ဗီယက်နမ် အမျိုးသမီးတစ်ဦး ခြေလက်များကို ဖြတ်ကာ အာမခံကြေး လိမ်ထုတ်ရန် ကြိုးပမ်း

ဗီယက်နမ် အမျိုးသမီးတစ်ဦး ခြေလက်များကို ဖြတ်ကာ အာမခံကြေး လိမ်ထုတ်ရန် ကြိုးပမ်း

သြဂုတ် ၂၅ ။                   ။ ဗီယက်နမ်နိုင်ငံမှ အမျိုးသမီးတစ်ဦးသည် မိတ်ဆွေတစ်ဦးအား ငွေပေးပြီး သူမ၏ ခြေထောက်နှင့် လက်တစ်ဘက်စီတို့ကို ဖြတ်ခိုင်းကာ အာမခံကြေးလိမ်ထုတ်နိုင်ရန် ကြံစည်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အသက် ၃၀ အရွယ် လိုင်သီအန် ဆိုသူ အမျိုးသမီးမှာ သူမ၏ သူငယ်ချင်းတစ်ဦးကို ဒေါ်လာ ၂,၂၀၀ ပေးကာ ခြေလက်တစ်ဘက်စီ ဖြတ်ခိုင်းခဲ့ကြောင်း သိရသည်။ ယင်းနောက် သူမသည် ရထားအတိုက်ခံရသည့် ပုံစံဟန်ဆောင်ထားခဲ့သည်ဟု ဗီယက်နမ်ပြည်တွင်းသတင်းများတွင် ဖော်ပြထားသည်။ ယင်းနောက် အာမခံကြေး ဒေါ်လာ ၁၅၀,၀၀၀ ထုတ်ယူနိုင်ရန် ကြိုးပမ်းနေခဲ့ပြီးမှ မအောင်မြင်ဘဲ ယခုကဲ့သို့ လိမ်လည်မှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

သူမသည် ယင်းအမှုကိစ္စကို မေလကတည်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ ရဲများက သုံးလကြာ စုံစစ်စစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီး ယခုကဲ့သို့အလိမ်ပေါ်သွားခဲ့ခြင်းဖြစ်သည်။

ဒေါင်ဗန်ဒီ ဆိုသူ သူမ၏ မိတ်ဆွေသူငယ်ချင်းမှာ ၎င်းကိုယ်တိုင်ပင် ခြေလက်များ ဖြတ်ပေးထားခဲ့ပြီး မေလက ရထားသံလမ်းတစ်ခုတွင် သူမအား တွေ့သည့်ပုံစံဖြင့် စည်းဝါးကိုက်ကာ လူနာတင်ကားခေါ်ပေးခဲ့သူဖြစ်သည်ဟု သိရသည်။

" ဒီကိစ္စမှာ လိုင်က ဒီကို ခြေလက်ဖြတ်ဖို့ ငွေပေးခဲ့ပါတယ်၊ နောက်ပြီး သူ့ကိုပဲ လိမ်ပြီး တိုင်ခိုင်းခဲ့တာပါ၊ တကယ်တော့ သူက အမှန်တကယ် ရထားအတိုက်ခံရလို့ ခြေလက်ပြတ်သွားတာမဟုတ်ပါဘူး" ဟု Bac Tu Liem ရဲဌာနအကြီးအကဲ ငုရင်ထန်ထောင်က ပြောသည်။

ယခုကဲ့သို့ အာမခံကြေးရရန် ခန္ဓာကိုယ်ကိုရင်းပြီး မစွန့်စားသင့်ကြောင်း ထောင်က ပြောကြားသွားခဲ့သည်။ ၎င်းတို့နှစ်ဦးအား ယခုလောလောဆယ်တွင်မူ အမှုဖွင့်အရေးယူနိုင်ရန် လုပ်ဆောင်နေခြင်း မရှိကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly