ပုဂံဘုရားများ အလျင်စလို မပြင်ဘဲ ယူနက်စကို နည်းပညာ အကူအညီဖြင့်သာ ပြင်ရန် ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား

ပုဂံဘုရားများ အလျင်စလို မပြင်ဘဲ ယူနက်စကို နည်းပညာ အကူအညီဖြင့်သာ ပြင်ရန် ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား
ဓာတ်ပုံ-အီးပီအေ
 

သြဂုတ်လ ၂၄ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပျက်စီးသွားသည့် ပုဂံဘုရားများကို အလျင်စလို မပြင်ဘဲ ယူနက်စကိုနည်းပညာ အကူအညီဖြင့် စနစ်တကျ ပြန်လည်ပြုပြင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားလိုက်သည်။

နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးဖြစ်သူ ဦးဇော်ဋ္ဌေးက သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ စေတီပုထိုး ၁၈၇ ဆူကို အလျင်စလို မပြုပြင်ရန်၊ ယူနက်စကို၏နည်းပညာ အကူအညီဖြင့်Work Plan ပြုလုပ်၍ သေချာစီမံရန် မှာကြားထားသည်” ဟု ရေးသားထားသည်။

အလားတူ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီး စသည့် သမ္မတ ဦးဆောင်သော ဝန်ကြီးလေးပါးတို့လည်း ပုဂံမြို့သို့ သွားရောက်နေကြောင်း ရေးသားထားသည်။

အလားတူ “လူမှုကယ်ဆယ်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြေငလျင်သင့်ဒေသများသို့ သွားရောက်၍ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။ အလားတူ နယ်မြေခံတပ်မတော်တပ်ရင်းများမှ လုံခြုံရေးနှင့် ရှင်းလင်းရေး လုပ်ငန်းများကို စတင်ဆောင်ရွက်လျက် ရှိသလို အုပ်ချုပ်ရေး အဖွဲ့အစည်းများကလည်း ပျက်စီးဆုံးရှုံးမှု စာရင်းကောက်ယူရေး၊ အပျက်အစီးများ ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။” ဟု ဆိုသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုသည်လည်း “ပျက်စီးဆုံးရှုံးခဲ့ရသည့် ပုဂံဒေသ ဘုရားပုထိုးစေတီများ ပြန်လည် ထိန်းသိမ်ရေးကိစ္စများကို ဆက်လက်ဆောင်ရွက်ရန်အတွက် တိုင်းဒေသကြီး တာဝန်ရှိသူများ၊ အမြဲတမ်း အတွင်းဝန်ဒေါက်တာဒေါ်နန္ဒာမွှန်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဌာနရှိ ဗိသုကာ အင်ဂျင်နီယာ အဖွဲ့များ ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိသူများ၊အသိပညာရှင် အတတ်ပညာရှင်များနှင့် အစည်းအဝေး ပြုလုပ်” နေကြောင်း ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly