"ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်" ဖွဲ့စည်းမှု ရခိုင်အမျိုးသားပါတီ ကန့်ကွက်

"ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်" ဖွဲ့စည်းမှု ရခိုင်အမျိုးသားပါတီ ကန့်ကွက်

ရခိုင်ပြည်နယ်၏ သိမ်မွေ့နက်နဲသည့် ပြဿနာ ရပ်များကို ဖြေရှင်းနိုင်ရန် အကြံပြုချက်များကို ရှာဖွေမည့် "ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်" ဖွဲ့စည်းကြောင်း နိုင်ငံတော် အတိုင်ပင်ခံဝန်ကြီးဌာန၏ သြဂုတ်လ ၂၄ ရက် ထုတ်ပြန်ချက်သည် နိုင်ငံ၏ အချူပ်အခြာ အာဏာကို ထိခိုက်လာနိုင်သဖြင့် ယင်းကော်မရှင်ကို ဖျက်သိမ်းပေးရန်  ရခိုင်အမျိုးသားပါတီက ယနေ့ သြဂုတ် ၂၅ ရက်နေ့တွင် ကြေညာချက်ထုတ် တောင်းဆို လိုက်သည်။

ကြေညာချက်တွင် - အတိုင်ပင်ခံဝန်ကြီးဌာန၏ ထုတ်ပြန်ချက်သည် ပြည်ထောင်စုသမ္မတနိုင်ငံရှိ ဌာနေတိုင်းရင်းသားအားလုံး၏ မူလအခွင့်အရေးများကို ထိခိုက်ဆုံးရှုံးစေပြီး၊ အစိုးရသစ်တရပ်အနေနှင့် တိုင်းပြည်၏ အရေးကြီးကိစ္စရပ်များဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးများကို ဦးစားပေးလုပ်ဆောင်ရမည့် အစား အလွန်ထိလွယ်ရှလွယ်သော ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီအရေးကို ရှေ့တန်းတင် ဇောင်းပေး လုပ်ဆောင်နေခြင်းသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ထိပါးခြင်းဖြစ်လာနိုင်သည် ဟု ဖော်ပြပါရှိသည်။

ကော်မရှင်တွင် ရခိုင်တို့၏ နောက်ခံသမိုင်းကြောင်းနှင့် ဖြစ်တည်နေမှုကို နားလည်နိုင်စွမ်းမရှိသည့် နိုင်ငံတကာမှ ပုဂ္ဂိုလ် (၃) ဦးတို့ ပါဝင်နေခြင်းကိုလည်း ရခိုင်အမျိုးသားပါတီမှ ကန့်ကွက်ခဲ့သည်။ ယခင်အစိုးရမှ ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်၍ စုံစမ်းရေးကော်မရှင် ဖွဲ့စည်း ဆောင်ရွက်ခဲ့ပြီး ဖြစ်သည့်အပြင် အစီရင်ခံစာလည်း ထွက်ရှိခဲ့ပြီး ဖြစ်သောကြောင့် ထပ်မံ၍ ကော်မရှင်အသစ်တရပ် ဖွဲ့စည်းမှုပြုရန် မလိုအပ်ဟု ကြေညာချက်က ဆိုသည်။

ယခင်အစိုးရက ဖွဲ့စည်းခဲ့သည့် ကော်မရှင်၏ အစီရင်ခံစာကို အခြေခံ၍ သုံးသပ်အဖြေရှာရန်သာ လိုအပ်ကြောင်းနှင့် သြဂုတ် ၂၄ ရက်နေ့ ရက်စွဲဖြင့် ဖွဲ့စည်းခဲ့သည့် ကုလသမဂ္ဂ အတွင်းရေးမှူးဟောင်း ကိုဖီအာနန် ဥက္ကဌအဖြစ် တာဝန်ယူမည့် "ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်" ကို ဖျက်သိမ်းပေးရန် တောင်းဆိုကြောင်း ကြေညာချက်တွင် ဖေါ်ပြသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် ကိုဖီအာနန်ဖောင်ဒေးရှင်း တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း နိုဘယ်လ်ဆုရှင် မစ္စတာကိုဖီအာနန်က ဆောင်ရွက်ပြီး အဖွဲ့ဝင်များအဖြစ်

(က) ဦးဝင်းမြ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊

(ခ) ဒေါက်တာသာလှရွှေ နာယက၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊

(ဂ) မစ္စတာ ဂါဆန်ဆလမ် ယဉ်ကျေးမှုဝန်ကြီး (၂ဝဝဝ-၂ဝဝ၃)၊ လက်ဘနွန်နိုင်ငံ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် (၂ဝဝ၃-၂ဝဝ၆)

(ဃ) မစ္စ လက်တီတီရာ ဗန်ဒန် အာဆမ် ကုလသမဂ္ဂအိတ်ချ်အိုင်ဗွီနှင့် အေအိုင်ဒီအက်စ် ဆိုင်ရာအစီအစဉ်(UNAIDS)၏ အထူးအကြံပေးပုဂ္ဂိုလ် (၂ဝဝ၅-၂ဝဝ၆) ဗြိတိန်နိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ကြီး (၂ဝ၁၂-၂ဝ၁၅)

(င) ဦးအေးလွင် တည်ထောင်သူတစ်ဦးနှင့်အမြုတေအဖွဲ့ဝင်၊ ငြိမ်းချမ်းမေတ္တာအဖွဲ့(မြန်မာနိုင်ငံ)

(စ) ဒေါက်တာမြသီတာ ဥက္ကဋ္ဌ၊ သားဖွားမီးယပ်ပညာအဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်များအသင်း၊ အဖွဲ့ဝင်၊ မြန်မာနိုင်ငံဆရာဝန်များအသင်း၊

(ဆ) ဦးခင်မောင်လေးအဖွဲ့ဝင်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊

(ဇ) ဒေါ်စောခင်တင့် ဥက္ကဋ္ဌ၊ ရခိုင်စာပေနှင့်ယဉ်ကျေးမှုအသင်း(ရန်ကုန်) ဒုတိယဥက္ကဋ္ဌ၊ ရခိုင်အမျိုးသမီးများအသင်း တို့ဖြင့် ဖွဲ့စည်းထားသည်။

ကော်မရှင်၏ တာဝန်များတွင် ရခိုင်ဒေသရှိပြည်သူများ၏ လုံခြုံရေးနှင့် အခြေခံအခွင့်အရေးများအား အာမခံချက် ပေးနိုင်ရေးကိစ္စ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စများနှင့် အခြေခံလူမှုဝန်ဆောင်မှုများ ရရှိရေးကိစ္စများအား စဉ်းစားဆောင်ရွက်ရန်လည်း ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly