ပြုပြင်ထိန်းသိမ်းခြင်းနည်းလမ်း မှန်စေချင်

.

ဓာတ်ပုံ-အီးပီအေ

ချောက်မြို့ကို ဗဟိုပြုတဲ့ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်မှုကြောင့် မြန်မာပြည်တ၀ှမ်း တုန်လှုပ်ခြောက်ခြားခဲ့ကြရပါတယ်။ နေရာအနှံ့ တိုက်တာအဆောက်အဦးများ ပြိုကျ ထိခိုက်မှု ရှိခဲ့ပါတယ်။ လူ အသေအပျောက်လည်း ရှိပါတယ်။

ငလျင်ဆိုတာကတော့ ဘယ်အချိန်ဘယ်ကာလမှာ လှုပ်ခတ်လိမ့်မယ်ဆိုတာ အတိအကျ ကြိုတင်ပြီး မသိနိုင်သေးတဲ့ သဘာဝဘေးဥပါဒ်ကိစ္စဖြစ်တာမို့ ဘယ်သူ့ကိုမှတော့ အပြစ်တင်လို့မရတဲ့ ဘေးဥပါဒ် အန္တရယ်ပါပဲ။ ဒါပေမယ့် ပျက်စီးယိုယွင်းသွားကြရတဲ့ အဆောက်အဦးတွေကို ပြန်လည်ပြုပြင် မွန်းမံတဲ့အခါနဲ့ နောက်ထပ် ဆောက်လုပ်ဖို့ရှိတဲ့အခါမှာတော့ စည်းကမ်းနည်းလမ်းတွေ မှန်ကန်ဖို့ လိုအပ်လာပါပြီ။

မြန်မာတို့ရဲ့ ရှေးဟောင်းနယ်မြေထဲက ဘုရားစေတီတချို့ ငလျင်ဒဏ်နဲ့ပြိုကျပျက်စီးတဲ့အခါ အဲသလိုပြိုကျပျက်စီးသွားတဲ့ ဘုရားပုထိုးအများစုကိုလေ့လာရင် မျက်မှောက်ခေတ် မကြာသေးခင်ကမှ ပြန်လည်ပြုပြင်မွမ်းမံခဲ့တဲ့ ဘုရားပုထိုးများက အများစုဖြစ်နေတာ တွေ့ရပါတယ်။

ငှက်ပျောဖူးတစ်ခု ပြိုကျသွားတဲ့အခါ အဲဒီငှက်ပျောဖူးတော်ထဲမှာ ပလပ်စတစ်ပိုက်တစ်လုံး ထည့်သုံးပြီး ငှက်ပျောဖူးနဲ့ ထီးတော်ကို ထိန်းမတ်ဖို့လုပ်ထားတဲ့ မှတ်တမ်းဓါတ်ပုံတစ်ခု အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တွေ့လိုက်ကြရပါတယ်။ အထင်ကရ မြို့တော်ဝန်တစ်ဦး ပြုပြင်ဆောက်လုပ်လှူဒါန်းထားတဲ့ ဘုရားစေတီတစ်ခုပြိုကျရာမှာလည်း သဲနဲ့ဘိလပ်မြေ အနည်းအကျဉ်းနဲ့ အင်္ဂတေ ဖျော်စပ်တည်ဆောက်ထား လို့သာ အခုလို ပြိုကျရတာဖြစ်တာကိုလည်း အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ထင်ထင်ရှားရှား တွေ့ကြရပါတယ်။

တဆက်တစပ်တည်း တွေးမိတာကတော့ ရန်ကုန်မြို့မှာ ဆောက်လုပ်နေဆဲနဲ့ ဆောက်လုပ်ပြီးစ လူနေတိုက်တာ အများစုဟာ ခိုင်ခန့်မှုမှာ အာမခံချက် ရှိမှ ရှိကြပါရဲ့လား။ ဒီအထဲမှာ စံချိန်စံညွှန်းနဲ့ညီအောင် တည်ဆောက်ခြင်းမရှိဘူးဆိုတဲ့သတင်းတွေကိုလည်း နေရာအနှံ့ကြားနေ မြင်နေကြရတာ ရှိပါတယ်။ ဒါ့အပြင် စည်းကမ်းနည်းလမ်းနဲ့အညီ ဆောက်လုပ်ခြင်းမရှိတာကိုလည်း တွေ့ရပါတယ်။ ဥပမာ လေးထပ်သာလျင် ဆောက်ခွင့်ပြုထားပေမယ့်လည်း တကယ်ဆောက်တဲ့အခါ ရပ်ကွက်နဲ့ မြို့နယ် အာဏာပိုင်များနဲ့ အပေးအယူလုပ်ပြီး ငါးထပ် ခြောက်ထပ် ဆောက်လုပ်ထားတဲ့ အဆောက်အဦးတွေဆိုတာကလည်း လက်ညှိုးထိုးမလွဲ နေရာအနှံ့ပါပဲ။

ဒီလိုတွေးမိတဲ့အခါ မြန်မာပြည်အနှံ့ ဆောက်လုပ်ခဲ့ ဆောက်လုပ်ဆဲ လမ်းတွေ၊ တံတားတွေအတွက်လည်း စိတ်ပူမိတာ အမှန်ပါပဲ။ ဆောက်လုပ်ပြီးစ တံတားတစ်စင်း အက်ကွဲနိမ့်ကျနေတာကို လူတွေတွေ့ကြရတဲ့အခါ သက်ဆိုင်ရာ ဆောက်လုပ်ရေးအင်ဂျင်နီယာက ဒါဟာဖြင့် လူတွေ အပေါ့အပါးသွားကြလို့ ဒီလိုဖြစ်ရတာဆိုတာမျိုး ထုတ်ဖေါ်ပြောဆိုလို့ လူတကာ ကဲ့ရဲ့ပစ်တင်တာ ခံရတဲ့အဖြစ်မျိုးနဲ့ မကြာခဏ ကျိုးကျပျက်စီးရတဲ့သတင်းတွေကိုတွေးပြီး စိတ်ပူမိပါတယ်။

ဒီလို နည်းလမ်းမှန်ကန်စွာ ဆောက်လုပ်ခြင်းမရှိတဲ့အတွက် အကယ်၍များ ငလျင်ထပ်လှုပ်ခဲ့ရင် အပျက်အစီးအသေအပျောက်အခြေအနေဟာ မတွေးတတ်လောက်အောင် ထိခိုက်နိုင်မယ့်အရေး တွေးမိတိုင်း ထိတ်လန့်စရာကောင်းပါတယ်။

အခုလို ငလျင်ဒဏ်ခံရလို့ ရှေးဟောင်းအမွေအနှစ် အဆောက်အဦးတွေ ပြိုကျပျက်စီးရတဲ့သတင်းကြားရတဲ့အခါ ဒီလို သမိုင်းအမွေအနှစ်တွေကို ပြန်လည်ပြုပြင်မွမ်းမံမယ်ဆိုရင်လည်း တကယ်တတ်သိနားလည်တဲ့ပညာရှင်များနဲ့ စံချိန်စံညွှန်းမီတဲ့ ပြုပြင်မှုများ ရှိဖို့ အထူးလိုအပ်လာပါတယ်။ ဒါဟာ လူ့ကျင့်ဝတ်နဲ့ ကိုက်ညီတဲ့ ပြုပြင်မှု ဖြစ်ရပါမယ်။ သဘာဝပတ်ဝန်းကျင် မထိခိုက်စေတဲ့၊ သမိုင်းအမွေအနှစ်များကို နည်းမှန်လမ်းမှန် ဆက်လက်ထိန်းသိမ်းစေတဲ့ ၊ တာရှည်တည်တန့်ခိုင်မာစေနိုင်တဲ့ နည်းလမ်းများနဲ့သာ ပြုပြင်မွမ်းမံကြရမှာဖြစ်ပါတယ်။

ငလျင်ကြီးကတော့ လှုပ်ခတ်ပြီးသွားပါပြီ။ (ဒါတောင်မှ နောက်ဆက်တွဲ ငလျင်တွေ ထပ်ပြီး လှုပ်ကောင်းလှုပ်တတ်သေးတယ်လို့ ပညာရှင်များက သတိပေးထားတာ ရှိပါသေးတယ်။ ) ပျက်စီးတာတွေ ပျက်စီးသွားခဲ့ပြီ။

ပျက်စီးသမျှကို ပြန်လည် ပြုပြင်မွမ်းမံတဲ့အခါမှာတော့ ရှေ့ကလို ဖြစ်သလိုမွမ်းမံကြတာမျိုး၊ စည်းကမ်းနည်းလမ်းတကျ မဖြစ်တာမျိုးနဲ့ ပညာရှင်များရဲ့ အကြံညာဏ်နဲ့ ကြီးကြပ်မှုမပါရှိဘဲ မွန်းမံပြင်ဆင်မှုအမှားမျိုး ထပ်မံမဖြစ်စေဖို့ အထူးလိုအပ်ကြောင်း တင်ပြလိုက်ပါတယ်။