလျင်ပညာရှင်များ၏ အဆိုအရ ငလျင်တစ်ခုဖြစ်ပေါ်တော့မည်ဆိုလျင် သဘာဝပတ်ဝန်းကျင်တွင် သမရိုးကျမဟုတ်သော ဖြစ်ပေါ်ပြောင်းလဲမှုများ ဖြစ်လာတတ်သည်ဟူသည့် အဆိုမှာ စိတ်ဝင်စားဖို့ ဆင်ခြင်ဖို့ကောင်းသည့် အဆိုဖြစ်သည်။

ဥပမာငလျင်တစ်ခုဖြစ်တော့မည်ဆိုလျင် မြေအောင်းတိရစ္ဆာန်များ ထောင်သောင်းချီပြီး နေရာပြောင်းရွှေ့ကြခြင်း၊ ရေတွင်း ရေကန်ထဲက ရေများ ဘောင်ဘင်ခတ်နေတတ်ခြင်း၊ ငှက်များ အုပ်လိုက် နေရာပြောင်းကြခြင်း၊ ငါးများ အုပ်လိုက် နေရာပြောင်းခြင်း သေဆုံးခြင်း၊ ပုရွက်ဆိတ်လို အင်းစက်ပိုးမွှားများ အုံနှင့်ကျင်းနှင့် ထူးခြားစွာ အလုပ်ရှုပ်လာကြခြင်း အစရှိသည့် သတိပြုမိလောက်အောင် ထူးခြားသည့် အပြုအမူနှင့် အပြောင်းအလဲများ ဖြစ်ပေါ်လာတတ်ကြသည်ဟု ငလျင်ပညာရှင်တချို့က ဆိုပါသည်။

မိမိတို့သည် မဖြစ်လာသေးသည်ကို တွေးတောပူပင်သောကရောက်စွာ ကြိုတင်စိတ်ဓါတ်ခြောက်ခြားနေဖို့ရာ မသင့်ပါဆိုသည်ကို လက်ခံပါသည်။ သို့သော် မိုးမပြိုဘူး ပြိုခဲ့သည်ရှိသော် ဆိုသည့်စကားအတိုင်း ရှေ့ကဖြစ်ဖူးသော အတွေ့အကြုံများအရ ကြိုတင်သတိထားခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းနှင့် ဖြစ်လာပါက မဆိုင်းမတွ ပြုမူဆောင်ရွက်ကြရမည့်ကိစ္စများကိုမူ အဆင်သင့် ရှိနေကြဖို့တော့ လိုအပ်ပါသည်။ ယခု ဖြစ်ပွားသည့် ငလျင်ကြီးသည်ပင် လွန်ခဲ့သော နှစ် ၄၀ ကလှုပ်ခဲ့သည့်ငလျင်ကြီး တကြော့ပြန် လာခြင်းဖြစ်သည်ဟု ယူဆသူများ ရှိပါသည်။

ယခုအခါ ငလျင်ပညာရှင်တချို့က ထပ်မံခန့်မှန်းချက် ရှိပါသည်။ ယင်းမှာ မြန်မာပြည်အလယ်ပိုင်း တူရွင်းတောင်ပြတ်ရွေ့ကြောကြောင့် ဖြစ်ရသည့် ယခု ငလျင်လှုပ်ခတ်ပြီးနောက် နောက်ထပ် ငလျင်ငယ်များ ထပ်ဖြစ်လာနိုင်သည်ဟူသည့် သတိပေးချက် ရှိသည်။ ထို့ပြင် အခြား ကမ္ဘာ့ငလျင်ပညာရှင်တချို့ကလည်း ရခိုင်ပြတ်ရွေ့ကြောအပေါ်မူတည်ကာ နောက်ထပ် ငလျင် လှုပ်လာစရာ ရှိသည်ဟု ခန့်မှန်းထားပြန်သည်။ ဒါ့အပြင် မြန်မာနိုင်ငံ မြေငလျင် ကော်မီတီအတွင်းရေးမှူး ဒေါက်တာမျိုးသန့်ကလည်း ယခုငလျင်ကြီး လှုပ်ပြီးနောက် နောက်ထပ် ငလျင်ငယ်များ ဆက်တိုက်လှုပ်စရာအကြောင်း ရှိနေသည်လို့ ထုတ်ဖေါ်ပြောဆိုထားပြန်သည်။

ငလျင်ကြီးနောက်ထပ်တစ်ခု သို့မဟုတ် နောက်ထပ် ငလျင်တစ်ခု ထပ်မံ ဖြစ်ပွားရန် သေချာ မသေချာ၏ကိစ္စမှာ ငြင်းခုန်နေကြရမည့် အချိန် ငြင်းခုန်နေကြရမည့်ကာလ မဟုတ်တော့ဟူ၍ မြင်ပါသည်။ မိုးမပြိုဘူး ပြိုခဲ့သည်ရှိသော် ဟူသည့် အမြင်အပေါ်အခြေခံကာ အကယ်၍ ငလျင် ထပ်မံလှုတ်ခတ်လာခဲ့သည်ရှိသော် ငလျင်မလှုပ်ခင် ကြိုတင်ပြင်ဆင်မှု၊ ငလျင်လှုပ်ခတ်နေစဉ် ပြုမူဆောင်ရွက်မှုနှင့် ငလျင်လှုပ်ပြီးနောက် ပြုမူဆောင်ရွက်ရမည့် ပညာရှင်တို့၏ အကြံပြုချက်များကို အထူးသတိထား လေ့လာမှတ်သား အသင့်ရှိနေကြဖို့ရန်သာ လိုအပ်ကြောင်း မဇ္ဈိမက အလေးအနက်ထား   နှိုးဆော်လိုက်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly