ငလျင်ဒဏ်ကြောင့် ရခိုင်ရှေးဟောင်း ဘုရားပုထိုးတော်များနှင့် အဆောက်အဦ ၈ ခု ပြိုပျက် မီးတောင်ငယ်တစ်ခု ပေါက်ကွဲ

ငလျင်ဒဏ်ကြောင့် ရခိုင်ရှေးဟောင်း ဘုရားပုထိုးတော်များနှင့် အဆောက်အဦ ၈ ခု ပြိုပျက် မီးတောင်ငယ်တစ်ခု ပေါက်ကွဲ

ပြင်းအား ၆ ဒဿမ ၈ ရစ်ချက်စကေးရှိ ချောက်မြို့နယ်ကို ဗဟိုပြု လှုပ်ခတ်ခဲ့သည့် သြဂုတ် ၂၄ ရက်နေ့ ညနေ ၅ နာရီ ၅ မိနစ်က မြန်မာနိုင်ငံ ငလျင်ဒဏ်ကြောင့် ရခိုင်ပြည်နယ်မှ ရှေးဟောင်း ဘုရားပုထိုးတော်များနှင့် အဆောက်အဦး ၈ ခုခန့်မှာ ပြိုပျက်ခဲ့ပြီး မီးတောင်ငယ်တစ်ခု ပေါက်ကွဲမှုဖြစ်ခဲ့သည်။

ငလျင်ဒဏ်ကြောင့် မြောက်ဦးမြို့နယ် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှ မာရ်ငါးပါးအပါအဝင် ရတနာ့ မာရ်အောင် စေတီတော်၊ ရတနာပုံစေတီတော်နှင့် ကိုးသောင်းပုထိုးတော်များမှာ နံရံအပေါ်ပိုင်းမှ ကျောက်တုံးများ ပြုတ်ကျခြင်း၊ ထီးတော်များ ကျိုးကျပျက်စီးခြင်း၊ ပေါ်တူဂီ ကုန်တိုက်မှာ လုံး၀ ပြိုပျက်စီးခဲ့ခြင်း၊ ကျောက်ဖြူမြို့နယ်မှ ရွံ့မီးတောင်ငယ် တစ်ခု ပေါက်ကွဲခဲခြင်း၊ အမ်းမြို့နယ်မှ စာရှုတောင်စေတီတော်မှာ အက်ကွဲကြောင်းများ ဖြစ်ပေါ်သွားခြင်း၊ ရမ်းဗြဲမြို့နယ်မှ  ကိုယ်ရံတောင်စေတီတော်မှာ စိန်ဖူးတော် ကျိုးကျခဲ့ခြင်း၊ ကျောက်ဖြူ-မအီ အဝေးပြေးလမ်းမှ လုံးတော်ပေါက်တံတား နိမ့်ဆင်းသွားခြင်း၊ မင်းပြားမြို့နယ်မှ အထက (၁) ပညာသင်ကျောင်း နံရံများ ပြိုပျက်စီးသွားခဲ့သည်။

“မနေ့ကငလျင်ကြောင့် ကျွန်တော်တို့ ရမ်းဗြဲမှာ ကိုယ်ရံတောင် စေတီပြိုကျသွားပါတယ်။ စေတီက အမြင့်လက်တောင် ငါးဆယ်ရှိတယ်။ လုံးပါတ်က ၇၅ တောင်ရှိတယ်။ စေတီရဲ့စိန်ဖူးအပါအဝင် ပုတီးရစ်ကနေ ကျိုးကျသွားတာဖြစ်ပါတယ်။ စေတီရဲ့ကိုယ်ထည်ဖြစ်တဲ့ နဂါးရစ်ပါတ်လမ်း နေရာမှာ ၅ ပေအရှည်၊ ၄ ပေ အကျယ်ကွဲထွက်သွားပါတယ်။ ဌာပနာတွေ ထွက်တာတော့မရှိဘူး။ လောလောဆယ်မှာတော့ သြဝါဒဆရာတော်ကြီးတွေ၊ ဂေါပက အဖွဲ့တွေနဲ့ ဌာနဆိုင်ရာ လူကြီးတွေတွေ့ဆုံပြီးတော့ ဘယ်လို ဆက်လုပ်မလဲဆိုတာကို အစည်းအဝေးလုပ်ဖို့ရှိပါတယ်။”ဟု ဘုရားဂေါပက ဥက္ကဌ ဦးဘလှကပြောသည်။

ကျောက်ဖြူ - မအီ အဝေးပြေးလမ်းမပေါ်ရှိ လုံးတော်ပေါက် တံတားမှာ ငလျင်ဒဏ်ကြောင့် တံတား၏ အလယ်တိုင်များ မြေထဲသို့ နိမ့်ဆင်းသွားသဖြင့်၊ တံတားတစ်ခုလုံး၏ အလယ်နေရာတွင် ၆ လက်မခန့် နိမ့်ဆင်းသွားကာ ဘေးဘက်သို့ လက်မ ၂၀ ခန့် ရွေ့လျားခဲ့သဖြင့် ထို လမ်းမကို အသုံးပြုခွင့် ပိတ်ထားသည်။

ယင်းအပြင် ကျောက်ဖြူမြို့နယ် ရှောက်ချောင်း ကျေးရွာနှင့် ကြတ္တိန်ကျေးရွာအနီး စည်မော်ကျေးရွာရှိ မီးတောင်မှ ချော်ရည်များ ပန်းထွက်ခဲ့ပြီး ထိခိုက်ပျက်စီးမှု မရှိခဲ့သော်လည်း ၎င်းနေရာသည် ကျောက်ဖြူ အထူးစီးပွားရေးဇုန် တည်ဆောက်ရန် လျာထားခြင်း ခံထားရသည့် မြေနေရာ ဖြစ်ကြောင်း ကျောက်ဖြူမြို့ခံ ဦးအောင်စောသိန်းကပြောသည်။

“မြောက်ဦးမှာ ပျက်စီးသွားတာက ရှေးဟောင်းစေတီတွေဖြစ်တဲ့ ရတနာ့မာရ်အောင် စေတီက ငှက်ပျောဖူးကနေ ကျိုးသွားတယ်။ ရတနာပုံစေတီမှာက စိန်ဖူးတော် ကျိုးကျသွားတယ်၊ ကိုးသောင်း ပုထိုးမှာတော့ လှိုဏ်ဂူပါတ်လမ်း နံရံကနေ ကျောက်တုံးလေးငါးခုလောက် ပြုတ်ကျပြီးတော့ နံရံမှာရှိတဲ့ ဆင်းတုတော်တွေ ကွာသွားပါတယ်။ နောက်တစ်ခုက ပေါ်တူဂီ ကုန်တိုက်လုံးဝပြိုသွားပါတယ်။ အခုလောလောဆယ်မှာတော့ ပျက်စီးသွားတဲ့ အမွေအနှစ်တွေကို ထိန်းသိမ်းမှုတွေ လုပ်ဖို့အတွက် ပြင်ဆင်နေကြပါတယ်။”ဟု မြောက်ဦးရှေး/သုဌာနမှ ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ပျက်စီးသွားသည့် စေတီပုထိုးများသည်  ကောဇာသက္ကရာဇ် ၉၁၅ ခုနှစ်၊ အေဒီ ၁၅၅၃ ခုနှစ်တွင် ကုသိုလ်ရှင် မင်းတိက္ခာ တည်ထားခဲ့သော ကိုးသောင်းပုထိုးတော်ကြီး၊ ကောဇာ ၉၇၄ ၊ အေဒီ ၁၆၁၂ ခုနှစ်တွင် ကုသိုလ်ရှင် မင်းခမောင်းနှင့် မိဖုရားကြီး ရှင်ထွေးတို့က တည်ထားခဲ့သော ရတနာပုံစေတီတော်၊ အေဒီ ၁၆၅၂ ခုနှစ်တွင် ကုသိုလ်ရှင် စန္ဒသုဓမ္မရာဇာနှင့် မိဖုရား ရတနာပီတို့က မြောက်ဦးခေတ်တွင် တည်ထားကိုးကွယ်ခဲ့သော ရတနာ့မာရ်အောင်စေတီတော် တို့ဖြစ်ပြီး ကောဇာသက္ကရာဇ် ၁၂၃၄ ခုနှစ်တွင် မြို့ဝန်ခေတ်တွင်  မြို့ဝန်ဦးနွားထိုးရွှီနှင့် ဇနီး ဒေါ်ဦးဝေတို့ တည်ထားခဲ့သော ရမ်းဗြဲမြို့နယ်မှ ကိုယ်ရံတောင်စေတီတော်၊ မြောက်ဦးခေတ်တွင် ပေါ်တူဂီတို့နှင့် ကုန်စည် ကူးသန်းမှု ပြုခဲ့စဉ်က တည်ဆောက်ခဲ့သော ပေါ်တူဂီ ကုန်တိုက်တို့ ဖြစ်ကြောင်း ရခိုင်ရှေးဟောင်း ဘုရားပုထိုးတော်များနှင့် ရခိုင်မင်းများ သမိုင်းမှတ်တမ်းများအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly