ငလျင်ကြောင့်ထိခိုက်ခဲ့သော စေတီများကို လုံခြံုရေး ပတ်လည်ဝိုင်းကာကွယ်ထား

ငလျင်ကြောင့်ထိခိုက်ခဲ့သော စေတီများကို လုံခြံုရေး ပတ်လည်ဝိုင်းကာကွယ်ထား
ဓာတ်ပုံ-အီးပီအေ

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့သည့် ပုဂံ၊ ညောင်ဦးရှိ ရှေးဟောင်းစေတီပုထိုးများတွင် ရဲတပ်ဖွဲ့များနှင့် စစ်တပ်များမှ လုံခြုံရေးယူထားကြောင်း မန္တလေး ကယ်ဆယ်ရေးနှင့်   ပြန်လည်နေရာချထားရေး  ဦးစီမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဆွေကပြောသည်။

"ယဉ်ကျေးမှုနယ်မြေအတွင်းကို တပ်ကော ရဲတပ်ရင်းတွေကော အလုံးအရင်းနဲ့ ဝင်လာပြီး အကုန်လုံးကို ပတ်လည်ဝိုင်းထားပြီးပြီ။ အပျက်အစီးကလည်း ရှေးဟောင်းက ခွင့်မပြုပဲနဲ့ ရှင်းလင်းလို့ မရသေးဘူး။ အဲ့တော့ မန္တလေးမှာ ရှိတဲ့ လူမှုအဖွဲ့အစည်းတွေကလည်း ရှင်းဖို့လင်းဖို့ ရောက်လာကြပြီ။ ဒါပေမယ့် ရှေးဟောင်းက စစ်ဆေးလို့ ရှင်းလင်းလို့ ရပြီဆိုမှ စစ်ဆေးမယ်" ဟု ဦးသန်းထွဋ်ဆွေကပြောသည်။

နာမည်ကြီး ဘုရားများဖြစ်သည့် စူဌာမုဏိဘုရား ထီးလိုမင်းလိုဘုရား ရွှေဆံတော်ဘုရားများအပါအဝင် ထိခိုက်မှုရှိသည့် ဘုရားများအားလုံးလိုလို ဝင်ရောက်ခွင့် ပိတ်ပင်ထားကြောင်း သိရသည်။ ဒါအပြင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုလည်း ပုဂံသို့ရောက်ရှိနေပြီးဖြစ်ကြောင်း သိရသည်။

အင်အား ရစ်ချက်စတာစကေး ၆.၈ အဆင့်ရှိပြီး မြန်မာပြည်အလယ်ပိုင်းကို ဦးတည်လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပုဂံယဉ်ကျေးမှုနယ်မြေအပါအဝင် မန္တလေးတိုင်းဒေသကြီးအတွင်း ရှေးဟောင်းစေတီ ၂၄၁ ဆူ ထိခိုက်ခဲ့ကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့က ယနေ့ရက်စွဲ ဖြင့် သတင်းထုတ်ပြန်ထားသည်။

ငလျင်ကြောင့် မကွေးတိုင်းဒေသကြီးရှိ ရေနံချောင်းနှင့် ချောက်မြို့တွင် အများဆုံးထိခိုက်ခဲ့ပြီး မန္တလေးတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး တို့တွင် ရှေးဟောင်းစေတီဘုရား အချို့ ထိခိုက်ပျက်စီးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly